ကချင်အမျိုးသမီးဘဝမြှင့်တင်ရေးလုပ်ဖို့ ရည်ရွယ်ထားသည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှ ဝင်ပြိုင်မည့် ဒေါ်ဂျာတောင်နှင့် မေးမြန်းခြင်း

ကချင်အမျိုးသမီးဘဝမြှင့်တင်ရေးလုပ်ဖို့ ရည်ရွယ်ထားသည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှ ဝင်ပြိုင်မည့် ဒေါ်ဂျာတောင်နှင့် မေးမြန်းခြင်း

ချင်းမိုင်၊ စက်တင်ဘာ ၁၁ ။          ။ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ဝင် ကချင်အမျိုးသမီးဒေါ်ဂျာတောင်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အသက် ၆၈ နှစ်အရွယ် ဒေါ်ဂျာတောင်သည် ဖဆပလ ခေတ်က ကချင်ပြည်နယ် ဘဏ္ဍာရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒူဝါ ရဝမ်လီ၏ သမီးအကြီးဆုံး ဖြစ်သည်။ မြစ်ကြီးနားမြို့ ယုဇနရပ်ကွက် တွင်နေထိုင်နေပြီး လက်ရှိတွင် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး၊ ကချင်နှစ်ခြင်းခရစ်ယာအဖွဲ့ချုပ်တွင် အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌအဖြစ်၊ ဘဏ္ဍာထိန်း လုပ်ငန်းများကို လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်သည်။

KSDP ပါတီကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒု-ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သောပါတီဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ကချင်ပြည်နယ်အတွင်းရှိ မဲဆန္ဒယ်များမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်ပေါင်း ၅၅ ဦး တွင် ဒေါ်ဂျာတောင်အပါအဝင် အမျိုးသမီး ၈ ဦးလည်း ပါသည်။

မေး ။   ။ KSDP ပါတီကနေ ဝင်ပြိုင်ဖို့ ကိုယ့်သဘောနဲ့ကိုယ် ရွေးချယ်ခဲ့တာလား။

ဖြေ ။      ။ ပါတီစဖွဲ့ကတည်းနေ စပြီး အမှန်ဆို ဒေါက်တာတူးဂျာတို့နဲ့ အဖေနဲ့ အရင်တုန်းက ဆရာစဘွဲဂျွမ်တို့နဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းခဲ့ဖူးတယ် ဆိုတော့ အဖေရဲ့ သွေး၊ အဖေ့ရဲ့ စိတ်ဓါတ်နဲ့ ကျမလုပ်ကိုင် တာတွေ၊ ကျမစိတ်ဓါတ်ကို သိပြီး ကျမကို ဝင်ပြိုင်ဖို့ပြောတာ ကြာပြီ။ နောက်ဆုံး ပြည်သူ့လွတ်တော်မှာ ယှဉ်ပြိုင်ပါဆိုလို့ ကျမကြိုးစားပါ့မယ်ဆိုပြီး လုပ်တယ်။ ကျမရဲ့ အကျင့်ကလည်း လုပ်ပြီဆိုရင် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ပေါ့။ အာပလာ မလုပ်ဘူး။ တိုင်းပြည် အတွက် အကျိုးရှိမယ်ဆိုရင် ကျမကြိုးစားမယ်။ ပြည်သူလူထုက ရွေးလိုက်တယ်ဆိုရင် ကျမက ကျမ အဖေရဲ့ လက်နဲ့ ရေးတာကို ကျမက ဆက်ပြီး ရေးဖို့ပဲ ရှိတယ်။ အဲဒီလိုမျိုး စိတ်ဓါတ်နဲ့ ဝင်ပြိုင်တာပါ။ နောက်ပြီးတော့ ကျမတို့ ကချင်ပြည်နယ် တိုးတက်ဖို့အတွက် အကောင်းဆုံးနဲ့ ကျမတတ်နိုင်သလောက် ပြောခွင့်ရှိတဲ့ အာဏာ ကျမလက်ထဲမှာ ပြောနိုင်တဲ့အချိန်ရောက်လာရင် ကျမသွားပြောမယ်။ ကျမ ဒီစကား ပြောလိုက်လို့ ကျမကို ပြည်သူလူထုက ဖယ်ဆိုရင် လည်း ကျမက အေးအေးဆေးဆေးဆင်းလာနိုင်မယ့်သတ္တိ ကျမမှာ ရှိတယ်။

မေး ။   ။ ပါတီစည်းရုံးရေး ဆင်းနေပြီလား။ ဘယ်လို ပုံစံတွေနဲ့ မဲဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်နေတာလဲ။

