တရားစွဲခံရရင် ဘာနစ်နာမလဲ

တရားစွဲခံရရင် ဘာနစ်နာမလဲ

ကိုမျိုးသန့်ရေ

အခုရက်ပိုင်း လပိုင်းတွေဟာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကာလလို့ ပြောမယ်ဆိုရင် မမှားနိုင်ပါဘူးနော။ နှစ်ပေါင်း များစွာအတွင်း မြို့ပေါ် အင်အားစုတွေ အားလုံး ပါဝင်မယ့် ရွေးကောက်ပွဲကျင်းပဖို့ အစီအစဉ် စတင်လာတာ ခုဆိုရင် အမတ်လောင်းတွေ မဲဆွယ်ခွင့်ရတဲ့ အချိန်ကိုတောင် ရောက်ခဲ့ပါပြီ။ နောက် အစိုးရနဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေကြတဲ့ လုပ်ငန်းစဉ်ကလည်း အထွတ်အထိပ်ကို ရောက်လာခဲ့တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သမ္မတ အပါအဝင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ဝင်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ ရဲ့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြသေးတယ် မဟုတ်လား။ ဒီ ဖြစ်စဉ်တွေ အားလုံးကို နိုင်ငံတကာကလည်း စိတ်တဝင်စား စောင့်ကြည့်နေကြပြီး ကျွန်တော် တို့တွေလည်း အလုပ် တွေ အများကြီး လုပ်နေကြရပါတယ်။

ဒါနဲ့ ဆက်စပ်ပြီး ကျွန်တော်ပြောချင်တာက ဒီလိုပါ။ ထိပ်သီး အစည်းအဝေးပြီးတဲ့ နောက်မှာ အစိုးရဘက်ကနေ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးဖို့ လမ်းဖွင့်ပေးလိုက်ပြီ။ အကြမ်းဖျဉ်း အောက်တိုဘာ ပထမအပတ်မှာ စပြီး လက်မှတ်ထိုးကြ မယ်၊ အဲဒီမှာ အစိုးရက ကမ်းလှမ်းထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အုပ်စုတွေဘက်က အဖွဲ့အားလုံး လက်မှတ်ထိုးမလား၊ မထိုးဘူးလား မသေချာသေးပေမယ့် အဖွဲ့တချို့ကတော့ လက်မှတ်ရေးထိုးမယ်ဆိုတာ သေချာသလောက် ရှိနေပါပြီ။ ပြီးရင် NCA စာချုပ်ပါအတိုင်း စာချုပ်လက်မှတ် ရေးထိုးပြီးတာနဲ့ ချက်ချင်းလက်ငင်း စပြီးအကောင်အထည် ဖော်ရမယ့် လုပ်ငန်းတွေဆိုတာ ရှိလာပါတယ်။ အဲဒီ အစီအစဉ်တွေအရ နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်သူ တွေနဲ့ ကျင်းပမယ်၊ ဘာအကြောင်းအရာတွေ ပါဝင်မယ်ဆိုတဲ့ မူဘောင် တစ်ရပ်ကို ရက်ပေါင်း ၆၀ အတွင်း ပြီးပြတ်အောင် ရေးဆွဲရမယ်ဆိုပြီး ပါပါတယ်။ တစ်ဆက်တည်း စာချုပ် လက်မှတ် ထိုးပြီးတာနဲ့ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ရမယ်လို့ ဆိုထားတဲ့ ကိစ္စတွေ ရှိနေပါတယ်။

အဲဒီကိစ္စတွေကို ရှင်းလင်းပြဖို့ဆိုပြီး မြန်မာငြိမ်းချမ်းရေး စင်တာက စက်တင်ဘာ ၁၁ ရက်နေ့မှာ လုပ်မယ့် အလုပ်ရုံဆွေးနွေးပွဲတက်ဖို့ သတင်းစာဆရာ တစ်ယောက်အနေနဲ့ ကျွန်တော့်ကို ဖိတ်ပါတယ်။ ကျွန်တော်နဲ့အတူ သတင်းစာဆရာတွေ၊ စာရေးဆရာတွေ၊ နိုင်ငံ ရေးပါတီ ခေါင်းဆောင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းက တာဝန်ရှိသူတွေ၊ ပညာရှင်တွေ အများအပြားကို ဖိတ်တာပါ။ ကျွန်တော် အလွန် သွားတက်ချင်ပါတယ်။ အပစ်ရပ် စာချုပ်အပြီး သက် အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေကို ကျွန်တော် အလွန် သိချင်နေပါတယ်။ ဒါပေမဲ့ ဒါပေမဲ့လည်း ပေါ့လေ။

ကိုမျိုးသန့်ရေ

အဲဒီနေ့ဟာ ဒေါက်တာသန်းထွဋ်အောင် စီအီးအိုအဖြစ် တာဝန်ယူထားတဲ့ အလဲဗင်း မီဒီယာက ကျွန်တော်နဲ့ ရန်ကုန်မီဒီယာဂရုဖ် စီအီးအို ဦးကိုကို(စက်မှု) တို့ကို နစ်နာကြေးငွေ သိန်း ၅,၀၀၀ ရလိုကြောင်း တရားမမှုနဲ့ စွဲဆိုထားတဲ့ အမှုရုံးချိန်းနေ့ ဖြစ်နေတာပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းစာမှာ ကျွန်တော်ရေးခဲ့တဲ့ “ အောက်ပိုင်း တိုက်ခိုက်ခံရသူ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း” ဆောင်းပါးဖော်ပြတာနဲ့ပတ်သက်ပြီး သူတို့ကုမ္ပဏီ နစ်နာတယ်ဆိုပြီး အလဲဗင်း မီဒီယာဂရုဖ်က တရားစွဲထားတဲ့ တရားမမှုပါ။ ခုဆိုရင် ရန်ကုန်တိုင်း(မ်) သတင်းစာဆိုတာတောင် ရပ်ဆိုင်း သွားပြီး မရှိတော့ တာတောင် ကြာပါပြီ။ အမှုက ဆက်သွားနေဆဲ။ ဖြစ်ချင်တော့ အဲဒီနေ့မှာ ကျွန်တော်ဟာ တရားပြိုင် အနေနဲ့ တရားရုံးမှာ ထွက်ဆိုရမှာမို့ ဖြစ်ပါတယ်။ တရားရုံးဟာ အရေးကြီးတယ် မဟုတ်လား။ ဒါကြောင့် အဲဒီနေ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ လုပ်မယ့် အလုပ်ရုံဆွေးနွေးပွဲကို ကျွန်တော် မတက်နိုင် ပျက်ကွက်ခဲ့ပါတယ်။

ဒါက ဘာကိုပြသလဲဆိုရင် တရားစွဲခံရရင် နစ်နာဆုံးရှုံးမှု ရှိနိုင်တယ်ဆိုတာကို ပြဆို တာပါ။ တရားရုံးမှာ အမှုက ကြာရင် ကြာသလောက် တရားစွဲခံရသူ နစ်နာနိုင်တယ်ဆိုတာ ကျွန်တော် သိလိုက်ရ ပါတယ်။ ကျွန်တော် တရားစွဲခံရတာကလည်း တခြားကိစ္စကြောင့် မဟုတ်ပါဘူး။ သတင်းဝေဖန်ချက် ဆောင်းပါးရေးသားလို့ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားစွဲခံရရုံနဲ့ လွတ်လပ်စွာ ရေးသားခွင့်ကို စွန့်လွှတ်ဖို့အထိတော့ ကျွန်တော် မစဉ်းစား ပါဘူး။ ကျွန်တော်ကတော့ တရားရုံးမှာ ဆောင်းပါးရေးသားခဲ့မှုနဲ့ ပတ်သက်ပြီး တိုတိုပဲ ထွက်ဆိုခဲ့ပါတယ်ဗျာ။

အကြမ်းဖျင်းလောက်ဆို ကျွန်တော်ဟာ ၁၉၉၇ မှာ စာနယ်ဇင်းလောကကို စပြီး ဝင်ရောက်တယ်။ ၁၈ နှစ်အတွင်း မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာပေါင်းများစွာမှာ သတင်း၊ သတင်းဆောင်းပါး၊ အထူးဆောင်းပါး၊ အင်တာဗျူး စတာတွေ အမြောက်အမြား ရေးသားခဲ့ တယ်၊ ၂၀၀၂ ခုနှစ်မှာ ကိုယ်တိုင် ထုတ်ဝေသူ အယ်ဒီတာချုပ်လုပ်ပြီး ဂျာနယ်တစ်စောင် ထုတ်ဝေခဲ့ဖူးတယ်၊ လက်ရှိ မဇ္ဈိမ ဒီဂျစ်တယ် သတင်းစာအတွက် နေ့စဉ် သတင်းဝေဖန်ချက် ဆောင်းပါးတွေ ရေးနေပါတယ်၊ မြန်မာတိုင်းမ်(မြန်မာ) (အင်္ဂလိပ်)၊ မြန်မာပို့စ်၊ မြန်မာပို့စ် ဂလို ဘယ်လ်၊ ပြည်သူ့ခေတ်၊ မြန်မာသံတော်ဆင့်၊ ရန်ကုန်တိုင်းမ် ဂျာနယ်တွေမှာ အပတ်စဉ် ဆောင်းပါး ရေးနေတယ်၊ အမေရိကန် အခြေစိုက် VOA အသံလွှင့်ဌာနမှာ သတင်းဝေဖန် သုံးသပ်ချက်ဆောင်းပါး အသံလွှင့်နေတယ် စသဖြင့် ထွက်ဆိုပါတယ်။

တရားစွဲထားတဲ့ ဆောင်းပါးကို အဲဒီအချိန်က စာနယ်ဇင်းတွေမှာ ဖော်ပြနေကြတဲ့ သတင်း၊ ဆောင်းပါး၊ ကာတွန်းတွေမှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ ရေးသားလာကြလို့ ဒါကို ထောက်ပြရေးသား ခဲ့တာသာ ဖြစ်ပါတယ်ဆိုပြီး ထွက်ဆိုခဲ့ပါကြောင်းပါ။

ကျန်းမာ ပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags