ဝန်ကြီး …….. ဈေးထဲမှာ ဈေးဝယ်ဖူးပါသလား

ဝန်ကြီး …….. ဈေးထဲမှာ ဈေးဝယ်ဖူးပါသလား

မဇ္ဈိမ စာဖတ်သူကဏ္ဍကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ်မှာနေတဲ့ ကိုခင်ဇော်ဝင်းက မေးလ်နဲ့ ရေးပို့လိုက်တဲ့ စာတစ်စောင် ရောက်လာခဲ့ပါတယ်။ စာရေးလာသူက ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်က ဘွဲ့ရရှိခဲ့ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးဖြစ်တယ်လို့ ပြောပါတယ်။ ကျောင်းပြီးခါစက ဘာစီးပွားရေးလုပ်ရမလဲလို့ စဉ်းစားလိုက်တော့ ရန်ကုန်မြို့စွန်မှာ တည်ရှိနေတဲ့ သူ့ရွာမှာ စိုက်ပျိုးရေးလုပ်ချင်ပေမယ့် သူပိုင်တဲ့မြေ က စီးပွားဖြစ်လုပ်ဖို့ မကျယ်တာကြောင့် စိုက်ပျိုးရေးလောက် နေရာမယူတဲ့ မွေးမြူရေးလုပ်ငန်းဖြစ်တဲ့ ဥစားကြက်နဲ့ အသားစားကြက်မွေးမြူရေးကို ဇောက်ချပြီး လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လုပ်ငန်းစခါစက အဆင်ပြေသလိုရှိပေမယ့် သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ ကြက်ငှက်တုပ် ကွေးရောဂါကြောင့် ကြက်တွေ ဆုံးရှုံးလို့  ရှိတာတွေ ကုန်သွားတဲ့အပြင် အကြွေးပါ တင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဇွဲမလျှော့ဘဲ နောက်တစ်ခါပြန်ပြီး လုပ်လိုက်တဲ့အခါ တဖြည်းဖြည်းနဲ့ အကြွေးကျေခါစပဲ ရှိသေးတယ်လို့ ပြောပါတယ်။

ဒီလို သူရေးပြီး သူ့လုပ်ငန်းအကြောင်း ပြောနေရတာက ကိုယ်ရည်သွေးချင်လို့ မဟုတ်ဘဲ မနေ့က သတင်းစာတစ်စောင်မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကို ပြောချင်လို့ ရေးနေရတာပါလို့ ဆိုပါတယ်။ ဒီသတင်းကတော့ “ပြည်ပမှ ကြက်ဥနှင့် အသားမျိုးစုံ တိုးမြှင့် တင်သွင်း ခွင့်ပြုရန် ဆုံးဖြတ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါလာတဲ့သတင်းကို ဖတ်ပြီး သူ့စိတ်ထဲမှာ အတော် စိတ်မကောင်းဖြစ် သွားတယ်လို့ရေးပါ တယ်။

ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံအတွင်း အသားနှင့် ဥများကို ဈေးနှုန်းသက်သာစွာ စားသုံး နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်ပနိုင်ငံများမှ ဥနှင့် အသားမျိုးစုံ တိုးမြှင့် တင်သွင်းခွင့်ပြုရန် စက်တင်ဘာ ၁၀ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ မွေးမြူရေးထုတ်လုပ်မှုဆိုင်ရာ အစည်းအဝေးမှာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမြင့်က ဆုံးဖြတ်ခဲ့တယ်လို့ ဖတ် လိုက်ရလို့ ပါပဲလို့ ပြောပါတယ်။

ဒီလိုဆုံးဖြတ်ခဲ့တာကပြည်ပကအသားနဲ့ ဥများကို အကန့်အသတ်နဲ့သာ တင်သွင်းခွင့် ပြုထားရာက အကန့်အသတ်မရှိ တင်သွင်းခွင့်ပြုဖို့ ဦးအုန်းမြင့်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တယ်ဆိုတာ ဖတ်ရတော့ပြည်တွင်း လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ လုံးဝလက်မခံနိုင်ဘူးလို့ ပြောပါတယ်။

တကယ်တော့ ပြည်တွင်းက ကြက်မွေးမြူရေးလုပ်ငန်း လုပ်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ ထုတ်လုပ်မှုနဲ့ ပြည်သူတွေ စားသုံးဖို့ ဝယ်ယူနေမှုဟာ မျှနေပါတယ်။ ဒီလို တင်သွင်းခွင့်ပြုလိုက်ရင် လုပ်ငန်းအကြီးကြီး လုပ်နေတဲ့သူတွေ ထိခိုက်သလို တစ်နိုင်တစ်ပိုင်လုပ်ပြီး အသက်မွေးဝမ်း ကျောင်း နေရတဲ့သူတွေ အလုပ်လုပ်စားဖို့ အဆင်မပြေနိုင်ဘဲ ပြည်သူတွေပိုလို့ စား၊ ဝတ်၊ နေရေး ခက်ခဲလာ နိုင်တယ်လို့ ဆိုပါ တယ်။
ပြည်တွင်းမှာ ရှိတဲ့ အသားနဲ့ ဥစားကြက် မွေးမြူသူတွေဟာ ပြည်တွင်းစားသုံးမှု ဖူလုံအောင် ထုတ်လုပ်နိုင်ပါတယ်။ တာဝန်ရှိသူတွေက ပြည်သူတွေကို တကယ်လုပ်ပေးရမှာက ဝင်ငွေမြင့်မား လာအောင်၊ ဆင်းရဲတာကို လျှော့နိုင်အောင် လုပ်ဖို့ပဲ လိုပါတယ်။

ပြည်သူတွေက အသိပညာ တိုးတက်မြင့်မားလာပြီး ကျန်းမာအောင် ဘယ်လိုစားသောက်ရ မယ်ဆိုတာ သိနေကြပါပြီ။ ဝင်ငွေ ကောင်းရင်တော့ မြန်မာတွေဟာ ကြက်သားဟင်း ချက်စားကြပါ တယ်လို့ရေး ပါတယ်။ သူ့စိတ်ထဲမှာ ထင်တာကတော့ ဒီလို ပြည်ပက တင်သွင်းဖို့ ဝန်ကြီး ဆုံးဖြတ်ခဲ့ တာဟာ ဝန်ကြီး မြန်မာနိုင်ငံက ဈေးတွေကို မသွားဘူးလို့ ဖြစ်ပါလိမ့်မယ်။

ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ နေပြည်တော်က ဈေးတွေထဲမှာ သွားပြီး လေ့လာကြည့်ပါ။ ကြက်သားတွေ ကြက်ဥတွေအပြင် တခြားအသားတွေ အလုအယက်ဝယ်ကြလို့  ပြတ်လတ်သွားတာ ရှိခဲ့ဖူးပါသလား လို့မေးစေချင်ပါတယ်။ မရောင်းရလို့ နောက်နေ့ရောင်းဖို့ သိမ်းနေတဲ့ ကြက်ဥသည်နဲ့ ရေခဲရိုက်နေတဲ့ ကြက်သားသည်တွေရဲ့ ဘဝကို ဈေးသိမ်းတဲ့ အချိန်မှာ သွားကြည့်ရင် သိပါလိမ့်မယ်။ တာဝန်ရှိသူ လူကြီးမင်းများ မလိုအပ်ဘဲနဲ့ ပြည်သူတွေ ဆင်းရဲပင်ပန်းအောင် မဆုံးဖြတ်စေချင်ဘူးလို့ ပြောချင်လို့ ရေးလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required