၂၀၁၅ ခုနှစ် အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲကို လာမည့် အောက်တိုဘာ ၈ ရက်မှ ၁၈ ရက်ထိ ထိုင်းနိုင်ငံတွင် ပြုလုပ်မည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းသည် ပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်တက်နိုင်ရန် ပစ်မှတ်ထားနေသည်ဟု မြန်မာအသင်းနည်းပြ ဆာအိက မဇ္ဈိမကို ပြော သည်။
အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု ခ တွင် မြန်မာအသင်းသည် သြစတြေးလျ၊ ဗီယက် နမ်၊ ဖိလစ်ပိုင်၊ လာအိုအသင်းတို့နှင့် တစ်အုပ်စုတည်း ကျနေပြီး အုပ်စု က တွင် အိမ်ရှင်ထိုင်းအသင်း၊ မလေးရှား၊ တီမော၊ ဘရူနိုင်း၊ စင်ကာပူအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်း ပါဝင်သည့် အုပ်စု ခ တွင် အာရှအဆင့်ရှိနေသော သြစတြေးလျအသင်းနှင့် ဗီယက်နမ်အသင်းတို့ ပါဝင်နေသောကြောင့် မြန်မာအသင်းသည် အုပ်စုတက်ရန် ရုန်းကန်ရမည့် အနေအထားရှိနေသော်လည်း မြန်မာအသင်း နည်းပြ ဆာအိက ဆီမီးတက်ရန် ပစ်မှတ်ထားနေသည်။
“သြစတြေးလျအသင်းက ၂၀၂၀ ကမ္ဘာ့ဖလား အတွက် ပါဝင်ခွင့်ရထားတဲ့ အင်အားကြီးအသင်း ပါ။ သူတို့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုက အရမ်းကောင်းတယ်။ ကျွန်တော်ထင်ပါတယ်။ “သြစတြေးလျ အသင်းကတော့ အကောင်းဆုံး အခွင့်အရေး ရှိနေပါတယ်။ နောက်ပြီး ဗီယက် နမ်အသင်း၊ ပြီးခဲ့တဲ့တစ်လက ဗီယက်နမ်အသင်း အီရန်ကို လာခဲ့တယ်။ သူတို့အသင်းကို မြင်ခဲ့ရ ပါတယ်။
ဗီယက်နမ်ကော သြစတြေးလျကော အရမ်းကောင်းတဲ့ အသင်းတွေပါ။ မြန်မာအသင်းက တော့ ဖိလစ်ပိုင်၊ လာအိုအသင်းတို့နဲ့ သိပ်မကွာသေးပါဘူး။ အကောင်းဆုံး ကြိုးစားမှာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်ရဲ့ပစ်မှတ်က ဆီမီးတက်နိုင်တဲ့ အသင်းလေးသင်းထဲ ပါဖို့ပါပဲ”ဟု အီရန်လူမျိုး မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းနည်းပြ ဆာအိက ပြောသည်။
၂၀၁၅ ခုနှစ် အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မည့် အသင်းလေးသင်းမှာ ၂၀၁၆ အာရှဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ပြိုင်ခွင့်ရရှိမည် ဖြစ်သောကြောင့် မြန်မာအသင်းသည် အနိမ့်ဆုံး ဆီမီးဖိုင်နယ်တက်နိုင်ရန် မျှော်မှန်းနေခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၄ အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအမျိုးသား ဖူဆယ်အသင်းသည် ဗီယက်နမ်အသင်းနှင့် ထိုင်း အသင်းတို့ကို ရှုံးနိမ့်ကာ အုပ်စုအဆင့်မှပင် ထွက်ခဲ့ရသည်။