အမေရိကန် သံအမတ်အား သစ်သီးလှီးဓါးဖြင့် တိုက်ခိုက်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား ထောင် ၁၂ နှစ်ကျ

အမေရိကန် သံအမတ်အား သစ်သီးလှီးဓါးဖြင့် တိုက်ခိုက်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား ထောင် ၁၂ နှစ်ကျ

စက်တင်ဘာ ၁၁ ။        ။ ၂၀၁၅ ခုနှစ် မတ်လက ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားတစ်ရပ်တွင် အမေရိကန် သံအမတ်၏ မျက်နှာအား ဓားဖြင့်တိုက်ခိုက်ခဲ့သည့် တောင်ကိုရီးယားအမျိုးသားကို စက်တင်ဘာ ၁၁ ရက်တွင် တရားရုံးက ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်သည်။

အသက် ၅၅ နှစ် အရွယ်ရှိ ကင်မ်ကီဂျုံ Kim Ki-jone ဆိုသူ ကို တရားရုံးက လူသတ်ရန် ကြိုးပမ်းခဲ့မှုဖြင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။ တိုက်ခိုက်ခံခဲ့ရသည့်အမေရိကန် သံအမတ် လစ်ပါ့ Lippert သည် မျက်နှာနှင့် လက်ကောက်ဝတ်တို့တွင် ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ငါးရက်ကြာ ဆေးရုံတွင် ကုသမှု ခံယူခဲ့ရသည်။

ယခုကဲ့သို့တိုက်ခိုက်ရခြင်းမှာ အမေရိကန်တို့နှင့် တောင်ကိုရီးယားနှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ကန့်ကွက်သည့်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ကင်မ်က ထွက်ဆိုခဲ့သည်။

မြောက်ကိုရီးယားဘက်သို့ ခုနှစ်ကြိမ်သွားရောက်ထားခဲ့သည့် ကင်မ်သည် ပြုံးယမ်းအစိုးရနှင့် လည်း ဆက်နွယ်မှုများ ရှိနိုင်သည့်အခြေအနေများကြောင့် ပြီးခဲ့သည့်သီတင်းပတ်က တရားလိုရှေ့နေများက ကင်မ်အား ထောင်ဒဏ် ၁၅ နှစ် ထိ ချမှတ်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။

သို့သော် ကင်မ်က ၎င်းအနေဖြင့် ပြုံးယမ်းအစိုးရနှင့် မည်သည့် ပတ်သက်မှုမှ မရှိဟု ငြင်းဆိုခဲ့သည်။ ယခုပြစ်ဒဏ်သည် ကင်မ် နှင့် ထိုက်သင့် ကြောင်း မြောက်ကိုရီးယားမီဒီယာများက ပြောဆိုခဲ့သော်လည်း ယင်းဖြစ်စဉ်တွင် ၎င်းတို့ဘက်က တစ်စုံတစ်ရာပါဝင်ပတ်သက်မှုမျိုး မရှိခဲ့ဟု ငြင်းဆိုသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly