ပြုပြင်ပြောင်းလဲ တိုးတက်ဖို့ ဦးအောင်သိန်းလင်းကို မဲပေးစို့ ဆောင်ပုဒ်ဖြင့် မဲဆွယ်မည်

ပြုပြင်ပြောင်းလဲ တိုးတက်ဖို့ ဦးအောင်သိန်းလင်းကို မဲပေးစို့ ဆောင်ပုဒ်ဖြင့် မဲဆွယ်မည်
ကြံ့ခိုင်ရေးပါတီက ဦးစီးကျင်းပသော တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ် ဖိုရမ်သို့ ရောက်ရှိလာသော တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကိုတွေ့ရ စဉ်။ ဓာတ်ပုံ ဘိုဘို၊ မဇ္စျိမ)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ။          ။ " ပြုပြင်ပြောင်းလဲ တိုးတက်ဖို့ ဦးအောင်သိန်းလင်းကို မဲပေးစို့" ဆောင်ပုဒ်ဖြင့် ၎င်း၏ မဲဆန္ဒနယ်မြေအတွင်း မဲဆွယ် စည်းရုံးမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်း က စက်တင်ဘာ ၁၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

"ရှေ့အပတ် စနေနဲ့ တနင်္ဂနွေမှာ တောင်ဥက္ကလာက တစ်လမ်းချင်းစီကို ကားနဲ့ပတ်ပြီး မဲဆွယ်စည်းရုံးမှု လုပ်မယ်။ ပြုပြင်ပြောင်းလဲဖို့ ဦးအောင်သိန်းလင်းကို မဲပေးစို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ပါ" ဟု ၎င်းက ဆိုသည်။

ဦးအောင်သိန်းလင်းက ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုအဖြစ်၊ တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ပြီး မဲဆွယ် စည်းရုံးရေးကို စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တွင် စတင် ပြုလုပ်မည်ဟု ပြောဆိုခြင်းလည်း ဖြစ်သည်။

တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ဦးအောင်သိန်းလင်း (ပြည်ခိုင်ဖြိုး) အပါအဝင် ဒေါက်တာစောနိုင်(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဒေါ်ခင်အိအိစိန် (အမျိုးသား တိုးတက်ရေးပါတီ)၊ ဒေါက်တာ မင်းအောင်(အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ)၊ ဦးကျော်ဌေး (မြန်မာအမျိုးသား ကွန်ဂရက်ပါတီ) တို့က အသီးသီး ယှဉ်ပြိုင်ကြမည်။

ဦးအောင်သိန်းလင်းသည် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်သူတစ်ဦးဖြစ်ပြီး ပြည်ခိုင်ဖြိုး တွင် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်က ပါတီတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ပြုလုပ်ရာ၌  ယခင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဆင့်မှ ဗဟိုကော်မတီဝင်အဆင့်သို့ ပြောင်းလဲ သတ်မှတ် ခံထားရသူလည်း ဖြစ်သည်။

၎င်းသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေလက်ထက်က ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့သည့် အငြိမ်းစားဗိုလ်မှူးချုပ် တစ်ဦး လည်း ဖြစ်သည်။ ယင်းနောက်  ပြည်ခိုင်ဖြိုးပါတီက တစ်နိုင်ငံလုံး အတိုင်းအတာမှ အမတ်နေရာ ၇၆ နေရာ အနိုင်ရရှိခဲ့သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော် အမတ်ဖြစ်လာသူလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required