ဖြေ ။      ။ အပြောင်းအလဲဖြစ်ဖို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီကို မဲပေးကြစို့၊ ကျမနှလုံးသားထဲကနေ ထွက်လာတာက ကျမတို့ ကချင်ပြည်နယ်သူ ပြည်နယ်သားများအတွက် အချိန်တန်ပြီ။ ပြည်နယ် အတွက်တကယ် အကျိုးရှိမဲ့လူကို သေချာ စဉ်းစားပြီး မဲထည့်ကြဖို့ ပြောတယ်။

စည်းရုံးရေးဝင်ဖို့ တရားဝင် မထုတ်ပြန်ခင်ကတည်းက ဝိုင်းမော်တို့မှာသွားပြီး စစ်ပြေးဒုက္ခသည်တွေကို သွားရောက် တွေ့ဆုံတယ်။ လှူနိုင်သမျှ သွားလှူတယ်။

သွားတွေ့တယ်။ ရွေးကောက်ပွဲအတွက် ကျမတို့ပါတီက အားလုံးကို မိတ်ဆက်တာတွေ သွားပြောတယ်။ အခု အစိုးရသတ်မှတ်တဲ့ ၈ ရက်နေ့ကနေ စပြီးတော့ နောက်လာမယ့် အပတ်မှာ ဆဒုံးဘက်မှ ဆိုင်းဘုတ် မတင်ရသေးဘူး။ ကော်မရှင်ကို တပတ်ကြိုတင် တင်ရမယ်ဆိုလို့ တပတ်ကြိုတင်ထားတယ်။ ၁၅၊ ၁၆ ရက်နေ့မှာ ကျမတို့ ပိုစတာသွားကပ်မယ်။ စည်းရုံးရေးဆင်းမယ်။ ပြင်ဆင်မှုက KSDP ကနေ ကချင်ပြည်နယ်အတွင်း ဘယ်လို လုပ်သွားမယ်ဆိုပြီးပြီ၊ ရင်ဖွင့်ထားတဲ့ခွေတွေ၊ တီရှပ်တွေ ဝေပေးမယ်။ ကျမကိုယ်ရေးရာဇဝင်နဲ့ ကျမရဲ့ ခံယူချက်၊ ပါတီရဲ့ ပေါ်လစီတွေ လိုက်ဝေမယ်။ ကိုယ့်အားနဲ့ ကျမတို့ပါတီက အမှန်အတိုင်း ပြောရရင် ငွေအားမရှိပါဘူး။ ကိုယ့်ဟာ ကိုယ်ဘဲ အရင်တုန်းက ကျမအဖေလုပ်ခဲ့သလိုပေါ့။ အဖေ ဝန်ကြီးဖြစ်ပြီး ကျမတို့ ချဉ်ပေါင်ဟင်းရည်သောက်ပြီး နေခဲ့ရတယ်လေ။

မေး ။   ။ မဲဆွယ်စည်းရုံးတဲ့အခါမှာ ရံပုံငွေအတွက် အခက်အခဲတွေ ရှိလား။

ဖြေ ။    ။ ကျမတို့ ပါတီက နိုင်ငံရေးကို တကယ်စိတ်ပါပြီးမှ တိုင်းပြည်အတွက် ကိုယ့်ပြည်နယ်အတွက် ကြိုစားဝင်တဲ့လူက ၈၅ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အဲဒီထဲမှာ အားလုံးကလည်း သိတဲ့အတိုင်း စားဝတ်နေရေးကအစ အခက်အခဲရှိနေတာကြီး ဘဲ။ အဖွဲ့အစည်းမှာလည်း ရံပုံငွေ မရှိပါဘူး။ ကျမတိ့ု့ ဆိုင်းဘုတ်လည်း ထောင်တာတောင် ၅ သောင်း၊ ၁ သိန်း ကျတာ တောင် တော်တော်လေးကို လက်လှမ်းမမီတဲ့နေရာလောက်ကိုဘဲ သူတို့ ထုတ်ပေးနိုင်တယ်။ ကျန်တာ ကိုယ့်စရိတ်နဲ့ ကိုယ်ပဲ။ ကျမလည်း တာဝန်ပေးလာပြီဆိုတော့ ရှိတာအကုန်လုံး ထုတ်ပြီးမှ လုပ်နေတာပါဘဲ။

မေး ။   ။ အမျိုးသမီးတစ်ဦးအနေနဲ့ နိုင်ငံရေးမှာဘာကြောင့် ဝင်လာခဲ့ရတာလဲ။

ဖြေ။     ။ ခုနပြောသလိုပေ့ါ။ စိတ်ပါဝင်စားခဲ့တာကတော့ ကြာပါပြီ။ သို့သော် ကိုယ်ကလည်း ကိုယ့်သားသမီးတွေ ငယ်သေးတဲ့ အတွက်ကြောင့်ရော။ ကိုယ်လည်း စီးပွားရေးတဖက်နဲ့ သားသမီးတွေကို ပျိုးထောင်လာခဲ့တဲ့ အချိန်တွေကြာပြီ။ ခုမှ ဒေါက်တူးဂျာက အဖေရဲ့ ခြေရာကိုလည်း နင်းရမယ်။ နောက်ပြီးမှ ဆရာမရဲ့ အတွင်းစိတ်ဓါတ်တွေ သိတော့ တိုင်းပြည် အတွက် အလုပ်လုပ်ဖို့ ကောင်းတယ် ဆိုပြီးပြောလာတော့ ဒါဆိုရင်လည်း တတ်နိုင်လောက် တိုင်းပြည်အတွက် အုတ်တချပ်သဲတပွင့် အနေနဲ့ ပါဝင်ပေါ့ဆိုပြီး ပါဝင်ရတာပါ။

မေး ။   ။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် အဓိက ဘာတွေ လုပ်ဆောင်သွားမယ်လို့ စိတ်ကူးထားလဲ။

ဖြေ။     ။ တကယ်လို့ နိုင်ငံရေးအပိုင်းမှာ ကျမတို့ အမျိုးသမီးတွေ ပါဝင်ရေးဆိုရင် လက်ရှိ မြန်မာပြည်မှာ ကျမတို့နိုင်ငံက အခုက သူများနိုင်ငံနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ကြိုးစားနေတဲ့အဆင့်လောက်ဘဲ ရှိသေးတဲ့အတွက်ကြောင့် တိုင်းတပါးတွေလို ဟိုးမိုးပေါ်ထိလည်း မမှန်းပါဘူး။ အထူးသဖြင့် ကျမတို့ ယဉ်ကျေးမှုအရ ကျမတို့ ကချင်အမျိုးသမီးတွေ မီးဖိုချောင်မှာ နေပြီးတော့ အချိန်ကုန်တာကိုတော်လှန်ပြီးမှ တဆင့်တက်သွားအောင် စားဝတ်နေရေး၊ သူတို့ရဲ့ အတတ်ပညာ၊ အသိပညာကွင်းဆင်းပြီး ပညာပေးတာတွေရှိမယ်။

နောက်ပြီးတော့ အလုပ်လက်မဲ့တွေကိုလည်း အထူူးသဖြင့် မိသားစုတခုမှ အမျိုးသမီးတွေကို များများမြင့်တင်ပေးဖို့အတွက် စိတ်ကူးတယ်။ မြန်မာပြည်မှာ လုပ်ကိုင်စားသောက်လို့ မရလို့ နိုင်ငံခြားကို ထွက်ပြီးတော့ အမျိုးမျိုး မသမာတဲ့နည်းနဲ့ အမျိုးသမီးတွေကို အနိုင်ကျင့်တာတွေကို ထိထိရောက် ရောက်အကောင်အထည်ဖော်သွားမယ် နံပါတ်တစ်က။ နံပါတ်နှစ်က အိမ်မှာ မိခင်အဓိကဖြစ်တဲ့ အတွက်ကြောင့် သားသမီးတွေ ဆိုဆုံးမနိုင်အောင် သားသမီးတွေအတွက် အမျိုးသမီးတွေကို ပညာပေးတဲ့ဟာတွေ လုပ်မယ်။

နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူပြည်သားတွေ ကိုယ်စား ဗဟိုကို တင်ပြနိုင်မှ ဗဟိုကနေတဆင့် ဘယ်မှာ ဘာဖြစ်တယ် ဆိုတာ သိမှ လုပ်ဆောင်ပေးနိုင်တယ်လေ။ အဲဒီလို အခွင့်အရေးရဖို့ ကလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့ နေရာမှာ သူတို့ ရွေးသလို ပါသွားရင်လည်း တကယ်ဘဲ ကိုယ်ကျိုးမဲ့ နှောင်ဖွဲ့မဲ့တဲ့ စိတ်ဓါတ်နဲ့ဘဲ တကယ်တိုင်းပြည်အတွက် အကျိုးရှိမဲ့ဥစ္စာ အကျိုးဝင်မဲ့ ဘောင်ထဲကနေ ကျမတို့က မကြောက်မရွှံ့ဘဲနဲ့ အမှန်တရားကို တင်ပြနိုင်မယ်ဆိုတဲ့ ဆန္ဒရှိလို့ လဲ ကျမက အဲဒီလို စိတ်နဲ့ဝင်တာပါ။ တန်းတူအခွင့်အရေးကို ရဖို့ ယုံလည်း ယုံကြည်တယ်။ ကြိုးလည်း ကြိုးသွားမယ်။

ကျမတို့ ကချင်ပြည်နယ်မှာ ကချင်အမျိုးသမီးတွေက မျက်စိမမြင် နားမကြားသလိုရှိတဲ့ ကချင်တိုင်းရင်းသူတွေ အများကြီးရှိတဲ့အချိန်မှာ ကျမတို့က ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး တိုင်းတပါးက ပညာရှင်၊ အတတ်ပညရှင်တွေကို share လုပ်ပြီး တိုင်းတပါးနဲ့ တန်းတူဖြစ်လာအောင်၊ ကချင်လူမျိုးတုခုထဲပြောတာ မဟုတ်ပါဘူး။ ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်း၊ ဗမာ အစုံရှိတဲ့ အမျိုးသမီးတွေရဲ့မျက်စိကို ဖွင့်ပေးပြီးတော့ တနေ့ကျရင် လက်မထောင်နိုင်တဲ့ တိုင်းပြည်တစ်ခုဖြစ်လာမယ်လို့ မျှော်လင့်တယ်လေ။

မေး ။   ။ အခုဝင်ပြိုင်မဲ့ မဲဆန္ဒနယ်မှာ အမနဲ့အတူ ယှဉ်ပြိုင်မဲ့ ကိုယ်စားလှယ် ဘယ်နှစ်ယောက်ရှိလဲ။

ဖြေ ။      ။ ကျမနဲ့ ယှဉ်ပြိုင်ဖို့ ကြံ့ခိုင်ရေးပါတီ၊ တစည၊ ကျားဖြူပါတီ၊ တိုင်းလျဲန်ရှမ်း (ရှမ်းနီ) ပါတီ၊ NDF၊ ကချင်ဒီမိုကရက် တစ်ပါတီ၊ NLD၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုယ်စားလှယ် ၁၁ ယောက် ရှိတယ်။

မေး ။   ။ အမအနေနဲ့ ဒီမဲဆန္ဒနယ်ကနေ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားလား။

ဖြေ ။      ။ ယုံကြည်မှုတော့ ရှိတယ်။ ဘုရားသခင်ရဲ့ အလိုတော်ပေါ့။ ဘုရားသခင်ခိုင်းရင်တော့ ရမှာပေါ့။ ယုံကြည်မှုက ကျမ အပြည့်ရှိတယ်။

မေး ။   ။ သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အပေါ် ဘယ်လိုသဘောရလဲ။

ဖြေ ။      ။ ကိုယ်ကလည်း ပြည်သူထဲက ပြည်သားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် အများပြည်သူရဲ့ ဆန္ဒနဲ့ ကျမဆန္ဒလည်း တထပ်တည်းပါပဲ။ သို့သော်လည်း ကိုယ်က ဘောင်ထဲမှာနေတဲ့ လူတယောက်ဖြစ်တဲ့အတွက်ကြောင့် ဘောင်ကနေ ငြိမ်းချမ်းရေးကို လိုချင်တယ်လေ။

နောက်တခုက ဒီနှစ် ပြည်ထောင်စုနေ့ နေပြည်တော်မှာ ကိုယ်စားတက်ခဲ့ဖူးပါတယ်။ အဲဒီမှာလည်း ငြိမ်းချမ်းရေးအတွက် ပါတီရဲ့ ခွင့်ပြုချက်အရ ပါတီကိုယ်စား ကျမ ဆိုင်း (sign) ထိုးခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဆိုတာက ဘယ်နိုင်ငံဖြစ်ဖြစ် အားလုံးက တဖက်နဲ့တဖက်က အကောင်းဆုံး နည်းလမ်းရှာလို့ရှိရင် တစ်နေ့တော့ရလိမ့်မယ်လို့ ထင်တယ်။ လက်ရှိ အစိုးရကလည်း သိပ်မတင်းဘူး။ ကျမတို့ ညီနောင်မောင်နှမတွေလည်း သိပ်မတင်းကြဘူး။ အတတ်နိုင်ဆုံး ဖိနှိပ်မှုတွေ ကင်းကွာပြီးမှ တန်းတူညီမျှ အုပ်ချုပ်နေမှု၊ တန်းတူညီမှု ပေးနိုင်မယ်ဆိုရင် ဘယ်နိုင်ငံမဆို ငြိမ်းချမ်းတာပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly