အနိုင်ရရှိဖို့ ကျော်လွှားရမည့်ပါတီမှာ အင်န်အယ်လ်ဒီဖြစ် ဟု ဦးဝေလွင်ဆို

အနိုင်ရရှိဖို့ ကျော်လွှားရမည့်ပါတီမှာ အင်န်အယ်လ်ဒီဖြစ် ဟု ဦးဝေလွင်ဆို

ယခုနှစ် ကျင်းပမည့်ရွေးကောက်ပွဲအခြေအနေသည် အမျိုးဒီသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ၁၉၉၀ ပြည့်နှစ်ပုံစံကဲ့သို့ မဖြစ်နိုင်ကြောင်းနှင့် ပြည်ခိုင်ဖြိုးပါတီသည်လည်း ၂၀၁၀ ပြည့်နှစ်ပုံစံကဲ့သို့ မဖြစ်နိုင် ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးဝေလွင်က ပြောကြားသည်။

“ ဘယ်လိုဖြစ်လာမယ်ဆိုတာလည်း ကိန်းသေကိန်းမတော့ မပြောတတ်ဘူး။ သို့သော် ဖြစ် လာနိုင်တာကတော့၂၀၁၀ လိုလည်း မဖြစ်နိုင်ဘူး။ ၁၉၉၀ လိုလည်း မဖြစ်နိုင်ဘူးလို့ ကိုယ်မြင်တယ်။

မြင်တဲ့အတွက် ဖြစ်လာတဲ့အခြေအနေပေါ်မှာ ကိုယ်တို့ပါတီအနေနဲ့တော့ သဘောထားပြည့်ဝတဲ့ မူဝါဒပါပဲ။ အကျိုးရှိမယ်ဆိုရင် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ပဲ ကိုယ့်အနေနဲ့ ဖြေချင်တယ်” ဟု စက်တင်ဘာလ ၁၃ ရက်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောခြင်း ဖြစ်သည်။

ရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီသည် ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယင်းသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုပြိုကွဲသွားမည့် ပြောင်းလဲမှုမျိုး၊ မြန်မာနိုင်ငံ၏ နယ်နိမိတ်ပြောင်းလဲသွားစေမည့် ကိစ္စမျိုးနှင့် ဘာသာ သာသနာပြောင်းသွားမည့် ကိစ္စမျိုးကို လက်ခံ၍ မရကြောင်း ဦးဝေလွင်က ပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနေရာအတွက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးဝေလွင်သည် ပုဗ္ဗသီရိမြို့နယ်၌ ဝင်ရောက်အရွေးခံခြင်းသည် နေပြည်တော် စတင်တည်ထောင်စဉ်ကပင် ပါဝင် ခဲ့ခြင်း၊ အခြားပုဂ္ဂိုလ်များထက် နယ်မြေအကျိုးစီးပွား ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ခြင်းနှင့် အခြေချနေ ထိုင်သည့်မြို့နယ်အတွင်း ဒေသအကျိုးစီးပွားကို နီးနီးနားနား ဆောင်ရွက်ပေးနိုင်မည်ဖြစ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောသည်။

အဆိုပါမြို့နယ်တွင် ဦးဝေလွင် သည် ပြည်သူ့လွှတ်တော်နေရာအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးရည်မွန်(ခ) မောင်တင်သစ်၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးမြင့်လွင်သန်းတို့နှင့် ယှဉ်ပြိုင် ရမည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိဖို့အတွက် ကျော်လွှားရမည့်ပါတီသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဖြစ်ကြောင်းနှင့် အကြောင်းရင်းမှာ အဆိုပါတီသည် အမျိုးသားသူရဲကောင်း ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ၏ပုံရိပ်နှင့် ဒေါ်အောင်ဆန်းစုကြည်စွမ်းရည်များ ရှိပြီး ပြိုင်ဘက်က မစွမ်းသည့်တိုင် နောက်တွင် ရှိနေသည့် ပုံရိပ်များက ထင်ပေါ်ကျော်စောခြင်းကြောင့် ဖြစ်ကြောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly