ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) က ၎င်းတို့၏ မူဝါဒ သဘောထား၊ လုပ်ငန်းစဉ်များ

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) က ၎င်းတို့၏ မူဝါဒ သဘောထား၊ လုပ်ငန်းစဉ်များ

နေပြည်တော် စက်တင်ဘာ ၁၂ ။          ။ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးလှမြင့်က ၎င်းတို့ ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို စက်တင်ဘာ ၁၂ ရက်နေ့ ညပိုင်း ကရေဒီယိုနှင့်ရုပ်မြင်သံကြာစီစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်စုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

မြန်မာနိုင်ငံရေးအင်အားစုများနှင့် ပြည်သူလူထုအပေါင်းတို့ခင်ဗျား-----။

ကျွန်တော်တို့ရဲ့ အစီရင်ခံချက်ကို-

(၁) ပဏာမအစီရင်ခံတင်ပြချက်

(၂) ပါတီသမိုင်း

(၃) ပါတီမူဝါဒလုပ်ငန်းရယ်လို့ (၃) ပိုင်း ခွဲတင်ပြသွားပါမယ်။

အပိုင်း(၁)

ပဏာမအစီရင်ခံတင်ပြချက်

ဒီကနေ့ ကာလမှာ နိုင်ငံရေးပါတီတွေ ဘယ်လောက်များပြားနေပါစေခေတ်မီဖွံ့ဖြိုးတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ပူးပေါင်းထူထောင်ကြမယ်ဆိုတဲ့ ရွေးကောက်ပွဲကတိကို မဲဆန္ဒရှင်လူထုကြီးထံ တညီတညွတ်တည်း ပေးအပ်ကြပါစို့လို့တိုက်တွန်းလိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ သမိုင်းကြောင်းကို အနည်းငယ်ပြန်ပြောဖို့ လိုပါလိမ့်မယ်။

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံဟာ အာရှမှာ စစ်ဘေးလည်းနှစ်ကြိမ်(ဂျပန်အဝင် အင်္ဂလိပ်အဆုတ်) နဲ့ (အင်္ဂလိပ်အဝင် ဂျပန်အဆုတ်)ဖြစ်ရတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ခဲ့ရပါတယ်။ စစ်ကြိုခေတ်က ကမ္ဘာမှာကမ္ဘာ့နံပါတ်တစ် ဆန်တင်ပို့နိုင်ငံအဆင့်က လျော့ကျခဲ့ရပါတယ်။ စစ်ဘေးဒဏ်ပြာပုံထဲက ကုန်းရုန်းထမယ်မကြံသေးဘူး ပြည်တွင်းစစ်မီးဆက်လက်တောက်လောင်ခဲ့ရပြန်ပါတယ်။ ဒီစစ်ဟာကမ္ဘာမှာ သက်တမ်းအရှည်ဆုံးဖြစ်ပြီး အနှစ် (၇၀) အတွင်း ရောက်ခဲ့ပါပြီ။ လူ့သက်တမ်း (၄၀) နဲ့တွက်ရင်သက်တမ်းနှစ်ဆက်နီးပါးကြာခဲ့ပါပြီ။

ဒါ့အပြင် ၁၉၆၂-၁၉၈၈ ထိ မိမိဘာသာ ကမ္ဘာနဲ့အဆက်ဖြတ် ဆိုရှယ်လစ်လမ်းစဉ်ဖြတ်သန်း ၈၈ နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊ အထွေထွေပိတ်ဆို့ခံရမှုကိုလည်း ကြုံခဲ့ပြီးပါပြီ။

အဲဒီအတိတ်ရဲ့ ဆိုးမွေအရပ်ရပ်ကို ကျွန်တော်တို့ မျိုးဆက်မှာပဲ နိဂုံးချုပ်ကြပါစို့ နောင်မျိုးဆက်သစ်တွေကို ညီညွတ်ရေးမီးရှုးတန်ဆောင်ထွန်းညှိပြီး ရှေ့ဆောင်လမ်းပြကြပါစို့လို့ ပန်ကြားပါရစေ။

အခုဆိုရင် ၁၉၈၈ အရေးတော်ပုံက နိုင်ငံရေးရေစီးကြောင်းမှာပါလာတဲ့ လူငယ်မျိုးဆက်တွေဟာလည်း နိုင်ငံရေးအကွဲအပြဲအဆိုးသံသရာကြီးထဲမှာ စတင်ပါဝင်နေရပြီဆိုတာ ဝမ်းနည်းဖွယ်တွေ့နေ ရပါတယ်။

အာဏာရှိ အာဏာမဲ့ ပါတီကြီးငယ်နဲ့ တပ်မတော် အပါအဝင်မြန်မာအမျိုးသား နိုင်ငံရေးခေါင်းဆောင်တွေကြားမှာ နိုင်ငံပြု သုခမိန် (Statesman)လို့ဆိုရမယ့် ခေါင်းဆောင်ပါရမီရှိသူတွေ အများအပြား ပါဝင်နေပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ နိုင်ငံခေတ်မီဖွံ့ဖြိုးရေးကို လူတိုင်းပါးစပ်ဖျားက ပြောနေကြပေမယ့် လက်တွေ့မှာတော့ မညီညွတ်ကြသေးပါ။

အဲဒါကြောင့် လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ ယှဉ်ပြိုင်ခြင်းသာ အဓိကဆိုတဲ့ အားကစားစိတ်ဓာတ်ဖြင့် နိုင်ငံထူထောင်ရေးလမ်းစဉ်လုပ်ငန်းစဉ်တွေကို ပြည်သူလူထုထံ အယူခံဝင်တင်ပြ ကြပြီး လူထုတွေက နှစ်သက်သဘောကျလို့ရွေးချယ်လိုက်ချိန်မှာတော့ လွှတ်တော်အတွင်းမှာ နိုင်ငံထူထောင်ရေးကို တစ်စိတ်တစ်ဝမ်းတည်း စုပေါင်းလုံ့လပြုသွားကြပါစို့လို့ ဒီနေရာကနေ အနူးအညွတ် ပန်ကြားလိုက်ရပါတယ်။

မဲဆန္ဒရှင် ပြည်သူလူထုကြီးတစ်ရပ်လုံးကလည်း မိမိတို့ထံမှောက်သို့ရောက်ရှိလာမယ့် ကိုယ်စားလှယ်လောင်းများကို ငါတို့ဟာဖြင့် ဆင်းရဲမွဲတေမှုကပ်၊ ပြည်တွင်းစစ်ကပ်၊ သဘာဝဘေးကပ်စတဲ့ ကပ်ကြီးသုံးပါးဆိုက်ရောက်နေပါပြီ၊ ဒါကြောင့် ကိုယ်စားလှယ်လောင်းများအနေနဲ့ ကောင်းအောင်လုပ်ပေးယ်ဆိုတာလည်း ပြောပါ။ ကောင်းတာတွေကိုဦးထမ်းပဲ့ထမ်းဆိုတာလို ထမ်းပိုးတည့်တည့် ထမ်းကြပါလို့ ဆုံးမသြဝါဒလည်း ပေးစေလိုပါတယ်။

တစ်ချိန်တည်းမှာ တပ်မတော်အပါအဝင် နိုင်ငံတည်ဆောက်ရေး မျက်နှာစာ အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းယန္တတရားကြီးမှာလည်း လူမှန်နေရာမှန်ကျင့်သုံးမှု (Meritocracy) ကိုထိရောက်စွာ အကောင် အထည်ဖော်ဖို့ အချိန်ကျပါပြီ။ နိုင်ငံတော်ကာကွယ်ရေး မျက်နှာစာမှာအသက်၊ သွေး၊ ချွေးရင်းပြီးဆောင်ရွက်ရတဲ့ အလုပ်တာဝန်ဟာလည်းအစားထိုးလို့မရနိုင်တဲ့ မဟာတာဝန် ကြီးတစ်ခုဖြစ်ပါတယ်။ အလားတူပဲ စီးပွားရေး၊အရပ်ဘက်အုပ်ချုပ်ရေး၊ စက်မှုနဲ့စိုက်ပျိုးမွေးမြူရေးစတဲ့ နယ်ပယ်အသီးသီးမှာလည်း မျိုးဆက်နဲ့ချီပြီး အတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေကို ထူထောင် ရတာဖြစ်လို့ မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြမှသာ  နိုင်ငံတော်ဟာအရှိန်အဟုန်နဲ့ ခေတ်မီဖွံ့ဖြိုးနိုင်ပါလိမ့်မယ်။

တစ်ဖက်မှာလည်း နိုင်ငံဆင်းရဲမွဲတေမှု၊ အုပ်ချုပ်စီမံရေးအဆင့်မမီမှုကိုအကြောင်းပြုပြီး ပေါက်ဖွားလာတဲ့ နိုင်ငံဝန်ထမ်း လောကအတွင်း၊ အကျင့်ပျြက်ခစာမှု ရောဂါဆိုးကြီး ဟာလည်း နာတာရှည်သွေးလွန်ဝေဒနာကြီး လို တည်ရှိနေပါတယ်။

တည်ဆဲအစိုးရအနေနဲ့ ဒီကပ်ရောဂါဆိုးကြီးကိုသန့်ရှင်းပြီး ထက်မြက်တဲ့အစိုး ရ (Clean Government and Good Governnance) အဖြစ် ပြောင်းလဲ         ထူထောင်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် ခရီးမပေါက်နိုင်တာကို အများသိရှိပြီးဖြစ်ပါတယ်။ ဒါကြောင့် နောင်တက်လာမယ့် အစိုးရများ၊ လွှတ်တော်အတွင်းလွှတ်တော်ပြင်ပ နိုင်ငံရေးပါတီများနဲ့ လူထုကြီးတစ်ရပ်လုံးက စုပေါင်းလုံ့လပြုတိုက်ဖျက် သွားနိုင်ဖို့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။

အပိုင်း(၂)

ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)

သမိုင်းအကျဉ်း

ကျွန်တော်တို့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)  မှာ မြန်မာနိုင်ငံခောတ်အဆက်ဆက်ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး မျိုးဆက်များနဲ့ ဖွဲ့စည်းထားပါတယ်။အမှားအမှန် နိုင်ငံရေးအတွေ့အကြုံများ ကိုဖြတ်သန်းဆည်းပူးခဲ့ဖူးသူတွေ ပါဝင်ပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ပါတီကို စတင်ထူထောင်ခဲ့တဲ့ တိုင်းရင်းသားငြိမ်းချမ်းရေးခေါင်းဆောင်ဦးကျော်မြင့်အကြောင်းကိုလည်း အလျဉ်းသင့်လို့ဖော်ပြလိုပါတယ်။

အဲဒီပုဂ္ဂိုလ်ဟာ တစ်ချိန်က ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး နိုင်ငံတကာမှာ သွားရောက်စီးပွားရေးအခြေချ အောင်မြင်နေသူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့်သူဟာမြန်မာနိုင်ငံသား အဖြစ်ခံယူထား ဆဲဖြစ်ပါတယ်။

၂၀၀၈ အရပ်ဘက်-စစ်ဘက် ပူးတွဲနိုင်ငံထူထောင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာတဲ့အခါ မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးကို ပါဝင်ဆောင်ရွက်ဖို့Missionary Sprit နဲ့ ပြည်တော်ပြန်လာ သူဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပြန်လည်ထူထာင်ရေးအတွက်  နိုင်ငံခြားမှာ ကျွမ်းကျင်သူပညာရှင်များရဲ့ အကူအညီနဲ့ စီမံချက်တွေရေးဆွဲထားသူလည်းဖြစ်ပါတယ်။

ဗမာလူမျိုးအပါအဝင် တိုင်းရင်းသားပေါင်းစုံလက်တွဲညီစွာ (Racial Hamony) ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး ရည်မှန်းချက်ရှိသူဖြစ် ပါတယ်။

နိုင်ငံခေတ်မီဖွံ့ဖြိုးရေးမှာ စီးပွားရေးဟာ အခြေခံကျတယ်လို့ ခံယူထားသူလည်းဖြစ်ပါတယ်။

အလျဉ်းသင့်လို့ သူ့ရဲ့ပါတီတည်ဆောက်ရေးမူကတော့ ပါတီဝင်တွေအခြေခံဝင်ငွေရှိဖို့ စီးပွားရေးလုပ်ကိုင်နေသူ ဖြစ်ဖို့လိုကြောင်း၊ သို့မှသာအကျင့်ပျက်ခြစားမှုကင်းစွာနဲ့ အများအကျိုးလုပ်နိုင် မယ်ဖြစ်ကြောင်း၊ အဲဒါကြောင့် ပါတီဝင်တွေစီးပွားရေးတိုးချဲ့လုပ်ချင်ရင် စီးပွားရေးကော်မတီကိုတင်ပြပါ။ ကော်မတီက သဘောတူရင် အစုရှယ်ယာထည့်ဝင်ပေးမယ်၊ ပေါ်လာတဲ့ အကျိုးအမြတ်ကို ကနဦးထူထောင်သူ၊ အစုထည့်ဝင်သူနဲ့ ပါတီရန်ပုံငွေရယ်လို့ မိမိတို့စိုက်ထုတ်မှု အချိုးအစားအတိုင်းခွဲဝေကြမယ်လို့ သတ်မှတ် ထားပါတယ်။

ပါတီအခြေစိုက်ရာ မြို့နယ်များက စီးပွားရေးလုပ်ငန်းရှင်များကိုလည်း အကျိုးတူစီပွားရေးတိုးချဲ့လုပ်ကိုင်ဖို့ ဖိတ်ခေါ်သွားမှာဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးပါက မြို့နယ်တွေတည် ငြိမ်အေးချမ်းတိုးတက် လာမှာဖြစ် ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပွင့်လင်းလာမှာဖြစ်ပါတယ်လို့ အစီရင်ခံတင်ပြလိုပါတယ်။

အပိုင်း(၃)

ပါတီမူဝါဒလုပ်ငန်းစဉ်များ

အခြေခံမူဝါဒ(၆)ရပ်

၁ ။ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး။

၂ ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရေးနှင့်ငြိမ်းချမ်းရေး။

၃ ။ ဒီမိုကရေစီထွန်းကားရေး။အထက်ပါမူ (၃)ရပ်အောင်မြင်စေဖို့ရာ

၄ ။ မြန်မာပြည်သူလူထုတစ်ရပ်လုံးစားဝတ်နေရေးနှင့် လူနေမှုဘ၀ မြှင့်တင်ရေး။

၅ ။ ဆင်းရဲမွဲတေမှုပပျောက်စေပြီးဆင်းရဲသားအားလုံး အခြေခံစားဝတ်နေရေး အလုပ်အကိုင်ရရှိရေးနဲ့ အခြေခံဝင်ငွေ ရရှိရေး။

၆ ။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုရရှိရေးအစရှိတဲ့ အခြေခံမူဝါဒ(၃)ရပ်နဲ့ပေါင်းစပ်အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။

အသေးစား၊ အလတ်စားနှင့်အကြီးစား ပြည်တွင်း ပုဂ္ဂလိကစက်မှုလုပ်ငန်းများတွင် နိုင်ငံခြားရောင်းကုန်တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့အနေအထားရောက်အောင် စီမံချက်ချကူညီသွားပါမယ်။  အလားတူပဲ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကိုလည်း နိုင်ငံခြားဈေးကွက်လိုအပ်ချက်နှင့်အညီ တိုးမြှင့်တင်ပို့နိုင်အောင် ဝန်ကြီးဌာနတွေမှာ ဈေးကွက်ရှာဖွေရေး၊ အရောင်းမြှင့်တင်ရေး သုတေသနဌာနတွေ ဖွင့်လှစ်အားပေးသွားပါမယ်။

စက်မှု/စိုက်ပျိုး/မွေးမြူရေး နယ်ပယ် (၃)ရပ်ကို တန်ဖိုးမြှင့်ပေးသလိုနိုင်ငံတော်သို့ထမ်းဆောင်ရမည့် အခွန်တွေကိုလည်း စနစ်တကျကာလ တန်ဖိုးနှင့်အညီ စည်းကြပ်သွားဖို့လိုပါတယ်။ အဲဒီလိုဆောင်ရွက်နိုင်မှသာနိုင်ငံဘတ်ဂျက်လိုငွေပြနေမှုတွေကို ပိတ်ဆို့ နိုင်မှာဖြစ်ပြီး လိုငွေပြဘတ်ဂျက်မှ ပိုငွေပြဘတ်ဂျက်ဖြစ်လာပါလိမ့်မယ်။ တစ်ဖက်မှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုပွင့်လင်းလာပြီး ပြည်ပကိုအလုပ်ရှာထွက်ရတဲ့ဒုက္ခတွေ လျော့နည်းလာပါလိမ့်မယ်။

မြို့နယ်စည်ပင်ဌာနတွေမှာ ကျင့်သုံးနေတဲ့ (ဝက်၊ အမဲ) ဈေးပြိုင်လေလံစနစ်ဟာ စားသုံးသူတွေအပေါ်အသားဈေးနှုန်းကြီးမြင့်မှု ဝန်ဒဏ်ဖြစ်စေပါတယ်။ အဲဒါကြောင့် ဈေးပြိုင်လေလံစနစ်ကို ဖျက်သိမ်းလိုက် မည်ဆိုလျှင် လက်ရှိအသားဈေးနှုန်း ထက်ဝက်ကျဆင်းမည်ဖြစ်ပြီး လူထုတွင်အသားစားသုံးနိုင်မှုမြင့်တက်လာကာ ကျန်းမာရေး ခန္ဓာကိုယ် သန်စွမ်းမှုနှင့်ဉာဏ်ရည်ပါမြင့်တက်လာပါမယ်။

တစ်ဖက်တွင်အသားစားနှုန်းမြင့်တက်လာသည့်အတွက် အသားစား (နွား၊ ဝက်၊ ဆိတ်) မွေးမြူရေးလုပ်ငန်းတွေ ကျယ်ပြန့်လာပါလိမ့်မယ်။ လူထုတွေဝင်ငွေတိုးလာနိုင်ပါလိမ့်မယ်။ တည်ဆဲစည်ပင်သာယာ အထောက်အကူပြု လူထုကိုယ်စားလှယ်များ ဖွဲ့စည်း တဲ့စနစ်တွင် ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ ကရွေးချယ်ခြင်း(Selection)နည်းလမ်းကို လုံးဝဖျက်သိမ်းပြီး ရွေးကောက်တင်မြှောက်တဲ့စနစ်(Election) အစား ထိုးသွားရေး၊ မြို့နယ်ပညာရေး၊ ကျန်းမာရေး ကော်မတီများကိုလည်း ရွေးကောက်တင်မြှောက်သည့်စနစ်ဖြင့် ရွေးချယ်သွားရေး ဥပဒေများ ပြဋ္ဌာန်းရပါမယ်။

ကျွန်တော်တို့ပါတီက ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းများဟာမိမိမဲဆန္ဒနယ်တွင် လူထုတွေရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊အုပ်ချုပ်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များ ရဲ့ဆောင်ရွက် ချက်စတာတွေအပေါ် လူထုသဘောထားစစ်တမ်း(Public Opinions Survey) ကောက်ယူမှုတွေလုပ်ရပါတယ်။ ရရှိလာတဲ့ အချက်အလက် (Problems) တွေကို ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့အဖြေကိုပါ (Solutions) ပူးတွဲစဉ်းစားရပါတယ်။

အချုပ်အားဖြင့်တင်ပြရလျှင် ရွေးကောက်ပွဲဝင်ကြမယ့်နိုင်ငံရေးပါတီများဟာ ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဓွန့်ရှည် ခေတ်မီတိုးတက်ရေးအတွက် စုပေါင်းလုံ့လပြုသွားကြရေးနဲ့ အဲဒီလို ထူထောင်ကြရာမှာ ကျွန်တော်တို့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) တွင် စွမ်းဆောင်ရည်ရှိသည့် စီးပွားရေး၊ နိုင်ငံရေးကေဒါတွေရှိနေတာဖြစ်လို့ မဲဆန္ဒရှင်ပြည်သူများအနေနှင့် နှင်းဆီအမှတ် တံဆိပ်နှင့်ရွေးကောက်ပွဲဝင်မယ့် ကျွန်တော်တို့ပါတီကိုနိုင်ငံ ရဲ့ရေတို၊ ရေရှည်အရေး မျှော်တွေးပြီးမဲပေး၊ရွေးချယ်ပေးဖို့ အနှုးအညွတ်ပန်ကြား လိုက်ပါရစေခင်ဗျာ။

ညီညွတ်သောဒီမိုကရက်တက်ပါတီ(UDP)

 ၁။  ပါတီအမည်  -  ညီညွတ်သောဒီမိုကရက်တက်ပါတီ(UDP)
 ၂။  ပါတီအမည်(English)  -  United Democratic Party (UDP)
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၃.၅.၂၀၁၀
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၇ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးဘိုမောင်း(နုတ်ထွက်)၊ဦးလှမြင့်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၆.၅.၂၀၁၀
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၇.၅.၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၆.၅-၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၁၆)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးလှမြင့် ၊ ဦးမျိုးညွန့်(တွဲ-တွင်း/မှူး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  

 ၃၄၁၊ဆုတောင်းပြည့်ဘုရားလမ်း၊ ဈေးရပ်ကွက်၊ သရက်မြို့၊ မကွေးတိုင်းဒေသကြီး

 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  

 ၀၉-၄၀၁၅၇၈၀၅၇(ဥက္ကဌ) ၀၇၁-၅၅၀၇၅၊ ၀၆၈-၂၁၃၉၈၊

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly