ရခိုင်တွင် ပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ မဲဆွယ်စည်းရုံး စတင်

ရခိုင်တွင် ပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ မဲဆွယ်စည်းရုံး စတင်

ရခိုင်ပြည်နယ်တွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ပြိုင်မည့် ပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များမှာ ယခုရက်ပိုင်းအတွင်းကနေ စပြီး မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို စတင် လှုပ်ရှားနေပြီ ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်က အင်အားကြီး ပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP) မှာ စစ်တွေ မြို့ရှိ ပါတီ၏ ဗဟိုရုံးချုပ်တွင် “ ရခိုင်ပြည် အေးချမ်းသာယာဖို့ ရခိုင်အမျိုးသားပါတီကို မဲပေးကြပါစို့၊ ငါတို့ပြည်ကို ငါတို့လက်တွေနဲ့ ဝိုင်းဝန်းအလှဆင်ကြမယ်” မဲဆွယ်စည်းရုံး ဆိုင်းဘုတ်ကြီးကို တပ်ဆင် ထားကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီ၏ ဗဟိုကော်မတီဝင် ဦးဦးလှစောက “ကျွန်တော်တို့ပါတီရဲ့ ရည်ရွယ်ချက် ၃ ရပ်ပေါ့။ ပါတီရဲ့ ရည်ရွယ်ချက် ၃ ရပ်ကတော့ ပါတီတစ်ခုလုံးနဲ့ ပတ်သက်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရေး၊ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုအားလုံးပါ ရခိုင်ပြည်မှာ နေထိုင်တဲ့ တခြားတိုင်းရင်းသားတွေ အားလုံးရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေး၊ နောက် ဒီမိုကရေစီ ထွန်းကားရေးဆိုတဲ့ ရည်ရွယ်ချက်တွေ ပါတီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အဓိက မူဝါဒ သုံးခုပေါ့” ဟု ရွေးကောက်ပွဲ အောင်နိုင်ရေး မူဝါဒကို ပြောကြားသည်။

အလားတူ အင်အားကြီးပါတီ တစ်ခုဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ လည်း ကျေးရွာများတွင် ဗီနိုင်းထောင်ခြင်း၊ လက်ကမ်းစာစောင်များကို မကြာမီရက်အတွင်းမှ စတင် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အတွင်းရေးမှူး ဒေါက်တာ စန်းရွှေက ပြောကြားသည်။

ရွေးကောက်ပွဲအောင်နိုင်ရေး မူဝါဒများကိုလည်း သူက “မူဝါဒကတော့ ကျွန်တော်တို့မှာ နဂိုက တည်းက ပါတီဖွဲ့စည်းပုံမှာ ပါတဲ့မူဝါဒတွေက တော်တော်များများပါ။ တောင်သူလယ်သမားရေးရာ၊ စက်မှုလယ်ယာ အလုပ်သမားရေးရာ၊ ပညာရေးကဏ္ဍ၊ တိုင်းရင်းသား လူမှုရေးကဏ္ဍ မူဝါဒတွေက တော့ များပါတယ်။ ကျနော်တို့ ပြောမယ်ဆိုရင် သိပ်များနေပါမယ်။

လွှတ်တော်ကိုယ်စားလှယ် လောင်းတွေကိုတော့ ကျနော်တို့ ခန့်မှန်းချက်ကတော့ အရင်ကထက်တော့ နည်းနည်း ပိုကောင်း လာလိမ့်မယ်လို့တော့ ခန့်မှန်းထားပါတယ်။ ၂၀၁၀ ထက်ပေါ့နော်”  ဟု ပြောသည်။

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များမှာလည်း သက်ဆိုင် ကိုယ့်မဲဆန္ဒနယ်များတွင် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ဗီနိုင်းများ ထောင်ခြင်း၊ ကျေးရွာများသို့ ဟောပြောပွဲများ ပြုလုပ်ခြင်းများ စတင်ဆောင်ရွက်နေပြီး ဖြစ်ကြောင်း စစ်တွေမြို့နယ်က အမျိုးသားလွှတ်တော်သို့ ဝင်ပြိုင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဝင်းမောင်(ခ) ဦးဝင်းမောက်က ပြောကြားသည်။

ရခိုင်တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားသော ပါတီသစ် ရခိုင်မျိုးချစ်ပါတီ(APP) မှာလည်း သူတို့ဝင်ပြိုင်မည့် မြို့နယ်များဖြစ်သော ပေါက်တော၊ ကျောက်တော်၊ မာန်အောင်၊ မြေပုံနဲ့ မြောက်ဦးတို့ တွင် ဝင်ပြိုင်မည့် လွှတ်တော်စားလှယ်များ ဗီနိုင်းထောင်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ နှင့် မဲဆွယ်စည်းရုံးရေး စလုပ်နေပြီ ဖြစ်ကြောင်း APP ပါတီ၏ ဒုခေါင်းဆောင် ဦးဇော်ဝင်းထွန်းက ပြော ကြားသည်။

“ကျွန်တော်တို့ရဲ့ ပါတီရဲ့ မူဝါဒကတော့ လူမျိုးကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ထွန်းကားရေး ပေါ့နော်။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ ဒေသအားလုံးရဲ့ ချွတ်ခြုံကျနေတဲ့ ကဏ္ဍအသီးသီး ကိုပြည်သူလူထုနဲ့ ပူးပေါင်း ဆောင်ရွက်ရေး။ နောက်တစ်ချက်က ဒီမိုကရေစီ ထွန်းကားရေးပေါ့နော်။ အဲဒီအထဲမှာ ကျွန်တော်တို့ပါတီရဲ့ မူဝါဒနဲ့ပေါ့၊ လွှတ်တော်ကို အခြေခံတဲ့ လွှတ်တော်ကိုယ်စားလှယ် ဆိုတဲ့အထဲမှာ မြို့နယ်၊ ကျေးရွာ၊ ဒေသအသီးသီးက တောင်းဆိုလာလို့ ရှိရင် ညှိနှိုင်းတိုင်ပင်ပြီးတော့ အရွေးချယ်ခံဖို့ အစီအစဉ်ရှိတဲ့အထဲက ကျနော်တို့ ရခိုင်မျိုးချစ်ပါတီ အနေနဲ့ ၆ မြို့နယ်မှာ ၁၆ ခြောက်ယောက် ကျွန်တော်တို့ အရွေးချယ်ခံဖို့ ရှိပါတယ်” ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required