တအောင်း(ပလောင်) အမျိုးသားပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊၊ လုပ်ငန်းစဉ်စသည်တို့ကို ဟောပြောတင်ပြ

တအောင်း(ပလောင်) အမျိုးသားပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊၊ လုပ်ငန်းစဉ်စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ  ၁၁ ။        ။ တအောင်း(ပလောင်) အမျိုးသားပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး-၁ ဦးမိုင်းအုဏ်းခိုင်နှင့် ပါတီဗဟိုကော်မတီဝင် ဦးလှဖေတို့က၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို စက်တင်ဘာ ၁၁ ရက်ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံာကားအစီစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူအပေါင်းတို့ခင်ဗျား-

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပါစေလို့နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။ကျွန်တော်ကတော့ တအာင်း(ပလောင်)အမျိုးသားပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး-၁ ဦးမိုင်းအုဏ်းခိုင် ဖြစ်ပါတယ်။ ပါတီရဲ့မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များကို တင်ပြခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါတယ်။

ဦးစွာ တအာင်း (ပလောင်) အမျိုးသားပါတီကို မိတ်ဆက်တင်ပြလိုပါတယ်။ကျွန်တော်တို့တအောင်း(ပလောင်)အမျိုးသားပါတီကို ၂၀၁၀ ခုနှစ် မေလ ၂၄ရက်နေ့ မှတ်ပုံတင်အမှတ်(၁၂)ဖြင့် ဖွဲ့စည်း ထူထောင်ခွင့်ရရှိခဲ့ပြီး ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းလုံးမည့်ပါတီတစ်ခုဖြစ်ပါတယ်။ ပါတီရဲ့ အခြေခံမြို့နယ်များအဖြစ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်မြို့နယ်၊မန်တုံမြို့နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ-လားရှိုးမြို့နယ်၊ ကျောက်မဲမြို့နယ်၊နမ္မတူမြို့ှုနယ်၊ သီပေါမြို့နယ်၊ မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မိုင်းကိုင်မြို့နယ်၊မိုးမိတ်မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ နမ့်စန်မြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ကလောမြို့နယ်၊ မန္တလေးတိုင်းမှာ မန္တလေးခရိုင်နဲ့ မိုးကုတ်မြို့နယ်၊ ရန်ကုန်တိုင်းမှာ ရန်ကုန်မြို့တို့ဖြစ်ပါတယ်။

ပလောင်တိုင်းရင်းသားများ စုစည်းနေထိုင်လျက်ရှိတဲ့ ရှမ်းပြည်နယ်မှာမိုင်ရှူးမြို့နယ်၊ တန့်ယန်းမြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ ကချင်ပြည်နယ်မှာ ဖာ့ကန့်မြို့နယ်တို့မှာလည်း ထပ်မံတိုးချဲ့ပြီး စည်းရုံးဖွဲ့စည်း သွားဖို့ စီစဉ်လျာထားပါတယ်။

ပြည်ထောင်စုဖွားတိုင်းရင်းသား မိဘပြည်သူအပေါင်းတို့ခင်ဗျား-

ကျွန်တော်တို့ပလောင်တိုင်းရင်းသားများဟာ မွန်ခမာအုပ်စုဝင်ဖြစ်ကြပြီးမွန်၊ ဝ၊ ပလောင်လူမျိုးတို့အလွန်နီးစပ်ကြတဲ့ သွေးချင်းသားရင်းများဖြစ်ကြပါတယ်။  မြန်မာနိုင်ငံအတွင်း ဦးစွာဝင်ရောက် အခြေချနေ ထိုင်လာခဲ့ကြတဲ့လူမျိုးဖြစ်ပါတယ်။ ပလောင်လူမျိုးတို့ဟာ ရှေးအစဉ်အဆက်ကတည်းကပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသားအပေါင်းတို့နဲ့ အေးအတူပူအမျှအေးချမ်းစွာ အတူယှဉ်တွဲနေထိုင် လာခဲ့ကြ ပါတယ်။

ကျွန်တော်တို့ပလောင်လူမျိုးများတို့ဟာ မွန်ခမာအုပ်စုဝင်အဖြစ် အာရှတိုက်အလယ်ကုန်းမြင့်၊ မြေပြန့်များမှာ အခြေချနေထိုင်ကြရာမှ တောင်ဘက်သို့ တရွေ့ရွေ့ဆင်းသက်လာကြပြီး မြန်မာနိုင်ငံအတွင်း သို့ ဝင်ရောက်အခြေချနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုများအနက် မွန်၊ ဝ၊ ပလောင်လူမျိုးတို့က ရှေ့ဦးဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့ မွန်၊ဝ၊ ပလောင်လူမျိုးတို့ဟာ အာရှတိုက်အလယ်ပိုင်း တရုတ်ပြည် အနောက်ပိုင်းကုန်းမြင့်ဒေသများမှ တောင်ဘက်သို့ ဆင်းသက်လာကြပြီးလျှင် မဲနန်မြစ်ဝ၊ မဲခေါင်မြစ်ဝအရပ်ဒေသတို့တွင်လည်းကောင်း၊မွန်နှင့်ပလောင်တို့က ဧရာဝတီမြစ်ဝ၊ သံလွင်မြစ်ဝ၊ စစ်တောင်းမြစ် ဝအရပ်ဒေသများတွင်လည်းကောင်း၊ မြို့ရွာများတည်ထောင်ကာ အခြေချနေထိုင်ခဲ့ကြပါတယ်။ ပုဂံခောတ်မြန်မာနိုင်ငံတော်ကို ပျူ၊ မွန်၊ ပလောင်၊ ကရင်၊ ၊တောင်သူ၊ သက်၊ ကဒူး၊ ချင်း၊ ရခိုင်၊ မြန်မာ၊ ရှမ်းတို့ ပါဝင်ထူထောင်ကြောင်းမြန်မာ့သမိုင်းမှာအထင်ရှားဖော်ပြပါရှိပါတယ်။ " ပလောင် "  ဟူသော အမည် နာမမှာမြန်မာအခေါ်အဝေါ်ဖြစ်ပါတယ်၊ရှေးကျောက်စာများမှာ  "ပေါင်လောင်"၊'ပေါက်လောင် '  ဟူ၍ ရေးထိုးဖော်ပြပါရှိပါတယ်။ ပလောင်လူမျိုးအားလုံးတို့ကမိမိကိုယ် ကိုယ်တိုင် တအာင်း(Ta. arng)ဟူ၍ ခေါ်ဆိုကြပါတယ်။

တအာင်း(ခေါ်)ပလောင်လူမျိုးနွယ်များကို ပလောင်၊ ပလေး၊ ပလန်၊ အဲန်း၊ ရီအန်း၊လွယ်၊ တိုင်းလွယ်၊ ယင်းနက်ဟူ၍လည်း ဒေသအလိုက် သုံးနှုန်းခေါ်ဝေါ်ကြပါတယ။် ၎င်းတို့ အားလုံးသည်ပလောင်မျိုးနွယ်စု များဖြစ်ကြသလိုမိမိကိုယ်ကိုယ်တိုင် တအာင်း (Ta.arng) ဟူ၍သာ ခေါ်ဝေါ်ကြပါတယ်။ ပလောင်လူမျိုးတို့ဟာ ''အဖေနေမင်း၊ အမိ နဂါး''မှ ဆင်းသက်ပေါက်ဖွား လာကြတဲ့ နေ-နဂါးမျိုးနွယ် လို့ယုံကြည်ကြ ပါတယ်။

ကျွန်တော်တို့ ပလောင်လူမျိုးများတို့ဟာ လက်ဖက်ကို အဓိကစိုက်ပျိုးလုပ်ကိုင်အသက်မွေးဝမ်းကျောင်းကြတာကြောင့် ''ပလောင်နဲ့လက်ဖက်"ယှဉ်တွဲပြီး သိမှတ်ကြလျှက်ရှိပါတယ်။ ဒါ့ကြောင့် "လက်ဖက်ကောင်းစားချင်ပလောင်တောင်တက်နေ''လို့ ဆိုရိုးစကားပင်ရှိပါတယ်။ တကယ်လက်ဖက်ကောင်းစားချင်တယ်ဆိုရင် ပလောင်တောင်တက်နေမှသာ တကယ့်လက်ဖက်ကောင်းစား ရမယ်လို့ဆိုထားတဲ့စကားဖြစ်ပါတယ်။ဒါ့ကြောင့် ကျွန်တော်တို့တအာင်း(ပလောင်) အမျိုးသားပါတီရဲ့မှတ်တံဆိပ်ကို(လက်ဖက်ညွန့်)သင်္ကေတ အဖြစ် ဖော်ပြခြင်းဖြစ်ပါတယ်။ ပလောင်လူမျိုးတို့က မိမိတို့ကိုယ်ကို ''အဖနေမင်း၊ အမိနဂါး''မှ ပေါက်ဖွားဆင်းသက်လာကြပြီး 'နေ-နဂါး'မျိုးနွယ်လို့ယုံကြည်ထားကြတာကြောင့်လည်း ပါတီရဲ့အလံကို "မိုးကောင်းကင်ပြာနောက်ခံနဲ့ အလယ်မှာနေဝန်းနီ" ထားပြီး အဖနေမင်းကို ဂုဏ်ပြုဂုဏ်ဆောင်ထားခြင်းဖြစ်ပါတယ်။

၂၀၁၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်တစ်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လေးဦး ဝင်ရောက် အရွေးခံရပါတယ်။ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းနိုင်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင် ရွက်နိုင်သလို ဒေသခံတိုင်းရင်းသား မိဘပြည်သူများတို့ရဲ့ လိုအပ်ချက်များကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ယခုလာမယ့် ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာလည်း တအောင်း(ပလောင်) အမျိုးသားပါတီက ရှမ်းပြည်နယ်မှာ နမ့်ဆန် မြို့နယ်၊မန်တုံမြို့နယ်၊ ကျောက်မဲမြို့နယ်၊နမ္မတူမြို့နယ်၊မူဆယ်မြို့နယ်၊ နမ့်ခမ်း မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့မှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမှာဖြစ်ပါတယ်။၎င်း ရှစ်မြို့နယ်မှာ ပြည်ထောင်စု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း လေးဦး ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅ ဦး စုစုပေါင်း ၂၇ ဦး ဝင်ရောက် အရွေးခံကြမှာဖြစ်ကြောင်း သတင်းကောင်းပါးရင်း မိဘပြည်သူအပေါင်း တို့ကို တင်ပြအပ်ပါတယ်။

တအောင်း(ပလောင်) အမျိုးသားပါတီကတော့ တိုင်းရင်းသားမိဘပြည်သူ အပေါင်းတို့ရဲ့ လူမှုစီးပွားရေးဘ၀ အစဉ်တိုးတက်မှုရေရှည်တည်တံရေးနှင့် အမွေခံကောင်းများကို သားစဉ်မြေးဆက် လက်ဆင့် ကမ်းပေးသွားနိုင်အောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရာမှာ ပြည်သူ့အုပ်ချုပ်ရေးစနစ်အဖြစ် ချမှတ်ထားတာဖြစ် လို့ ပြည်သူလူထုအပေါင်းတို့ရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဟာ အင်တန်အရေးပါပါကြောင်း ယုံကြည် ခံယူထားပါတယ်။ မိဘပြည်သူများက မိမိသဘောကျနှစ်သက်ယုံကြည်တဲ့ပါတီ အဖွဲ့အစည်း၊ ပုဂ္ဂိုလ် များရဲ့ မူဝါဒသဘောထား၊လုပ်ငန်းစဉ်များအပေါ် လေ့လာဆန်းစစ်သုံးသပ်ပြီးတော့ လွတ်လွတ်လပ်လပ် မဲပေးရွေးချယ်ခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါလို့ လှုံဆော်တိုက်တွန်းတင်ပြအပ်ပါတယ်။

တအောင်း(ပလောင်) အမျိုးသားပါတီရဲ့ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များတို့ကို သိရှိနိုင်ကြပါစေဖို့ရာ ပါတီဗဟိုကော်မတီဝင် ဦးလှဖေ က ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ-။

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား-

ကျွန်တော်ကတော့ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ပါတီဗဟိုကော်မတီဝင် ဦးလှဖေဖြစ်ပါတယ်။ ယခုလို အခါသမယမှာ တအောင်း(ပလောင်) အမျိုးသားပါတီရဲ့မူဝါဒသဘောထား၊ လုပ်ငန်းစဉ်များကို တင်ပြခွင့်ရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်လှပါတယ်။ မိဘပြည်သူအပေါင်းတို့ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း နှစ်ဖြာသောမင်္ဂူလာအပေါင်းပြည့်စုံ ပါစေကြောင်း ဆုမွန်ကောင်းတောင်း ရင်း နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။

မိဘပြည်သူအပေါင်းတို့ခင်ဗျား-

တအာင်း(ပလောင်)အမျိုးသားပါတီရဲ့ယုံကြည်ချက်က လွတ်လပ်ခြင်း၊တရားမျှတခြင်း၊ကိုယ်ချင်းစာကရုဏာတရားထားရှိခြင်း၊ အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာနှင့် တိုင်းချစ်ပြည်ချစ်စိတ်ဓာတ် ထွန်းကားရေးကိုအခြေခံသော အမျိုးသားဝါဒကို ယုံကြည်ခံယူထားပါတယ်။ တိုင်းရင်းသားသွေးစည်းညီညွတ်ရေး၊ တိုင်းရင်းသားများအခွင့်အရေး၊ကိုယ်တိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်တိုင်ဖန်တီး ခွင့်နဲ့ စစ်မှန်သောငြိမ်းချမ်းရေးတို့ကိုအာမခံတဲ့ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရည်မှန်းချက်ထားရှိပါတယ်။တအာင်း(ပလောင်)အမျိုးသားပါတီရဲ့ လုပ်ငန်းစဉ်များကို အလေးထား တင်ပြလိုပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ပါဝင်ဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်ထောင်စုကြီး ဖြစ်ပါတယ်ဒါ့ကြောင့် တည်တံ့ခိုင်မြဲသော သွေးစည်းညီညွတ်မှုကို အာမခံနိုင်တဲ့ စစ်မှန်သော ပြည်ထောင်စုကြီးဖြစ်ပေါ်ရေး၊ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေး၊ တန်းတူညီမျှမှု၊ အခွင့်အရေးအပြည့်အဝရရှိမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်ရေးကို ကြိုးပမ်းဆောင်ရွက် မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံတော်ကြီးရဲ့ နိုင်ငံရေးဖြစ်စဉ်များမှာ အားလုံးပါဝင်ခွင့်ရရှိစေရေးနဲ့တန်းတူညီမျှမှု အခွင့်အရေးများရှိကြရပါမယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ အတူယှဉ်တွဲပြီး အေးချမ်းတည်ငြိမ်စွာ စုပေါင်းနေ ထိုင်လာကြတဲ့ပြည်ထောင်စုကြီးမှာ လူမျိုးစုလူနည်းစု ''ပကတိတည်ရှိနေခြင်း'' ကို အသိအမှတ်ပြုရေးနဲ့မတူကွဲပြားရှိနေခြင်းကို လေးစားအသိအမှတ်ပြုပြီးတော့ မတူကွဲပြာမှုအပေါ် အခြေခံသော စည်းလုံး ညီညွတ်ရေး (Unity in Diversity) ကို ဖော်ဆောင်ကြရမှာဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးများရဲ့ အမျိုးသားလက္ခဏာ (National Identity) ကာကွယ်စောင့်ရှောက်ရေးအတွက် ယဉ်ကျေးမှု လွတ်လပ်ခွင့် (Cultural self determination (or) Cultural Autonomy) အပြည့်အဝရရှိနိုင်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

လူသားတိုင်းမွေးရာပါ အခွင့်အရေးကို တန်းဖိုးထားပြီး အမျိုးသမီးများအား ဥပဒေဆိုင်ရာအခွင့်အရေးများ၊ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် အထူးဥပဒေများပြဋ္ဌာန်း၍ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းမြှင့်တင်နိုင်စေရန် ဆောင်ရွက်ကြရပါမယ်။

လူငယ်နှင့်  နိုင်ငံရေးကဏ္ဍတွင် အမျိုးသားရေးအသွင်ဖြင့် လူငယ်အခွင့်အရေးများကို ဖော်ဆောင်ပေးပြီး လူငယ်လူရွယ်များ၏ အခန်းကဏ္ဍများကို ကျယ်ပြန့်လာအောင်ဆောင်ရွက် ရပါမယ်။နိုင်ငံတော်နှင့်နိုင်ငံသားအားလုံးအတွက်မှာ အရေးကြီးလှတဲ့ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးအခန်းကဏ္ဍအားနိုင်ငံတကာ အဆင့်မီ ပြုပြင်ပြောင်းလဲတိုးတက်လာစေရန်နှင့် အမျိုးသားပညာရေး မူဝါဒ ချမှတ်နိုင်စေရန်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

မိမိတို့ဒေသအတွင်းရှိ ကျောင်းများမှာ တိုင်းရင်းသားစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုအမွေအနှစ်၊ သမိုင်းအစဉ်အလာများကို ပြဋ္ဌာန်းသင်ကြား နိုင်စေရန် ကြိုးပမ်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။

တောင်သူလယ်သမားများနှင့် ကျေးလက်ပြည်သူများတို့၏ အသက်မွေးဝမ်းကျောင်းပြုလုပ်ကိုင်စိုက်ပျိုးသော လယ်ယာမြေများကို အကာအကွယ်ပြုပေးသွားမှာဖြစ်ပါတယ်။ လွတ်လပ်စွာစိုက်ပျိုး ထုတ်လုပ် ပိုင်ခွင့်နှင့် ထွက်ရှိလာသောသီးနှံများတို့အား လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနိုင်အောင် ဆောင်ရွက်ပေးကြမှာဖြစ်ပါတယ်။

လူမှုဖွံ့ဖြိုးရေးများ လုပ်ဆောင်နေသော အရပ်ဘက်လူမူအဖွဲ့အစည်းများ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများတို့နှင့် ပူးပေါင်းပြီးတော့ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ အိမ်တွင်းမှု၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ အသေးစားငွေစုငွေချေး၊ တစ်အိမ်ထောင် (သို့မဟုတ်) တစ်ရွာထုတ်ကုန်တစ်မျိုးစနစ်၊ သောက်သုံးရေရရှိရေး လမ်းတံတားဆောက်လုပ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ အလတ်စား/အသေးစား ကုန်ထုတ်လုပ်ငန်းများစသည့်ဖြင့် လူထုစွမ်းအားအခြေပြု အကျိုးသက်ရောက်စေသည့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဖော်ဆောင်နိုင်အောင် ကြိုးပမ်းမှာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးဖြစ်ထွန်းမှုဖြစ်စဉ်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စစ်မှန်သောတည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုဖော်ဆောင်ရာမှာ မိမိတို့လူ့ဘောင်အဖွဲ့အစည်းအတွင်း မတူညီမှှု များနှင့်သဘောထားကွဲလွဲမှုများကို ထိပ်တိုက်ရင်ဆိုင်ရေးနည်းလမ်းထက် ကျော်လွန်သည့် နိုင်ငံရေးယဉ်ကျေးမှုသစ်ဟူသော တွေ့ဆုံညှိနှိုင်းရေးနည်းလမ်းဖြင့်အဖြေရှာဖွေခြင်းကို ကြိုးပမ်းလုပ်ဆောင်သွား ရပါမယ်လို့ခံယူပါတယ်။တအာင်း (ပလောင်) အမျိုးသားပါတီရဲ့လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော်ဆောင်ကြရာမှာ စနစ်တကျ မှန်မှန်ကန်ကန်အကောင်အထည်ဖော် လုပ်နိုင်ဖို့ရာ အတွက် ပြည်သူလူထုတွေရဲ့ ပူးပေါင်းပါဝင်မှုများစနစ်တကျရှိဖို့နဲ့ မှန်ကန်သော လုပ်ဆောင်ချက်တွေဖြစ်လာစေဖို့တို့မှာ မိဘပြည်သူ များရော ပါတီအဖွ့ဲအစည်းများမှာ ပါတာဝန်ဒီမိုကရေစီအလေ့အထ ရှင်သန်လာတာနဲ့အမျှ၊ တည်ငြိမ်ရင့်ကျက်လာတာနဲ့အမျှ၊ ဒီမိုကစီယဉ်ကျေးမှုတွေ ထွန်းကားလာနဲ့အမျှ၊ မိဘပြည်သူများရဲ့ပူးပေါင်းပါဝင်မှုတွေဟာ ပိုမိုစနစ်ကျလာမှာဖြစ်ပြီးနိုင်ငံတော် ရဲ့အေးချမ်းတည်ငြိမ်ဖွံ့ ဖြိုးတိုးတက်မှုများကို များစွာဖြစ်ထွန်းလာစေ မှာဖြစ်တယ်လို့ယုံကြည်ပါကြောင်း ဒီနေရာကတင်ပြလိုက်ပါတယ်။

ဒီလာမယ့် ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ တအာင်း(ပလောင်) အမျိုး သားပါတီ ဝင်ရောက်ယှဉ်ပြိုင်မယ့်နေရာတွေမှာ မိဘပြည်သူ အပေါင်းတို့ရဲ့ထောက်ခံအားပေးမှုကို ယုံကြည်အားကိုး ပါကြောင်းနဲ့ မိဘပြည်သူအပေါင်းတို့ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပါစေကြောင်း တအာင်း (ပလောင်)အမျိုးသားပါတီရဲ့ကိုယ်စား ဆုမွန်ကောင်းတောင်းရင်း ကျွန်တော့်ရဲ့တင်ပြချက်ကို နိဂုံးချုပ် အပ်ပါတယ်ခင်ဗျား။

တအောင်း(ပလောင်)အမျိုးသားပါတီ

 ၁။  ပါတီအမည်  -  တအောင်း(ပလောင်)အမျိုးသားပါတီ
 ၂။  ပါတီအမည်(English)  -  Ta-Amg(Palaung) National Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၈.၄.၂၀၁၀
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၅ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးအိုက်မုန်း၊ ဦးထွန်းကျော်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၃.၄.၂၀၁၀
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၄.၅.၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၄.၅.၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၁၂)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးအိုက်မုန်း၊ ဦးထွန်းကျော်(ထွေ/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  

  အမှတ်(က/၁၁၀) ဗိုလ်ချုပ်အောင်ဆန်းလမ်း၊မင်္ဂလာရပ်၊နမ့်ဆန်မြို့၊

ရှမ်းပြည်နယ်။

 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၂၀၀၃၅၄၄၁(ဦးအုဏ်ခိုင်)၊ ၀၉-၄၃၁၄၆၂၅၀၊၀၉-၆၇၁၂၀၅၁(ဦးအိုက်မုန်း)၊ ၀၉-၉၀၄၀၆၅၁
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly