အင်န်အယ်လ်ဒီ က မရွေးလို့ ဝမ်းနည်းမိတယ်ဆိုတဲ့ တစ်သီးပုဂ္ဂလအမတ် ဒေါ်ညိုညိုသင်း

အင်န်အယ်လ်ဒီ က မရွေးလို့ ဝမ်းနည်းမိတယ်ဆိုတဲ့ တစ်သီးပုဂ္ဂလအမတ် ဒေါ်ညိုညိုသင်း

(ယမန်နေ့မှ အဆက်)
 ခုပြန်ပြီးတော့ ကြည့်မယ်ဆိုရင် ဆရာမ ခုနက ပြောသလို လူငယ်ဘဝတုန်းက နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာ ဆရာမ နိုင်ငံရေးလှုပ်ရှားမှုတွေ တစ်ခန်းရပ်ပြီးတော့ ပညာရေးမှာပဲ ဇောက်ချ ပြီးတော့ ကျင်လည်ခဲ့တဲ့ အပိုင်းတွေရှိတယ်လေ။ နောက်ပိုင်းပြန်ပြီးတော့ နိုင်ငံရေး လောကထဲ ဝင်လာတယ်။ အဓိက ဘယ်လိုတွန်းအားတွေကြောင့် ဆရာမအနေ နဲ့နိုင်ငံရေးလောကထဲကို ပြန်ရောက်လာခဲ့တာလဲရှင့်။

ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောမယ်ဆိုရင်တော့ ကျွန်မက အဲ့ဒီအချိန်တုန်းက ပေါ့နော်၊ ခုနက ပြောသလို ကျွန်မရဲဘော်တွေရဲ့ ထိခိုက်နစ်နာမှုတွေကြောင့် ထောင်ထဲကို အကုန်ရောက်သွားကြတယ်။ တချို့က ထောင်ထဲမှာ တကယ်ကို သေသွားကြတာ။ အဲ့ဒီအချိန်မှာ ကျွန်မ အရမ်းစိတ်နာတယ်။ စိတ်နာတဲ့အတွက် နိုင်ငံရေးကို မြှုပ်ပြီးတော့ လုပ်မလို့ပေါ့နော်။ ဒီအာဏာရှင်စနစ် ပြုတ်ကျအောင် လုပ်မယ် ဆိုပြီး ကျွန်မ ဆုံးဖြတ် လိုက်တဲ့အချိန်မှာ မြောက်ဥက္ကလာလူငယ်တွေ့ဆုံပွဲမှာ ကျွန်မကို ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။

သူ အခုချိန်ဆိုရင်တော့ ကျွန်မကို မမှတ်မိတော့ပါဘူး။ ကျွန်မကတော့ ဝန်ခံစရာရှိတာ ဝန်ခံရမှာပေါ့။ အဲ့ဒီအချိန်က ကျွန်မက သူ့ကို မေးခွန်းတစ်ခု မေးတဲ့အခါမှာ သူက ကျွန်မကို ဘာပြောလဲ ဆိုတော့ ဥပဒေပညာ နောက်ဆုံးနှစ် ရောက်နေပြီဆိုတော့ နှမြောစရာကြီးတဲ့၊ ပညာရေးကို ဆက်ပြီး လုပ်လိုက်ပါတဲ့။ သူက အဲ့လို ပြောတယ်။ အဲ့ချိန်မှာ ကျွန်မ သတိရသွားတယ်။ ကျွန်မဟာ ဥပဒေပညာနောက် ဆုံးနှစ် ရောက်နေပြီ။ ဒီပညာရေးကို လက်လွှတ်မခံသင့်ဘူးဆိုတာ ကျွန်မ စိတ်ထဲမှာ သတိရသွားတယ်။ တကယ်လို့ သူသာ အဲ့ချိန်က အဲ့ဒီစကားမပြောဘူးဆိုရင် ဆက်ပြီးတော့ ပညာသင်မှာ မဟုတ်ဘူး။
အဲ့လို ဆုံးဖြတ်တဲ့ချိန်မှာ နောက် ကံကောင်းတာတစ်ခုက ဘာလဲဆိုတော့ ဒါလည်း ပွင့်ပွင့်လင်းလင်း ကျွန်မ ဝန်ခံရမှာပဲ။ ကျွန်မ နှစ်ခါ အချုပ်အနှောင် ခံရတယ်။ 7 ဂျူလိုင် နေ့တွေတိုင်းမှာ ကျွန်မ အချုပ်ခံရတယ်။ အဲ့လို ဖမ်းဆီးခံရတဲ့အခါမှာ ကျွန်မကို ပြန်ပြီးတော့ အိမ်တိုင်ရာရောက် ပြန်ပို့ပေးတယ်။ သိပ်မကြာတဲ့ ကာလမှာပေါ့နော် ကျွန်မကို ချုပ်နှောင်ထားတာ တပ်မတော်အကြီးအကဲပေါ့နော် သူက ပြန်ပို့တယ်။

ပြန်ပို့ရခြင်း အကြောင်းရင်းက အဲ့ဒါကျတော့ ကျွန်မတို့ အမျိုးသမီးဖြစ်ရခြင်းက အားသာသွားတယ် ပေါ့နော်။ သူတို့ဖမ်းဆီးထားတဲ့ အထဲမှာ တစ်ဦးတည်းသော အငယ်ဆုံးသော ငယ်ရွယ်ဆုံးသော မိန်းကလေး တစ်ယောက် ဖြစ်နေတယ်။ အဲ့တော့ သူက သမီးချင်း စာနာပြီးတော့ နောက်ပြီးတော့ ပညာတတ်လည်း ဖြစ်တယ်။ သမီး နင်ဟာ ဥပဒေပညာ နောက်ဆုံးနှစ်တောင် ရောက်နေပြီ။ သူများတွေလို မမိုက်နဲ့။ ကိုယ့်ကျောင်းမှာ ကိုယ်ပြန်ပြီး စာသင်ဆိုပြီး အိမ်တိုင်ရာရောက် နှစ်ကြိမ်တိတိ ပြန်ပို့တယ်။

ဒါကြောင့်မို့ ကျွန်မသည် အဲ့လိုပုဂ္ဂိုလ်ကြီးတွေကို ခုနကပေါ့နော် ဒေါ်စုပေါ့ ကျောင်းကိုသွားပါလား ဆိုတဲ့စကားနဲ့ တက္ကသိုလ်ကို ပြန်ပြီးတော့ ရောက်လာတာ။ ရောက်လာပြီးတော့ တက္ကသိုလ်မှာ စာသင်တယ်။ သင်ပြီးတဲ့အခါမှာ တကယ့်ကို ထူးချွန်တဲ့ ပညာရှင်တစ်ယောက် ဖြစ်လာအောင် အဘက်ဘက်က ကြိုးစားတယ်။ ကြိုးစားတဲ့အတွက် ကံကောင်းစွာနဲ့ပဲ သက္ကရာဇ် ၂၀၀၀ မှာပေါ့နော် ဂျပန်နိုင်ငံမှာ ပညာသင်ဆု ရခဲ့တယ်။

အဲ့ဒီမှာ ဥပဒေ ဒေါက်တာဘွဲ့ ယူခဲ့တယ်။ တကယ့်ကိုပဲပေါ့နော် ထိုက်ထိုက်တန်တန် ယူခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့် ထိုက်ထိုက်တန်တန် ယူခဲ့တာလဲဆိုတော့ ပြောပြချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မယူခဲ့တဲ့ ဘာသာရပ်က မြန်မာပြည်မှာ အဲ့ချိန်တုန်းက ပိတ်ပင်တားဆီးထားတဲ့ Democracy and Good Government ဆိုတော့ ဒါကို ဥပဒေပညာ သင်ရိုးထဲမှာ မပါဘူး ဆိုပြီးတော့ ကျွန်မက ဒေါက်တာဘွဲ့ ယူလာတဲ့ပေါ်မှာ ကျွန်မ ပြန်လာတဲ့ ၂၀၀၆ မှာ ကျွန်မကို ကန့်ကွက်တယ်။ ဌာနဆိုင်ရာအချို့ရဲ့ ပညာရှင်တွေပဲပေါ့နော်။

အစိုးရရဲ့ပညာရှင်တချို့က ကျွန်မရဲ့ ဥပဒေဒေါက်တာဘွဲ့ကို ရုပ်သိမ်းပါဆိုပြီးတော့ သက်ဆိုင်ရာကို ကန့်ကွက်တယ်။ အဲ့ဒီအခါမှာ သက်ဆိုင်ရာ လူကြီးတွေက စိစစ်ပြီးတော့ သူ့ကို တက္ကသိုလ်က ထိုက်တန် လို့အဲ့ဒီတက္ကသိုလ်က ပေးထားတာကို ကျွန်တော်တို့က ပြန်ရုပ်သိမ်းလိုက်လို့ မရပါဘူး ဆိုပြီး ပြန်ဖြေကြားလိုက်လို့ ကျွန်မရဲ့ ဒေါက်တာဘွဲ့တွေ၊ ရခဲ့တဲ့ ဘွဲ့တွေက ဒီနေ့ထိ ရှိနေတာ ပေါ့နော်။

ပြောချင်တာက နိုင်ငံရေး မလွတ်လပ်ရင်၊ နိုင်ငံရေးမှာ လူတွေဟာ ရသင့်ရထိုက်တဲ့ ပညာရေး လွတ်လပ်ခွင့်ကို မရဘူးဆိုရင် အဲ့နိုင်ငံကို ကောင်းအောင် လုပ်နိုင်လို့မရဘူး။ ကျွန်မက ကိုယ်တွေ့ တွေ့တာ။ ကျွန်မရဲ့ ပညာရှင်သူငယ်ချင်းတွေ အများကြီးရှိတယ်။ သူတို့ဟာ သူတို့သင်ထားတဲ့ ပညာတွေကို အသုံးချ လို့မရဘူး။ ပြောခွင့်မရဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ပိတ်ပင် တားဆီးခံထားရလို့။

သူတို့ ဒီလို ဖွင့်ဟပြောလိုက်ခြင်းအားဖြင့် သူတို့အတွက်ကို နယ်လွှတ်မှာတို့၊ အလုပ်ထုတ်ခံရမှာတို့ အင်မတန် စိုးရိမ်တယ်။ ဒါကြောင့်မို့လို့ ပညာရှင်တစ်ယောက်အနေနဲ့ ကျွန်မက ပညာရေး လွတ်လပ်ခွင့် ကိုတန်ဖိုးထားပါတယ်။ ပညာရေး လွတ်လပ်ခွင့်ကို ဘယ်အခါမှာ ရမလဲဆို စစ်မှန်တဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှပဲ ကျွန်မတို့ရမယ်။ အဲ့တော့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ကျွန်မတို့ လွှတ်တော်တွင်းမှာ မရ ရအောင်လုပ်ဖို့ အရေးကြီးတယ်။

လွှတ်တော်တွင်းမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးမှသာလျှင် ကျွန်မတို့ ပညာရေး ဥပဒေကို အကောင်းဆုံး ဥပဒေအနေနဲ့ ဥပဒေများ ဖန်တီးလို့ရမယ်။ မဟုတ်လို့ရှိရင် ကျွန်မတို့ မှန်ကန်တဲ့ ပညာရေး ဥပဒေတွေ ခုထက်ထိ ကျွန်မတို့ မရသေးဘူး။ ဒါ ပွင့်ပွင့်လင်းလင်းပဲ ပြောတာနော်။ အဲ့လို ဥပဒေတွေ မရသေးသမျှ ကျွန်မတို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖု့ိဆိုတာ မလွယ်ဘူး။ ပါးစပ်က အပြောပဲ ရှိနေမှာပဲ။

NLD ပါတီဝင် တစ်ယောက် ဖြစ်ခဲ့ရဲ့နဲ့ အဲ့ချိန်တုန်းက ရွေးကောက်ပွဲဝင်တဲ့အခါမှာ ဆရာမက ဒီမိုကရက်တစ်ပါတီ (မြန်မာ) အနေနဲ့ ဝင်ခဲ့တယ်ပေါ့နော်။ အဲ့ဒါကျတော့ကော ဘယ်လို အကြောင်းကြောင့် ဖြစ်သွားတာလဲရှင့်။

ကျွန်မက NLD ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ချင်တဲ့ ဆန္ဒ ရှိတယ်ပေါ့နော်။ နောက် ၂၀၀၉ မှာ ကျွန်မ ပြန်လာတယ်။ ပြန်လာတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ NLD ကို ဝင်စေချင်တယ်။ ဒါပေမယ့် အဲ့ဒီအချိန် မှာ၂၀၁၀ ရွေးကောက်ပွဲ NLD က သပိတ်မှောက်ခဲ့တယ်။ အဲ့တော့ ကျွန်မက ကျွန်မရဲ့ဆန္ဒက အဲ့ဒီတုန်းက ဆန္ဒကလည်း အခုတိုင်းပဲ။ ကျွန်မက လွှတ်တော်ထဲမှာ ဝင်ပြီးတော့ လူထုအတွက်ကို မားမား မတ်မတ် ရပ်ပြီးတော့ ကျွန်မ တိုက်ပွဲဝင်ချင်တယ်။

အဲ့တော့ ကျွန်မရဲ့ မိခင်ပါတီဖြစ်တဲ့ NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့အတွက် ကျွန်မအနေနဲ့ ပြည်သူ့အတွက် စဉ်းစားပြီးတော့ ကျွန်မရွေးကောက်ပွဲကို ဝင်ခဲ့တယ်။ တကယ်လို့သာ ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်မ သပိတ်မှောက်ခဲ့မယ် ဆိုလို့ရှိရင် ကျွန်မသည် လွှတ်တော်ထဲကို ရောက်လာမှာ မဟုတ်ဘူး။ ဒီနေ့ ပြည်သူ လူထုကလည်း ကျွန်မဆိုတဲ့ ဒေါက်တာ ညိုညိုသင်းကို သိခွင့်ရမှာ မဟုတ်ဘူး။

ကျွန်မရဲ့ ဆောင်ရွက်ချက်တွေလည်း လွှတ်တော်ထဲမှာ ရှိလာမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျွန်မ စွန့်စားပြီးတော့ ပြည်သူ့မျက်နှာပဲ ကြည့်ပြီးတော့ ပါတီမျက်နှာနဲ့ ပြည်သူ့မျက်နှာ ယှဉ်တွဲ လာတဲ့အခါမှာ ကျွန်မ ပြည်သူ့မျက်နှာကိုပဲ ထောက်ထားပြီးတော့ ကျွန်မပါတီရဲ့ မူဝါဒဖြစ်တဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရေးလမ်းစဉ်ကို ကျွန်မ မကျင့်သုံးဘဲနဲ့ ဒီမိုကရက်တစ် ပါတီက ကြိုဆိုတဲ့ အတွက်ကြောင့်မို့လို့ သူတို့နဲ့ ကျွန်မပူးပေါင်းပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။

၂၀၁၂ မှာ ကျွန်မ ဒီမိုကရက်တစ်ပါတီ မြန်မာကို ကျွန်မ လမ်းခွဲခဲ့ပါတယ်။ ဘာကြောင့် လမ်းခွဲခဲ့တာလဲ ဆိုတဲ့ အခါကျတော့ အဲ့ဒီအချိန်က ကျွန်မ မီဒီယာများကို ပွင့်ပွင့်လင်းလင်း မပြောခဲ့ပါဘူး။ ဘာကြောင့် လဲဆိုတော့ ကျွန်မ အရိပ်ခိုခဲ့တဲ့ ပါတီဖြစ်တဲ့အတွက် တစ်ခါ အရိပ်ခိုပြီးရင် ကျေးဇူးသစ္စာဆိုတာ စောင့်သိဖို့ိ လိုပါတယ်လို့ ကျွန်မ ခံယူပါတယ်။ ဒါကြောင့် မီဒီယာကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခဲ့ခြင်း မရှိ ပါဘူး။ ကျွန်မအနေနဲ့ ရိုးရိုးတန်းတန်းပဲ နှုတ်ဆက်ခွဲခွာပြီးတော့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အနေနဲ့ လွှတ်တော်ထဲမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ လွှတ်တော်အတွင်းမှာ ရပ်တည်ရတဲ့အခါမှာ အားသာချက်၊ အားနည်းချက် အနေနဲ့ကကော ဘယ်လိုရှိလဲရှင့်။

အမှန်အတိုင်း ပြောရမယ်ဆိုရင် လွှတ်တော်ထဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ဆိုပြီး ခွဲခြား ဆက်ဆံ ထားတာတော့ မရှိဘူး။ ကျွန်မအနေနဲ့ ပါတီတစ်ခုက ရတဲ့ ကိုတာအတိုင်းပဲ ကျွန်မရတယ်။ ဥပမာ အားဖြင့်ဆိုရင် ကျွန်မတို့ လွှတ်တော်ထဲမှာနေ့စဉ် Agenda ထွက်တယ်လေ။ Agenda ထွက်လို့ ရှိရင် ကျွန်မက တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဖြစ်လို့ဆိုပြီးတော့ နိုင်ငံရေး ပါတီကြီးတွေရဲ့ ဆွေးနွေး ချက်တွေပဲ ထည့်တာလည်း မဟုတ်ဘူး။

ကျွန်မ တစ်သီးပုဂ္ဂလ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ ကျွန်မ နေရာရတယ်။ အဲ့တော့ သာမန်နိုင်ငံရေးပါတီက ပြောခွင့်ဆိုခွင့် ရတယ်ပေါ့နော်။ Agenda တစ်ခုအမြဲတမ်း ကိုယ့်ဘက်က လုပ်ရင်ပေ့ါနော်။ ကိုယ့်ဘက်က မတင်ရင်တော့ နိုင်ငံရေးပါတီ ကြီးကြီး၊ ငယ်ငယ်၊ ရွယ်ရွယ် ဒီအခွင့်အရေးကို ရမှာ မဟုတ်ဘူး။

ကိုယ်ကသာ တင်ပါ။ ကိုယ့်ကသာ အားထုတ်ပါ။ တစ်သီးပုဂ္ဂလ ဖြစ်လို့ဆိုပြီးတော့ လွှတ်တော် Agenda မှာ ဖယ်ထားပြီး လုပ်တယ်ဆိုတာ မရှိပါဘူး။ အခု လွှတ်တော်သက်တမ်းပေါ့လေ။ နောက် လွှတ်တော် သက်တမ်း ကတော့ ဘယ်လိုလာမလဲ မသိဘူးပေါ့လေ။ ဒါပေမယ့် တကယ်လို့များ နောင်လွှတ်တော်သက်တမ်းမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေကို ခွဲခြားဆက်ဆံတာတွေများ ရှိလာခဲ့မယ် ဆိုလို့ရှိရင်လည်း အဲ့ဒါကို အမြစ်ဖြတ် ချေမှုန်းပစ်မှာပါ။ ကျွန်မ ဥပဒေတွေ ရေးဆွဲသွားပါမယ်။ ဒါတွေ ဆက်လုပ်သွားပါမယ်။

အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာဆိုလည်း ဆရာမ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အနေနဲ့ပဲ ဝင်ပြီးတော့ယှဉ်ပြိုင် အရွေးချယ်ခံမှာပေါ့နော်။ အဲ့ဒီမတိုင်ခင်တုန်းက ဆရာမအနေနဲ့  NLD ပါတီကနေ ဝင်ရောက် အရွေးချယ်ခံဖို့ကို စီစဉ်ခဲ့သေးတယ်လေ။ NLD ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ သူတို့ မသတ်မှတ်ပေးနိုင်တဲ့ အပေါ်မှာ ဆရာမရဲ့ သဘောထားက ဘယ်လိုရှိလဲရှင့်။

ပုထုဇဉ်ဆိုတော့ ဝမ်းနည်းတာပေါ့လေ၊ ကိုယ့်ကို ဖိတ်ခေါ်ခဲ့ပြီးတော့ပေါ့နော်၊ အချိန်တန် ကျတော့ ပြည်သူလူထု မျှော်လင့်သလို၊ ကျွန်မ မျှော်လင့်သလို ဖြစ်မလာဘူးဆိုတော့ ပုထုဇဉ်ပီပီ ဝမ်းနည်း တာပေါ့နော်။ ဒါပေမဲ့ ကျွန်မတို့ဟာ ဝမ်းနည်းခြင်းနဲ့ပဲ နိုင်ငံရေးကို ဖြတ်သန်းလို့ မရပါဘူး။

ဒီနေရာမှာ ကျွန်မ နိုင်ငံရေးကနေ ထွက်သွားမယ်ဆိုရင် ဒါနိုင်ငံရေးကို ကျွန်မအနိုင် ပိုင်းပြီး ထွက်သွားလို့ ရပါတယ်။ ဒါပေမဲ့ ကျွန်မ မထွက်ပါဘူး။ ကျွန်မ ဆက်ပြီးတော့ ကျွန်မ ဦးတည်ချက်က ဘာလဲ ဆိုတော့ ပြည်သူလူထု စီးပွားကို အမြဲတမ်း ဒါ ရှေ့တန်းတင်ပြီးတော့ ဆောင်ရွက်နေဖို့ အရေးကြီးတယ်။ အဲ့တော့ ဘယ်နေရာက ပါရပါရ ပေါ့နော်၊ ကျွန်မ ပါရမယ်ဆိုပြီးတော့ ဒီဆုံးဖြတ်ချက်ကို ချတာဖြစ် ပါတယ်။ ဒီနေရာမှ တချို့ အထင်လွဲတာ ရှိတယ်။ ကျွန်မက ဒီပါတီက ကျွန်မကို ကိုယ်စားလှယ်လောင်းအဖြစ် ခေါ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မက NLD ပါတီဝင် ဖြစ်သွားတယ်လို့ တချို့က လွဲမှားစွာ ခံယူလိုက်တာလည်း ရှိတယ်။ အမှန်တော့ မဖြစ်ပါဘူး။ ကျွန်မက အတိအလင်း ပြောပါတယ်။ ကျွန်မက ဒီ NLD ပါတီရဲ့ ကိုယ်စာလှယ်လောင်း အဖြစ် ကမ်းလှမ်းလို့ လက်ခံပြီးလျှောက်လွှာတင် ခဲ့သော် လည်းပဲ NLD ပါတီဝင် မဖြစ်ခဲ့ပါဘူး။ NLD ပါတီဝင်အနေနဲ့ ကျွန်မ ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ခံရခြင်း မဟုတ်ပါဘူး။ ဒါအားလုံးပေါ့နော်၊ တချို့လည်း သိတယ်၊ တချို့လည်း မသိဘူးပေါ့နော်။

အရင်တစ်ခေါက် ရွေးကောက်ပွဲတုန်းကလည်း ပါဝင်ပြီး အရွေးချယ်ခံခဲ့တယ်။ အရွေးချယ်ခံရလို့လည်း ကိုယ်စားလှယ် ဖြစ်ခဲ့ပြီးပြီ။ အဲ့တော့ အဲ့ဒီတုန်းက အတွေ့ကြုံအနေနဲ့ ပေါ့နော် အဲ့တုန်းက အခက်အခဲတွေ၊ စိမ်ခေါ်မှုတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လို အတွေ့အကြုံတွေ ရှိခဲ့လဲရှင့်။

အဲ့ဒီ့တုန်းက နိုင်ငံရေး အခြေနေအနေနဲ့ အခုအခြေအနေနဲ့ အရမ်းကို ကွာသွားပြီ။ ၂၀၁၀ တုန်းက နိုင်ငံရေးအခြေအနေက ပြည်သူလူထုက Pamphlet ဝေလို့ရှိရင် မယူရဲတဲ့ အခြေအနေ၊ နောက်ပြီးတော့ အခုနက ကျွန်မတို့ပြောတဲ့ ဦးဆောင် အတိုက်အခံပါတီကြီး NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ထားတယ်ဆိုတော့ ဒီဟာကို မဲရုံသွားဝင်ရုံတင်ကို NLD သစ္စာဖောက်ရာ ရောက်တယ်ဆို တဲ့အတွေး ပြည်သူလူထု တော်တော်များများ မှာ ရှိတယ်။

ဒါ့ကြောင့်မို့လို့ ပြည်သူလူထုကို မဲရုံကိုလာပြီး မဲပေးဖို့ စည်းရုံးရတာ အင်မတန် ခက်ပါတယ်။ အဲ့လိုခက်တဲ့ အနေအထားမှာကို ကျွန်မတို့ လုပ်ခဲ့ရတာ တော်တော် ခက်ပါတယ်။ အဲ့ဒီ့ အချိန်တုန်း ကပြည်သူ လူထုက အရမ်း ကြောက်နေတယ်။ အစိုးရကလည်း ပါတီစုံ ရွေးကောက်ပွဲကို လုပ်ဖူးတဲ့ အစဉ်အလာ အတွေ့အကြုံ မရှိဘူး။ အဲ့တော့ ကော်မရှင်အသီးသီးက လုပ်ထုံးလုပ်နည်းတွေ နားမလည်ဘူး။

တကယ်ကိုပဲ တစ်ခုနဲ့ တစ်ခုလုပ်တာတွေ ရှေ့နောက်မညီတာတွေ အများကြီး ရှိသေးတယ်။ ဒါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကိုယ်တိုင်ကိုက ဝန်ခံခဲ့တယ်။ ၂၀၁၀ မှာ အမှားတွေ အများကြီး ရှိခဲ့တယ်။ အဲ့တော့ အမှားတွေ များစွာထဲက ကျွန်မတို့ ဝင်ရောက် ရွေးချယ်ခံခဲ့တယ်။ ကျွန်မတို့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တယ်။ နောက်ဆုံးတော့ ပြည်သူက ကျွန်မတို့ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပေး ခဲ့တယ်။ ပြည်သူရဲ့ အဆုံးအဖြတ်ကို ကျွန်မတို့ လိုက်နာမှာပဲလေ။ ဒါ့ကြောင့်မို့ ဘယ်လောက်ပဲ အခက်အခဲတွေ၊ အတားအဆီးတွေ ရှိနေပါစေ၊ နောက်ဆုံးမှာတော့ ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်က ဒါပဓာနပါပဲ။ ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်သည် ပြည်သူလူူထုရဲ့ အနာဂတ်ပါပဲ။ ပြည်သူ လူထုအနာဂတ် လှပမလား မလှပမလားဆိုတာ ပြည်သူလူထုရဲ့ ရွေးချယ်မှု အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် မို့လို့ ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ စစ်မှန်တဲ့ ရွေးချယ်မှုကို လုပ်နိုင်လိမ့်မယ်လို့ ကျွန်မက အထူးအလေးထား ယုံကြည်ထားပါတယ်။

အခုလာမယ့် ရွေးကောက်ပွဲမှာရော ဆရာမအနေနဲ့ ဘယ်လိုစိန်ခေါ်မှုမျိုးတွေနဲ့ ကြုံတွေ့ ရမယ်လို့ ထင်သလဲ။

အထူးသဖြင့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မ ရွေးကောက်ပွဲဝင်မယ်လို့ ကြေညာ လိုက်ကတည်းကိုကပေါ့နော်၊ ကျွန်မရဲ့ မဲဆန္ဒနယ်ထဲမှာပေါ့နော် တချို့သော ပုဂ္ဂိုလ်များက စာရွက် လိုက်ဖြန့်တာတွေ ရှိတယ်။ ဥပမာ ကျွန်မက ဘာသာတစ်ခုရဲ့ ဆန့်ကျင်ဘက်ဆိုတဲ့ သဘောမျိုးပေါ့နော်။ ကျွန်မဟာ လူမျိုးခြားတစ်ယောက်ဆိုတာမျိုးတွေပေါ့နော်။ အဲ့လိုမျိုး ဝါဒဖြန့်ချိမှုတွေ လုပ်ပါတယ်။ မနက်လင်းအားကြီး ၁ နာရီ ၂ နာရီလောက် မှာ ဝင်ရောက်ပြီး စာရွက်ဖြန့်သွားတာတွေပေါ့နော် ဒါမျိုးတွေ ရှိပါတယ်။

ဒီလူမှု ဆိုရှယ်မီဒီယာတွေလည်းပဲ ဘက်ပေါင်းစုံကနေ ကျွန်မကို ထိုးနှက်တိုက်ခိုက်မှုတွေ အဲ့ဒီ အချိန်ထဲက ထွက်လာတာပေါ့နော်။ ကျွန်မ ရွေးကောက်ပွဲဝင်မယ်လို့ ကြေညာလိုက်ကတည်းကိုက ဒါတွေက ထွက်လာတာ ပေါ့။ ဒါတွေဟာ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အမျိုးသမီးတစ်ယောက်ဆိုရင် လူ့အဖွဲ့အစည်း က ဘယ်လိုသတ်မှတ်ထားသလဲဆိုတဲ့ အခြေခံ စံနှုန်းတွေ အပေါ်ကို မူတည်ပြီးတော့ ဒီလို လူမှုရေး တိုက်ခိုက်မှု တွေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ ပေါ်လာတာပေါ့နော်။

ဒါပေမဲ့လည်း အဲ့ဒီလို ဘယ်လောက်ပဲထွက်လာလာ ကျွန်မနဲ့ နီးစပ်တဲ့ ပြည်သူလူထုက ကျွန်မ အကြောင်း ကောင်းကောင်း သိနေတယ်။ နောက်ပြီးတော့ ကျွန်မက လူထုနဲ့လည်း တသီးတသန့်ကြီး နေနေတာ မရှိဘူး။ ကျွန်မ လွှတ်တော်တက်တဲ့ ပုံစံကအစ လွှတ်တော်ကိုလာတဲ့ မီဒီယာကလေးတွေနဲ့ သိပ်မကွာဘူး။ ဟန်ကြီးပန်ကြီး လည်း ကျွန်မက သိပ်မလုပ်တတ်တဲ့ အခါကျတော့ ကျွန်မက လူထဲကလူပဲ အမြဲဖြစ်နေတယ်။ အဲ့ဒါက ကျွန်မရဲ့ အားသာချက်ပေါ့နော်။ အဲ့တော့ လူထဲကလူပဲ ဖြစ်နေတဲ့အတွက်ကြောင့် လူတွေရဲ့ အသံလည်းသိတယ်။ လူတွေကလည်း အပြန်အလှန်အနေနဲ့ ကျွန်မအကြောင်းကို ကောင်းကောင်း သိကြတာ များတယ်ပေါ့။

အဲ့တော့ ကျွန်မကို ဘယ်လို လက်ဖက်ရည်ဆိုင်မျိုးမှာမဆို တွေ့နိုင်တယ်။ လမ်းဘေးဆိုင်လည်း တွေ့နိုင်တယ်ပေါ့နော်။ ပြည်သူလူထုက ကျွန်မကို ဘယ်လိုနေရာမျိုးမှာမဆို တွေ့နိုင်တယ်ပေါ့နော်။ ကျွန်မကို ဖုန်းဆက်ပြီး ချိန်းလိုက်တာနဲ့တင် ကျွန်မကို သူတို့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဆိုင်မှာ သူတို့ ကျွန်မကိုတွေ့နိုင်တဲ့ အနေအထား ရှိတယ်ပေါ့နော်။ ဒါကလည်း ကျွန်မနဲ့ ပြည်သူလူထုကို သွေးကွဲအောင် လုပ်လို့မရတဲ့ အချက်ထဲမှာ ရပ်တည်နေတယ်။

အမျိုးသမီး ကိုယ်စားလှယ် တစ်ယောက်ဆိုပြီးတော့ သာမန် တိုက်ခိုက်နည်းတွေနဲ့ တိုက်ခိုက်လို့မရတဲ့ ကျွန်မရဲ့ အားသာချက်တွေ ဖြစ်နေတယ်။ ဒီလိုအားသာချက်တွေ ရှိမထားဘူးဆိုရင် သာမန် အမျိုးသမီး ကိုယ်စားလှယ်တစ်ယောက် ဆိုရင်တော့ ကျွန်မတို့ရဲ့ ပြိုင်ဘက်တွေကနေ နည်းအမျိုးမျိုး တိုက်ခိုက်တာတွေ မလွဲမသွေ ခံရလိမ့်မယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ဆိုရင်တော့ အမျိုးသမီး ကိုယ်စားလှယ်တွေ အနေနဲ့ ပါဝင် ယှဉ်ပြိုင်တာတွေ လည်း နည်းခဲ့တယ်။ လွှတ်တော်ထဲမှာလည်း အမျိုးသမီး ကိုယ်စားလှယ် နည်းတာပေ့ါ။ အခုတစ်ခေါက်မှာတော့ အရေအတွက်အရဆိုရင် ပိုပြီးတော့ များလာတာကို တွေ့ရပါတယ်ရှင့်။ အဲ့တော့ လွှတ်တော်အတွင်းမှာ အမျိုးသမီး ကိုယ်စားလှယ်တွေ အများစု ပိုပြီးတော့ ပါဝင်လာခြင်း အားဖြင့် တိုင်းပြည်အတွက် ဘယ်လိုမျိုး ထူးခြားပြောင်းလဲမှု တွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါသလဲ။

လွှတ်တော်ထဲမှာ အမျိုးသမီးတွေ အနည်းဆုံး ၂၀ ရာခိုင်နှုန်းလောက်တော့ ပါစေချင်တယ်။ ဒါပေမယ့် အခု ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသမီး ကိုယ်စားလှယ်တွေ အရေအတွက်ကို ကြည့်လိုက်တော့ ၁၄ ရာခိုင်နှုန်းပဲ ရှိတယ်။ အဲ့တော့ ကျွန်မတို့က ၁၄ ရာခိုင်နှုန်းစလုံး အကုန်တော့ ရမယ်မထင်ဘူး။ ကျွန်မထင်တယ်။ ၁၀ ရာခိုင်နှုန်းတောင် ရပါ့မလားလို့ စိုးရိမ်တယ်ပေါ့နော်။ အဲ့တော့ ဘယ်လောက်ပဲဖြစ်ဖြစ် ၁၀ ရာခိုင်နှုန်းပဲ ရရင်တောင်မှ အထူးအလေးထားပြီးတော့ အမျိုးသမီးရေး ကိစ္စတွေ လုပ်သွားမယ်။

အထူးသဖြင့် အမျိုးသမီးတွေ အကြမ်းဖက်မှုမှ ကာကွယ်ရေးကိစ္စကို ကျွန်မတို့ အထူးအလေးထားပြီး ဖြေရှင်းရမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ အမျိုးသမီးတွေ နည်းအမျိုးမျိုးနဲ့ အကြမ်းဖက် ခံနေ ရတယ်ပေါ့နော်။ အဲ့ဒီအတွက်ကို ထိရောက်တဲ့မူတွေ ခုထက်ထိ မရှိသေးဘူး။ ကျွန်မတို့ရဲ့ အာဆီယံ ၉ နိုင်ငံက ရှိပြီးပြီ။ ၁၀ နိုင်ငံမှာ ကျွန်မတို့ ၁ နိုင်ငံကပဲ မပြဋ္ဌာန်း ရသေးတာ။ ဒါဟာ ကျွန်မတို့ အတွက် ရှက်စရာကောင်းတယ်။

ဒါကြောင့်မို့လို့ အာဆီယံ နိုင်ငံရဲ့ခေါင်းဆောင် တစ်ခုအနေနဲ့ အမျိုးသမီးများ အကြမ်းဖက်မှု ကာကွယ်ရေး ဆိုင်ရာ ဥပဒေတွေ ရေးဆွဲဖို့ဆိုလို့ရှိရင် လွှတ်တော်ထဲကို အမျိုးသမီးတွေ အများကြီးရောက်မှဖြစ် မယ်။ ဒါကြောင့် မို့လို့ လွှတ်တော်ထဲကို အမျိုးသမီးတွေ အများကြီး ရောက်ဖို့အတွက် လူထုက ကျွန်မတို့ အမျိုးသမီးထုကို စဉ်းစား ကြပါ။

လွှတ်တော်ထဲမှာ အမျိုးသမီးတွေ ပါခြင်းအားဖြင့် ကျွန်မတို့ရဲ့ ပြည်သူဘဝက လုံခြုံစိတ်ချရပါတယ်။ ဒါဟာ ခိုင်မာတဲ့သက်သေတွေ ရှိပြီးပြီ။ နိုင်ငံတကာမှာ သုတေသနတွေ လုပ်ထားတာ အများကြီးရှိတယ်။ အမျိုးသမီးတွေ လွှတ်တော်ထဲပါလု့ိရှိရင် အမျိုးသမီးဆိုတဲ့ သဘောက သူက ပြည်သူကို Service ပေးဖို့ အရမ်းအားသန်တယ်။ သူက ပြည်သူဆီက ယူဖို့ထက် ပြည်သူကို ပေးဖို့စိတ်က သူကပိုများတယ်။

ဒါကြောင့်မို့လို့ ကျွန်မတို့ လွှတ်တော်ထဲမှာ အမျိုးသမီးတွေ အများကြီး ပါခြင်းအားဖြင့် ပြည်သူကိုပေးတဲ့ လွှတ်တော်တွေ ဖြစ်လာမှာ သေချာတယ်။ ပြည်သူ့ဆီက ယူတဲ့ လွှတ်တော် မဟုတ်ဘဲနဲ့ ပြည်သူ ကို ပေးတဲ့ လွှတ်တော်တွေ ဖြစ်လာမှာ သေချာတယ်ပေါ့နော်။ ဒါကြောင့်မို့ိလို့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များများ ကို လွှတ်တော်ကို အရောက်ပို့ပေးပါလို့ ကျွန်မ လူထုကြီးကို မေတ္တာရပ်ခံပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required