မလေးရှားတွင် မီးခိုးမြူများ သိပ်သည်းနေ၍ ကျောင်းများ ပိတ်ထားရ

မလေးရှားတွင် မီးခိုးမြူများ သိပ်သည်းနေ၍ ကျောင်းများ ပိတ်ထားရ

ကူလာလမ်ပူ၊ စက်တင်ဘာ ၁၅ ။ ။ ဆိုးဆိုးဝါးဝါး မီးခိုးမြူများ ဖြစ်ပေါ်နေခြင်းကြောင့် မလေးရှားနိုင်ငံရှိ ဆီလန်ဂေါ၊ ကူလာလမ်ပူ၊ ပူတရာဂျာရာ၊ နီဂီရီ ဆမ်ဘီလန်နှင့် မီလာကာ အရပ်များတွင် စာသင်ကျောင်းများအားလုံးအား စက်တင်ဘာ ၁၅ ရက်တွင် ပိတ်ထားရသည်။

"လေထုညစ်ညမ်းမှု အညွန်းကိန်း API က ၂၀၀ အထိ ရောက်နေပြီ။ ဆီလန်ဂေါ၊ ကူလာလမ်ပူ၊ ပူတရာဂျာရာ၊ နီဂီရီ ဆမ်ဘီလန်နှင့် မီလာကာတို့မှာ စာသင်ကျောင်းတွေကို စက်တင်ဘာ ၁၅ ရက်မှာ ပိတ်ခိုင်းထားပါတယ်။"ဟု မလေးရှား ပညာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည်။

API အညွန်းကိန်း ၂၀၀ သို့ရောက်လျှင် စာသင်ကျောင်းများကို ပိတ်ထားရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး မာဇားခါလစ်က ပြောသည်။ API သုညမှ ၅၀ ကြားသည့် ကောင်းမွန်းသည့် လေထုအရည်အသွေးဖြစ်သည်။ ၅၁ မှ ၁၀၀ ကြားက အလယ်အလတ်ဖြစ်ပြီး ၁၀၁မှ ၂၀၀ သည် ကျန်းမာရေးထိခိုက်မှုအဆင့်ဖြစ်ပြီး ၂၀၁ မှ ၃၀၀ သည် ကျန်းမာရေးကို အလွန်ထိခိုက်သည့် အဆင့်ဖြစ်ကာ ၃၀၀ အထက်ဆိုပါက ဘေးအန္တရာယ်ကျရောက်သည့် အဆင့်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် လောင်ကျွမ်းသည့် တောမီးကြောင့် မလေးရှားနှင့် စင်ကာပူတို့တွင် မီးခိုးမြူများ ပျံ့လွှင့်ဖုံးလွှမ်းစေခြင်းဖြစ်သည်။ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ဆူမတြားနှင့် ကာလီမန်တန်တို့တွင် လောင်ကျွမ်းလျက်ရှိသည့် တောမီးကို ငြိမ်းသတ်နိုင်ရေး ရဲတပ်ဖွဲ့နှင့် စစ်တပ်အား လူအင်အား ပိုမိုစေလွှတ်ရန် စက်တင်ဘာ ၁၄ ရက်က ညွန်ကြားထားသည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required