ပြောင်းလဲဖို့လိုပြီဆိုတဲ့ ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဝန်ထမ်းဘဝမှာ ဘယ်လို အလွဲတွေနဲ့ တွေ့ကြံုခဲ့သလဲ

ပြောင်းလဲဖို့လိုပြီဆိုတဲ့ ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဝန်ထမ်းဘဝမှာ ဘယ်လို အလွဲတွေနဲ့ တွေ့ကြံုခဲ့သလဲ
အပြောင်းအလဲ လိုပြီလို့ဆိုတဲ့ မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းဝင်း

မန္တလေး၊ စက်တင်ဘာ ၁၁။            ။ မန္တလေး ဆေးတက္ကသိုလ် အငြိမ်းစား ပါမေက္ခချုပ် ဒေါက်တာ သန်းဝင်းက အပြောင်းအလဲ လုပ်ဖို့လိုပြီဟု ပြောဆိုလိုက်သည်။ သူသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုကာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)၊  (ချမ်းအေးသာဇံ၊ အောင်မြေသာစံ ၊ပုသိမ်ကြီး)တို့မှ အမျိုးသားလွှတ်တော်အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။

သူပြောင်းလဲလိုသည့် ကိစ္စရပ်များ၊ ဝန်ထမ်းဘဝ နှစ်၃၀ ကျော်အတွင်း တွေ့ကြုံခဲ့သည့် အတွေ့အကြုံ၊ ဌာနတွင်း အလွဲများ စသည်တို့ကို မဇ္ဈိမ သတင်းထောက် အောင်ကိုဦးက မေးမြန်းထားခြင်းဖြစ်သည်။

အစိုးရဝန်ထမ်းဟောင်း ပါမောက္ခချုပ် တစ်ယောက်အနေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကနေ ရွေးကောက်ပွဲ ဝင်ရောက်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ဘာဖြစ်မလဲခင်ဗျာ။။

ဝန်ထမ်းအနေနဲ့ကတော့ ကျွန်တော် ၁၉၈၁ ကနေပြီး လက်ထောက် ဆရာဝန်အဆင့် ကနေ သရုပ်ပြ ဆရာဝန်ဘ၀ ကနေပြီးတော့မှ ၃၁နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ ဧပြီမှာ သက်ပြည့် အငြိမ်းစား ယူပါတယ်။ ပါမောက္ခချုပ်အဖြစ် ငါးနှစ်ကျော် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။

ဝန်ထမ်း အနေနဲ့တုန်းကတော့ ကျွန်တော်တို့က ဝန်ထမ်းစည်းကမ်းအရ ပါတီဝင်လို့ လည်းမရဘူး။ နိုင်ငံရေး လုပ်ခွင့်လည်း မရှိဘူး။ အဲ့လို မရှိသော်လည်းပဲ ဝန်ထမ်း ဘဝမှာကတည်းကိုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင်ပေါ်ပေါက် လာကတည်းကိုက ၁၉၈၈ အရေးတော်ပုံ ကတည်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုရော အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုရော အဲဒီတုန်းက ခေါင်းဆောင်တွေ အကုန်းလုံးပေါ့။ လက်ရှိတဲ့ ဦးတင်ဦးတို့ကိုရော လေးစားထောက်ခံ ခဲ့တာပါ။

လက်တွေ့တော့ ကိုယ်တိုင်ပါဝင်လို့ မရဘူးပေါ့။ ဝန်ထမ်း အနေနဲ့ဆိုတော့ တတ်နိုင်သလောက် ပံ့ပိုးကူညီ ထောက်ခံခဲ့တယ်ပေါ့။ အဲဒီတော့ အငြိမ်းစား ယူပြီးပြီဆိုတော့ ကိုယ်တိုင် လွတ်လပ်စွာ လှုပ်ရှားခွင့် ရပြီပေါ့။ ဒီအချိန်မှာ အခုအပြောင်းအလဲ တွေကလည်း လိုနေတဲ့အချိန် ဖြစ်လာတဲ့ အတွက်ကြောင့်မို့ နိုင်ငံရေးထဲကို ထဲထဲဝင်ဝင် ကျွန်တော် ဝင်ရောက်လုပ်ကိုင်မယ်လို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဆုံးဖြတ်တဲ့ အချိန်မှာကျတော့လည်း အဲဒီတော့ ဘယ်ပါတီနဲ့ ဘယ်လို လှုပ်ရှားမလဲဆိုတာ စောစောက ပြောခဲ့တဲ့အတိုင်း ၁၉၈၈ကတည်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရော အခု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုရော ကျွန်တော်တို့က လေးစားတယ်။ယုံကြည်တယ်။ကိုးစားတယ်။

ဒီအဖွဲ့ချုပ်ကလည်း လူထုအတွက် အမြဲတမ်း မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ အဖွဲ့ဖြစ်တဲ့အတွက် ဒီအဖွဲ့ချုပ် အလံတော်အောက်မှာ ဥက္ကဋ္ဌရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်တာပါ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ရွေးကောက်ပွဲဝင်ဖို့ ဆရာ့ကို အရင် ကမ်းလှမ်းခဲ့တယ် ထင်ပါတယ်။ ဆိုတော့ ဆရာအဲဒီလို ကမ်းလှမ်းခံရတဲ့ အခါမှာ ဘယ်လိုမျိုး ခံစားချက် ဖြစ်ပေါ်မိပါသလဲ ခင်ဗျာ။

အဖွဲ့ချုပ် အနေနဲ့တော့ ရေဘုယျအားဖြင့် ခုနာကပြောသလို အထူးသဖြင့် ရပ်ကျေးပေါ့။ ကျွန်တော်တို့ ရပ်ကွက်က စိတ္တမဟီ ရပ်ကွက်မှာ ကျွန်တော် နေပါတယ်။ အဲဒီတော့ စိတ္တမဟီရပ်ကွက် ပါတီဝင်တွေအနေနဲ့ ပါတီဝင် မဟုတ်ခဲ့ သော်လည်းပဲ ထောက်ခံမှု၊ အားပေးမှု၊ ကူညီမှု၊ လှူဒါန်းမှုတွေကတော့ တောက်လျှောက် ရှိနေခဲ့တယ်။ အဲဒီတော့ ကမ်းလှမ်းတယ် ဆိုတာကျတော့လည်း တရားဝင်ကြီးတော့လည်း မဟုတ်ပါဘူး။

ဒါပေမယ့် ဟိုရပ်ကွက်အဆင့်ကရော နောက် မန္တလေးတိုင်း NLD အနေနဲ့ရော ရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အတွက် လူရှာ ကြတဲ့အချိန်ပေါ့။ ဒီအချိန်မှာတော့ ကမ်းလှမ်းတယ်ပဲ ပြောပြောပေါ့လေ။ ဆရာအရွေးခံဖို့ ဆိုတာမျိုး စပြီးတော့ ပြောပါတယ်။

ပြောတဲ့အချိန်ကတည်းက ပါတီအနေနဲ့ကလည်း ထောက်ခံပြီးသား ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်စဉ်းစားပါတယ်။ စဉ်းစားတဲ့ အချိန်ကျတော့ တစ်ဖက်ကလည်း လက်ရှိမှာ ပုဂ္ဂလိက ဆေးရုံတစ်ခုရဲ့ ဆေးရုံအုပ် အနေနဲ့ လခစားလုပ်နေတယ်။ အဲဒါကြောင့် ဆေးကုသမှုလည်း လုပ်နေတဲ့ အတွက်ကြောင့် ကျွန်တော့် အလုပ် ကျွန်တော့် စီးပွားရေးတွေလည်း ရှိတာပေါ့နော်။

ရှိပေမယ့်လည်း ဆုံးဖြတ်တဲ့အချိန်မှာ အဲဒီအချိန်မှာ ကျွန်တော့် အမျိုးသမီးလည်း ရှိနေတဲ့အတွက်ကြောင့် မိသားစုနဲ့ တိုင်ပင်ကြတယ်။ တိုင်ပင်တဲ့ အချိန်ကျတော့ လုပ်သင့်တာကို လုပ်ကြမယ်လို့ပဲ ဆုံးဖြတ်ခဲ့ကြတယ်။ အဲလို ဆုံးဖြတ်တဲ့အတွက် အခု အလုပ်လုပ်နေတဲ့ အခု စီးပွားပေါ့ဗျာ ဒီဆေးခန်းတွေ လစာဝင်ငွေတွေကို စွန့်လွှတ်ပြီးတော့ လုပ်တော့မယ်လို့ ကျွန်တော် ဆုံးဖြတ်ပါတယ်။

ဒီကြားထဲမှာကလည်း နောက်ဆုံး မဆုံးဖြတ်ခင်မှာလည်း ကျွန်တော့်ဇနီး ရုတ်တရက် ဆုံးပါးသွားပါတယ်။ ဆုံးပါး သွားပေမယ့်လည်း သိတဲ့အချိန်မှာ ကျတော့ တိုင်းကလည်း နောက်ထပ် ထပ်ပြီးတော့ မေးတဲ့ အချိန်မှာတော့ ဒါကြောင့်မို့လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပေါင်းပြီး ပါဝင်ပြီးတော့ ကျရာတာဝန် ထမ်းဆောင်ပါမယ်လို့ ကျွန်တော် ကတိပေးခဲ့ ပါတယ်။ ပါတီဝင်အဖြစ်လည်း ခံယူခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ရွေးကောက်ပွဲဝင်မယ်လို့ ဘာ့ကြောင့် ဆုံးဖြတ်ခဲ့တာလဲ။

စောစောက ပြောသလိုပဲ ကျွန်တော်တို့ ရပ်ကွက်ရော တိုင်းအဆင့်ကရော ဒီအထဲမှာ ကျွန်တော်နဲ့ သိကျွမ်းခဲ့တဲ့ လုူတွေလည်း ပါတယ်ပေါ့။ ဘာမှ ကတိကဝတ်တော့ မရှိပါဘူး။ ခုဏလိုပဲ ကိုယ်စားလှယ်လောင်း အတွက် တတ်သိ ပညာရှင်တွေထဲက အတွေ့အကြုံရှိတဲ့ သူတွေထဲက လိုချင်ပါတယ်ဆိုလို့ ဆရာလုပ်ပါ ဆိုပြီးတော့။ စောစောပိုင်းတုန်းက ကျွန်တော်က ကူညီတာပဲ ရှိပါတယ်။ ကျွန်တော် ပါတီဝင် မဖြစ်ခဲ့သေးပါဘူး။ ဒါပါပဲ တစ်ခြားဘာမှ အဆက်အသွယ် မရှိပါဘူး။

ဆရာ့ လက်ကမ်းစာစောင်တွေမှာ ပြောင်းလဲဖို့ ဆိုပြီးတော့ ရေးထားတာ တွေ့ပါတယ်။ ဆိုတော့ ဘာတွေကို ပြောင်းလဲ ချင်တာပါလဲ။ မပြောင်းမလဲ ဖြစ်နေတာတွေက ဘာတွေလို့ ဆရာမြင်ပါသလဲ။

ပြောင်းလဲဖို့ လိုပြီဆိုတာကတော့ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ လမ်းကြောင်း ဘက်ကနေ ပြောမယ်ဆိုရင် ကျွန်တော်သည် ဆရာဝန်လည်း ဖြစ်တယ်။ သားဖွားမီးယပ် အထူးကု ဆရာဝန်တစ်ယောက် အနေနဲ့ နောက်တစ်ခုက ကျောင်းဆရာပေါ့ ဆေးတက္ကသိုလ် ၃၂ နှစ်လုံးလုံးက သင်ကြားရေး တာဝန်၊ နောက်ပိုင်းတော့ သင်ကြားရေးရယ်၊ အုပ်ချုပ်ရေး တာဝန်ယူတဲ့ အချိန်ဆိုတော့ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ လမ်းကြောင်းမှာ ဥပမာ ဆရာဝန် လူနာ ဆက်ဆံရေးတွေ လူနာကို ကုသပေးရတာတွေ ဒီအပိုင်းတွေမှာလည်းပဲ အဆက်ဆက်သော တာဝန်ရှိခဲ့တဲ့သူတွေက ကျန်းမာရေးဝန်ကြီး ဌာနမှာဆိုလည်း လုပ်ဆောင် ခဲ့ကြတာပါပဲ။

ဒါပေမယ့် တစ်ချို့အပိုင်းတွေမှာကျတော့ တာဝန်ရှိတဲ့ လူတွေဆိုတာက ဝန်ကြီးဌာန အဆင့်မှာ ညွှန်ကြားရေးမှူး ချုပ်တွေ၊ ဝန်ကြီးတွေ တာဝန်ရှိတဲ့ သူတွေအဆင့်မှာကိုပဲ လုပ်လို့မရဘဲနဲ့ ပေါ်လစီပေါ့ဗျာ။ ဒါမှမဟုတ်လည်း အားလုံးရဲ့ သဘောထားပေါ့ဗျာ။ အဲဒါလေးတွေမှာ ကျော်လွှား မရတာလေးတွေ ရှိတယ်ဆိုတာ ကျွန်တော်လည်း ဒါပါမောက္ခချုပ် တာဝန်အထိယူခဲ့တဲ့ အတွက် ကျွန်တော် တွေ့ကြုံခဲ့တယ်။

ဒီလိုပဲ ပညာရေး အပိုင်းမှာလဲ ဒီလိုမျိုးပဲ။ ပညာရေးပိုင်းမှာကျတော့ ပိုပြီးတော့ သိလာရတာက ဟိုဘက် ခေတ်ကတည်းက ဟိုဘက်ခေတ်ဆိုတာက ဆိုရှယ်လစ် ခေတ်ကတည်းကရော နောက် နအဖ၊နဝတ စစ်အစိုးရခေတ် မှာလည်း ဒီအတိုင်းပဲ။ ကျွန်တော်တို့ အနေနဲ့ ဆရာဝန်အနေနဲ့ ကျောင်းဆရာအနေနဲ့က ပညာရေး အဆင့်အတန်းကို မြင့်မားဖို့။

ကျွန်တော်တို့ ဆေးပညာပိုင်းပေါ့လေ။ ဆေးပညာ ဆိုတာကတော့ လူ့အသက်နဲ့ အလုပ် လုပ်ရတာကို အဲဒီတော့ ဒီပညာရေး အဆင့်အတန်းကို မြင့်မားဖို့ စံတစ်ခုကို ထိန်းထားဖို့ဆိုတာ လိုတယ်။ အဲဒီ စံဆိုတာကလည်း အလွယ်ဆုံး ပြောမယ်ဆိုရင် စာမေးပွဲ အောင်ခြင်းကျခြင်းပဲ။ စာမေးပွဲအောင်တယ် ကျတယ် ဆုံးဖြတ်တယ်ဆိုတာကလဲ ကျောင်းဆရာ စကားနဲ့ပြောမယ်ဆိုရင် စာမေးပွဲ အောင်တယ်ကျတယ်ဆိုတာ ခင်ဗျားတို့ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ အမှတ်နဲ့ အမှတ် ၄၀ ရရင်အောင်တယ်။တက္ကသိုလ် ကျတော့အမှတ် ၅၀ ပေါ့။ ဘွဲ့လွန်ကျတော့ အမှတ် ၆၀ ပေါ့။

ဒီဟာ အမှတ်ရတယ်လို့ သတ်မှတ်ထားတယ် ဆိုတာ တစ်ကယ်တမ်းက အဲဒါနဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး။ သူဘယ်လောက် တတ်တယ်ဆိုတာ သတ်မှတ်ထားတဲ့ စံတွေရှိပါတယ်။ အဲဒီစံတွေ ရှိပြီလားဆိုတာကို စာမေးပွဲဆိုတဲ့ စနစ်နဲ့ ဆုံးဖြတ်ကြတာ ဖြစ်တယ်။ အဲဒါမျိုး အချိန်မှာ ကျွန်တော် ဆရာငယ်ဘဝ၊ ဆရာ လတ်ဘဝကတည်းက ဘာတွေတွေ့ခဲ့တုန်း ဆိုတော့ စာမေးပွဲတော့ စစ်တယ်ပေါ့ဗျာ။ စာမေးပွဲဆိုတာ အောင်တာရှိတယ်။ ကျတာရှိတယ်။

ကျွန်တော်တို့ ကျောင်းသားဘ၀ ၆၉ ကနေ ၇၆ ခုနှစ်ထိ ဆေးတက္ကသိုလ် မန္တလေးမှာ တက်ခဲ့တယ်။ အဲဒီခေတ် တုန်းကဆိုရင် စာမေးပွဲဆိုတာ ပထမအကြိမ်ဆိုရင် ၃၀ ရာခိုင်နှုန်း လောက်ပဲ အောင်ကြတယ်။ ၁၀၀မှာ ၃၀ လောက်ပဲ အောင်တယ်။ ပြီးတော့မှ နောက်ဆက်တွဲ စာမေးပွဲ ဆိုပြီးတော့ နှစ်လလောက်မှ ဖြေရတဲ့ အတန်းရှိတယ်။ ခြောက်လလောက်မှ ဖြေရတဲ့ အတန်းရှိတယ်။

အတန်းကြီး ဆိုရင်တော့ ခြောက်လပေါ့။ နောက်ဆက်တွဲ ကျတော့မှ တစ်ဝက်ကျော်ကျော် အောင်ကြတာ။ ဒါပေမယ့် နောက်ပိုင်း ဒီဘက်ခေတ်၊ ခေတ်တွေပြောင်းလာတဲ့ အခါကျတော့ စာမေးပွဲ အကျများရင် ဆရာတွေ၊ ဌာနမှူးတွေ ပါမောက္ခချုပ်တွေကို ဖိအား ပေးတာတွေ မေးခွန်း မေးတာတွေ ဘာဖြစ်လို့ ဒီလောက်ကျတာလဲ ဘာညာ ဖြစ်လာတဲ့ အချိန်ကျတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ပေါပေါလောလော အောင်ပေးတာတွေ ရှိလာတယ်။ လျော့ပေးရတာပေါ့။ အဆင့်အတန်းက နိမ့်နိမ့်သွားတယ်။ အဲဒါမျိုးလေးတွေလည်း ကြုံခဲ့ရတာရှိတယ်။

နောက် တစ်ချက်ကျတော့ ဖြတ်သန်းလာတဲ့ နှစ်တွေထဲမှာ လိုအပ်ချက် ရှိလို့ဆိုပြီးတော့ တစ်ခြား နိုင်ငံတကာနဲ့ ဆရာဝန်လူနာ အချိုးတူညီဖို့ ဆိုပြီးတော့ ကျောင်းသားတွေ ကျွန်တော်တို့ ကျောင်းသား ဘဝတွေရော၊ ကျွန်တော်တို့ ဆရာဖြစ်တဲ့ ဘဝတွေရော သားသမီး ဆရာဝန်ဖြစ်တဲ့ အထိတောင် ကျွန်တော်တို့ ဆေးတက္ကသိုလ် မန္တလေးဆိုရင် ကျောင်းသား ၁၅၀ ပဲ လက်ခံတာ။ အဲဒီကနေပြီးတော့ ဆေးတက္ကသိုလ် သုံးခုပေါင်းမှ ၅၅၀ လက်ခံဆိုတာ ပညာရေးစနစ်သစ် စခဲ့တဲ့ ၁၉၆၄ ကနေပြီတော့ ၂၀၀၄ အထိလို့ ထင်ပါတယ်။ ၅၅၀ပဲခေါ်တာ။

အဲဒီကနေပြီးတော့မှ ဝုန်းကနဲ့ ဆိုပြီးတော့ ၂၄၀၀ ခေါ်တာ စဉ်းစားကြည့် လေးဆကျော် ခေါ်တဲ့အချိန်မှာ ကျောင်းခန်းက လေးဆမပြောနဲ့ နှစ်ဆတောင် မရှိဘူး။ ဆရာဝန်အင်အားကလည်း နှစ်ဆ ရှိတာမဟုတ်ဘူး။ ဒီထက် အရေးကြီးတာက ဘယ်လိုမှ ချဲ့မရတာ လူနာပဲ။ ဆေးကျောင်းသားကို သင်တာ လူနာနဲ့ပဲ သင်ရတာ လူနာကလည်း မရှိဘူး။ အဲဒီတော့ ကျွန်တော်တို့ ကျောင်းသားဘ၀ ဆရာငယ်ဘဝတုန်းက လူနာ တစ်ယောက် ဘေးမှာ ကျောင်းသား ဆယ်ယောက်လောက်နဲ့ ဆရာနဲ့ဝိုင်းပြီးတော့ စာသင်တဲ့ အချိန်မှာ နောက်ပိုင်း ကျတော့ ခုနကလိုမျိုး လေးဆဆိုတော့ ကျောင်းသား ၄၀၊ ၅၀ လောက် ထိ ဖြစ်သွားတယ်။ ၆၀ အထိ ဖြစ်သွားတယ်။အဲဒါမျိုးတွေဆိုတော့ ဘယ်လိုလုပ်ပြီး အဆင့်အတန်းက မီပါတော့မလဲ။

ဆေးပညာ ဖွံ့ဖြိုး တိုးတက်လာတယ်။ ဆရာတွေ ဆရာဝန်တွေ ဆရာဝန်ကြီးတွေ အနေနဲ့တော့ တတ်နိုင်သလောက် အမီလုပ်တော့ ပညာကိုတော့ ဖတ်ခြင်းအားဖြင့် လေ့လာခြင်းအားဖြင့် လိုက်လို့ရပေမယ့် ကျွန်တော်တို့ ပြန်ပြီးတော့ ဝေမျှတယ်။ သင်ကြားတယ်ဆိုတဲ့ အချိန်ကျတော့ ခုနက အခြေအနေတွေက ပြောင်းလဲသွားပြီ။ စာသင်ခန်းထဲမှာလဲ ကျပ်လာတယ်။ ပူလာတယ်။ နေရထိုင်ရတာ အဆင်မပြေဘူး။

နောက်တစ်ချက်က အဆောင်တွေ ဖျက်လိုက်တယ်။ ဖျက်လိုက်တဲ့ အချိန်ကျတော့ ကျောင်းသားတွေက အရပ်ထဲ ရောက်သွားတယ်။ ကျွန်တော်တို့ ဆေးတက္ကသိုလ်မှာ တောင်မှ မန္တလေး ဆေးတက္ကသိုလ်၊ ရန်ကုန် ဆေးတက္ကသိုလ်တောင်မှ မြို့လယ်ခေါင်က မပြောင်းမရွှေ့ နေထိုင်ခဲ့ရတာ။ နေတယ်ဆိုတာ ဘာဖြစ်လို့လဲ ဆိုတော့ ဆေးရုံနဲ့ ဝေးမရလို့သာ။ ဒါတောင်မှ နောက်ဆုံး ဆောက်တဲ့ မကွေး ဆေးတက္ကသိုလ်ကျတော့ ရွာပြင်နဲ့ ၁၅ မိုင်လောက် ဝေးတဲ့နေရာမှာ သွားဆောက်ပစ်တယ်။

အဲဒီတော့ အဆောင်ကလည်း အရပ်ထဲမှာ ရောက်သွားတယ် ဆိုတော့ အဆောင်စရိုက် ပျောက်သွားတယ်။ ညီအစ်ကိုတွေလို ညီမတွေလို အကြီးအငယ် အားကျတယ်။ စောင့်ရှောက်တယ်။ အတူနေရတယ်။ အတုခိုးတယ်ဆိုတာ မရှိတော့ဘဲနဲ့ အဲဒီမှာတင် အကျင့်တွေ ပျက်သွားတယ်။ အဲဒီဟာတွေက အပြောင်းအလဲ လိုတယ်ဆိုတဲ့ မေးခွန်းရဲ့ အဖြေက အဲဒါပဲ။

ပြန်ချုပ်မယ်ဆိုရင် ပေါပေါလောလောနဲ့ ကိန်းဂဏန်းနဲ့ အရေအတွက်ကို ကြည့်တာကိုး ရေပါဖို့ပဲလိုတယ်။ ရေဗူးပေါက်တာ မလိုဘူး။ ထုံးစံအတိုင်း ကျွန်တော်တို့ဆီမှာလည်း ရိုက်ခတ်ခံရတယ်။ အဲဒီတော့ အများကြီး မွေးထုတ်လိုက်တယ်။ အဆင့်အတန်းက ကျသွားတယ်။ သင်ကြားရေးမှာလည်း အထောက်အကူပြု ပစ္စည်းဆိုတာလည်း ဒီလိုမျိုးပဲ ခုနက ပြောသလိုပဲ။

ဥပမာ ပြောမယ်ဆိုရင် အဏုဇီ၀ မိုက်ကရိုစကုတ်ပေါ့ အဏုကြည့် မှန်ဘီလူးပေါ့။ စုံအောင် မရှိတဲ့အခါမှာ ဒီထက်ဆိုးတာဆိုလို့ရှိရင် ကျွန်တော်တို့ ဒုတိယ MB တန်း မှာဆိုလို့ရှိရင် လူသေအလောင်းကို ခွဲစိတ်ပြီးတော့ လေ့လာရတယ်။ အဲဒါလည်းဒီလိုပဲ ကျွန်တော် ခန္ဓာဗေဒမှာပါ လုပ်ခဲ့တာဆိုတော့ ကျောင်းသား ၁၀ယောက် ခန္ဓာကိုယ် တစ်ခုနှုန်းကနေပြီးတော့ ခုနကပြောသလို ၄၀၊၅၀ ဆိုတော့ မြင်ဘူးရုံလောက်ပဲ ကျောင်းသား ကိုင်တောင် မကြည့်ဘူးဘူး။

ဒီလိုပဲ အတန်းကြီးလာတော့ပဲလဲ ခွဲစိတ်ခန်းထဲမှာ မြင်ဖို့ တွေ့ဖို့ လူနာကို စမ်းသပ်ဖို့ အကုန်လုံး ချုပ်လိုက်ရင် ဆိုလိုတာ အရေအတွက်တွေ အရမ်းများလိုက်တဲ့ အချိန်မှာ ကျသွားပါတယ်။ အပြောင်းအလဲ လိုတယ်ဆိုတာ ဆေးပညာ သင်ကြားရေးပိုင်းမှာ ဥပမာ တစ်ခုပေါ့။ တိုင်းပြည်တစ်ခုလုံးမှာလဲ ဒီလိုမျိုးပဲ လွဲတာတွေကတော့ အများကြီးပဲ။

လွဲတာကို ဘယ်မှာသိလာလဲ ဆိုတာကလည်း နိုင်ငံတကာမှာလည်း ဒီစံနဲ့ အမြဲတမ်း ပြောပါတယ်။ အပြောင်းအလဲကတော့ လိုကို လိုတာပဲ။ စနစ်အားဖြင့်တော့ အခုဟာ ဒီမိုကရေစီခေတ်၊ ရွေးကောက်ပွဲခေတ် အနေနဲ့ ပြောင်းလာတာ အရတော့ တစ်ချို့တစ်ချို့မှာ နည်းနည်းပါးပါး ဟလာတာ၊ ပွင့်လာတာ၊ လျော့လာတာလေးတွေ ရှိတယ်။

ဒါပေမယ့်လည်း အကုန်လုံးခြုံလိုက်မယ်ဆိုရင် အခြေခံမူက ဘာမှမှ မပြောင်းလဲတာ ဒါကြောင့်မို့ ဒါကို သိသိသာသာ ပြောင်းလဲဖို့လိုတယ်။ ဒါကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ ဆေးပညာ လောကကို ဥပမာ ပေးတာပဲ။

ဆေးရုံကြီးမှာလည်း ဒီလိုပဲ။ တစ်ခြားဌာနတွေ ဆိုလည်း ဒီလိုပဲ။ အဲဒီအပြောင်းအလဲ တွေကို ဖော်ဆောင်ဖို့က မှန်မှန်ကန်ကန်နဲ့ သစ္စာရှိရှိနဲ့ စေတနာရှိရှိနဲ့ မညာမတာ။ တစ်ဖက်က ကျတော့လည်း ဝန်ထမ်းတွေကို ကြည့်ပြန်တော့လည်း အခုဟာက အားလုံး လိုလိုကိုက ပြင်ပ ဝင်ငွေနဲ့ အပိုဝင်ငွေနဲ့ လက်ဘက်ရည်ဖိုး မကတော့ဘူး။ ဝမ်းတေဘယ်တောင် မကတော့တဲ့ ဝင်ငွေပေါ့ ဒါကိုလည်း တစ်ဖက်ကတော့ ဝန်ထမ်းတွေကိုလည်း ဖြည့်ဆည်းပေးဖို့ လိုတယ်။

တစ်ဖက်ကလည်း ဝန်ထမ်းတွေဘက်က ဝန်ထမ်းတွေအနေနဲ့ ကျတော့လည်း ပြည်သူလူထုဆီက ရတဲ့အခွန်အခနဲ့ အဲဒီကနေ လခပိုယူထားတာ အဲတော့ ပြည်သူ့အကျိုးကို ပိုထမ်းဆောင်ရမယ်ဆိုတဲ့ ခံယူချက်လည်း ဝန်ထမ်းဘက်က ရှိဖို့လိုတယ်။ တစ်ခုခုဖြစ်ရင် ဝန်ထမ်းတွေကြောင့် ဒီစနစ်ကြီး ပျက်သွားတယ်လို့ လက်ညိုးထိုးလို့တော့ မရဘူး။ တာဝန်ရှိတဲ့ အစိုးရကရော ဘယ်လောက် လုပ်ပေးထားလို့လဲ။

လခက ဘယ်နှစ်ဆ တိုးတယ်လို့သာ ပြောနေပေမယ့်။ တစ်ကယ်တမ်း ထမင်းတစ်ပွဲနှုန်းနဲ့ စာလိုက်မယ်ဆိုရင် ကျွန်တော်တို့ ငယ်ငယ် အလုပ်ဝင်တုန်းက အရာရှိအဆင့် ၄၅၀၊အလုပ်သမား ၈၂ကျပ် ခေတ်မှာ ထမင်းတစ်ပွဲနဲ့ အခုချိန်မှာ အရာရှိအဆင့် တစ်သိန်းခွဲကျော် ရတဲ့ အချိန်မှာ ထမင်းတစ်ပွဲနှုန်းနဲ့ ယှဉ်ရင်တော့ ဘာမှမထူးဘူး။ အဲဒါအပြောင်းအလဲ လိုတာကို ပြတာပဲ။

 

နိုင်ငံဝန်ထမ်း တစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ အလုပ် လုပ်ပေးခဲ့တယ်။ ဝန်ထမ်းဘဝမှာ လုပ်ချင်လျက်နဲ့ လုပ်ခွင့်မရတာ၊ ဒါမှမဟုတ် အတားအဆီးတွေ ရှိခဲ့ဘူးလား ဘယ်လို ဖြစ်ရပ်မျိုးတွေလဲ။

ဝန်ထမ်း တစ်ယောက်အနေနဲ့ ကိုယ့်အဝန်းအဝိုင်း ကိုယ်နိုင်သလောက် လုပ်နိုင်တဲ့ အတိုင်းအတာမှာ အကုန်လုံး လုပ်ခွင့်ရတာ မဟုတ်ပါဘူး။ အကန့်အသတ်တွေ ရှိနေတယ်။ အကန့်အသတ်ဆိုတာ ခုနကလို ဦးဆောင်နေတဲ့ ညွှန်ကြားရေးမှူးချုပ်တို့ ဝန်ကြီးတို့ သူတို့ ဆုံးဖြတ်တဲ့ တစ်ဦးချင်းရဲ့ ရွေးချယ်မှု လမ်းညွှန်မှု ပါသလို နောက်တစ်ခု ကျတော့လည်း အစိုးရတစ်ဖွဲ့လုံး နိုင်ငံအခြေအနေ တစ်ခုလုံး နိုင်ငံရေး အခြေအနေအကုန်လုံးရဲ့ ရေးထားတာရော ရေးမထားတာရော စည်းမျဉ်းတွေ စည်းကမ်းတွေ ကန့်သတ်ချက်တွေက အများကြီးရှိတယ်။

ကျွန်တော်တို့ ကျောင်းဆရာ တစ်ယောက်အနေနဲ့ ဆိုတော့ ကိုယ်အရည်အချင်းရှိမှ အရည်အချင်း ရှိတယ်လို့ သတ်မှတ်မှ အအောင်ပေးလို့ရမှာပဲ။ လွယ်လွယ်ပြောမယ် ကိုယ့်သားသမီးကို ရေကူးသင်တယ်။ စက်ဘီးစီးသင်တယ်။ စက်ဘီး မစီးတတ်ဘဲနဲ့ တတ်ပါပြီလို့သတ်မှတ်ပြီးတော့ ဈေးချိုကို လွှတ်ရဲသလား။ တော်ရုံလေး ကူးတတ်တာကို တတ်ပါပြီလို့ အောင်လက်မှတ် ပေးလိုက်ပြီးတော့ လွတ်လွတ်လပ်လပ် ဧရာဝတီမြစ်ကို ဖြတ်ပြီး ကူးခိုင်းလို့ရမလား။

မတတ်သေးရင် မတတ်ဘူးလို့ အမှန်အတိုင်း ပြောရမှာပဲ။ အဲဒါကိုမှ မဟုတ်ဘူး။ ရေပါတာပဲ လိုချင်တယ်ဆိုရင်တော့ မကူးတတ်တဲ့ ကလေးရေထဲ ချလိုက်သလို စက်ဘီး မစီးတတ်ကလေး လမ်းပေါ် တင်ပေးလိုက်သလို အကျင့်ကြီးပါနေတော့ ကြည့်ကျက်လုပ်ဆိုတဲ့ ပုံစံမျိုး။ အားလုံး ကောင်းပါသည် ခင်ဗျာ အခြေအနေကနေကနေ တိုးတက်မှာ မဟုတ်ဘူး။

ဒါ အကုန်လုံး သိပါတယ်။ ပညာရေး နယ်ပယ် ဆေးနယ်ပယ်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လည်း အပြောင်းအလဲ လိုပြီဆိုတာ ကျွန်တော်တို့ ပြောရတာပါ။အပြောင်းအလဲ ဆိုတာ အစိုးရ ပြောင်းဖို့ လူပြောင်းဖို့မှ မဟုတ်တာ စနစ်ကြီး တစ်ခုလုံးကို ပြောင်းကို ပြောင်းရမှာပါ။

ရွေးကောက်ပွဲ ဝင်ပြီဆိုတော့ အမြင့်ဆုံးအဆင့် ဘယ်အဆင့်အထိလောက် မျှော်မှန်းထားသလဲ။ လွှတ်တော်အမတ် လောက်ပဲလား။ နိုင်ငံ့တာဝန်ကို ပြန်ထမ်းဆောင် ဦးမှာလား။

အမြင့်ဆုံး ဆိုတာကတော့ မှန်းနေစရာ မလိုဘူးလေ။ ကျွန်တော် ရည်ရွယ်ချက်နဲ့ ရည်မှန်းချက် အခုချိန်မှာတော့ ကျွန်တော် ရွေးကောက်ပွဲဝင်တဲ့ ကမ်ပိန်းလုပ်နေတယ် ပြီးရင် ကျွန်တော်က အမျိုးသား လွှတ်တော်ဆိုတဲ့အတွက် လွှတ်တော် ကိုယ်စားလှယ် ဖြစ်ဖို့အတွက်ပဲ။ အဲဒီနောက်ပိုင်းမှာမှ ဘယ်ကော်မတီမှာ လုပ်ရမယ် ဘယ်အဖွဲ့မှာ လုပ်ရမယ်ဆိုတာ ဘယ်အပိုင်းက တာဝန်ယူရမယ်ဆိုတာ ကျွန်တော့်အပိုင်း မဟုတ်တော့ဘူး။

နောက်တက်လာမယ့် အစိုးရနဲ့ ကျွန်တော်တို့ရဲ့ မိခင်ပါတီနဲ့ ဒါကြောင့်မို့လည်း အစိုးရဖွဲ့နိုင်ဖို့ ကျွန်တော်တို့ ဥက္ကဋ္ဌ အနေနဲ့ကလည်း ပြောတာပေါ့ အားလုံးကို ပြတ်ပြတ်သားသား အနိုင်ရမှ စနစ်ကလည်း သိတဲ့အတိုင်းပဲ။ ဒုသမ္မတ သုံးယောက်ထဲကနေမှ သမ္မတတစ်ယောက် ရွေးချယ်တယ်။ အဲဒီသမ္မတဟာ ဒီမိုကရေစီ အင်အားစုတွေရဲ့ သမ္မတဖြစ်မှသာ အစိုးရဖွဲ့လည်း သူကဖွဲ့မှာ လက်ညိုးထိုးပြီးတော့ကို ဖွဲ့မှာ အဲဒီအစိုးရက အုပ်ချုပ်ရေး အာဏာကို ယူမှာ ဒါပါပဲ။

ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ ဒီဘက်က ဥပဒေပြုမှု အာဏာ ယူထားတာပေါ့။ ဒါပေမယ့် ဘာပဲပြောပြော ခုအချိန်မှာ ကျွန်တော်တို့သည် အသွင် ကူးပြောင်းတဲ့ကာလ ကျွန်တော်တို့လည်း တစ်ပါတီခေတ် အာဏာရှင် စနစ်ကနေပြီးတော့မှ ရွေးကောက်ပွဲခေတ် ဒီမိုကရေစီခေတ်ကို ပြောင်းတဲ့အချိန်မှာ အသားမှ မကျသေးတာ။

အဲဒီတော့ အခု ၅ နှစ်မှာလည်း မြင်ခဲ့တဲ့အတိုင်းပဲ။ အုပ်ချုပ်မှု အာဏာယူထားတဲ့ အစိုးရအဖွဲ့က ထိပ်ဆုံးက ရှိနေတယ်။ ဆိုတဲ့အတွက်ကြောင့် ကျွန်တော်တု့ိ တစ်ယောက်ချင်းစီ အနေနဲ့ကတော့ ဒီလမ်းကြောင်းကို ဝင်လိုက်ပြီ ဆိုကတည်းက ဝန်ထမ်းတုန်းကလည်း ဒီလိုပဲ ပေးတဲ့တာဝန်ကို ကျေအောင် လုပ်ခဲ့တာပဲ။ ဘယ်အဆင့်ကို ဘာညာမှန်း နေစရာမလိုတော့ ပါဘူး။ ပြည်သူတွေအတွက် အလုပ်လုပ်ချင်လို့ ဒီလမ်းကို ရွေးလိုက်တာပါ။

ရွေးကောက်ပွဲကတစ်ဆင့် တစ်နေရာရာမှာ နိုင်ငံ့ဝန်ထမ်းအဖြစ် ပြန်ပြီး ထမ်းဆောင်ခွင့်ရရင် ဘာတွေ လုပ်ချင်ပါသလဲ။ အပြောင်းအလဲနဲ့ ပတ်သက်ပြီး ဆရာ ပြောခဲ့တယ်။ ဆရာ့ လက်ထက်မှာရော ဘာတွေပြောင်းလဲ တိုးတက်အောင် လုပ်ဆောင်နိုင်မလဲ။

ဘာတာဝန်ပဲပေးပေး လက်ခံပြီး ဆောင်ရွက်သွားမှာမို့ ရွေးကောက်ပွဲကို ဝင်ရောက် အရွေးခံတာပေါ့။ ကျွန်တော်စပြီးတော့ အနီးဆုံး ဥပမာ ပေးရမယ်ဆိုရင် ဒါကတော့ ရိုးရိုးလေးပဲ တွေးလိုက်တော့ ကျွန်တော်ကတော့ ချမ်းအေးသာစံ နေတဲ့အတွက်ကြောင့် ကျွန်တော် ချမ်းအေးသာစံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ အဆိုတင် ထားတာပါ။ ဒါပေမယ့် မြို့နယ်အဆင့် တိုင်းအဆင့်မှာကိုက ဗဟို မရောက်ခင်ကတည်းကိုက ဆရာ အမျိုးသား လွှတ်တော်မှာ အရွေးခံပါဆိုတော့ ဟုတ်ကဲ့လို့ပဲ ပြောခဲ့တာပဲ။ ဒါတာဝန်ယူတာပဲ။

ကိုယ် ယုံကြည်လို့ ဒီပါတီကို ဝင်တာ ဝင်ပြီဆိုတော့ ဒီပါတီက အမျိုးသားလွှတ်တော်ပဲ အရွေးခံပါဆိုတော့လည်း လက်ခံခဲ့တာပဲ။ ဒီသဘောပါပဲပေါ့။ အလုပ်ချင်ဆုံး ဆန္ဒက ကျွန်တော်တို့ ပြည်သူပြည်သား တွေအတွက် အခြေအနေကောင်းတွေ ဖြစ်လာအောင် ပြုပြင်ပြောင်းလဲ ဖန်တီးပေးရမှာပဲ။ အဲဒီအပြောင်းအလဲကို ဖန်တီးတဲ့ အချိန်မှာလည်းပဲ အားလုံးက စိတ်ရင်းစေတနာ မှန်မှန်နဲ့ မလိမ်တမ်း မညာတမ်း ဟန်မဆောင်တမ်း အဲဒီအချိန်မှာလဲ တော်တော်လေးကို ခါးတောင်းကြိုက်ပြီး ခါးစီးပြီးတော့ ဒီသက်တမ်း တစ်ခုဖြစ်တဲ့ ငါး နှစ်နဲ့တောင် ပြီးမှာမဟုတ်ဘူး။

၁၀ နှစ် ၁၅ နှစ်လည်း ကြာချင်ကြာဦးမှာ တော်တော်ကို အပြောင်းအလဲတွေက လုပ်ယူရဦးမှာ။ အဲဒီကျတော့မှ ကျရာတာဝန်ယူပြီးတော့ ကိုယ်စွမ်းနိုင်တဲ့ ဘက်ကနေ လုပ်ဆောင်သွားမှာပဲ။ အပြောင်းအလဲဆိုတာ လွယ်လွယ်လေးနဲ့ ပြောတာ မဟုတ်ပါဘူး။ အားလုံးရဲ့ ခံယူချက် လုပ်ဆောင်ချက် နိစ္စဒူဝ လုပ်ဆောင်နေတဲ့အချိန်။ ဝန်ထမ်းတွေဘက်က ကြည့်မယ်ဆိုလည်း ဒီလိုမျိုးပဲ ပြည်သူလူထုဘ က်က ကြည့်မယ်ဆိုလည်း သူလိုက်နာရမယ့် တာဝန်တွေ အများကြီးရှိတာပဲ။

ဗိုလ်ချုပ်အောင်ဆန်း ပြောသွားသလိုပဲ လွတ်လပ်ရေး ရပြီဆိုပြီးတော့ လမ်းပေါ်ထွက် ဆေးရိုးလှမ်းနေလို့ မရဘူးဆိုတာ အခုလမ်းပေါ်ထွက် ဆေးရိုးလှမ်းနေတာ တွေ့နေတာပဲ။ ပြုပြင်ပြောင်းလဲမှု လုပ်ပြီဆိုတဲ့နေရာမှာ နိုင်ငံကို ဦးဆောင်တဲ့ ပါတီတွေ ပြောင်းသွားရင်ပဲဖြစ်ဖြစ် ဒါနဲ့လည်း ပြီးမသွားဘူး။ အစိုးရသစ် တက်လာလို့လည်း ပြီးမသွားဘူး။ အများကြီးကို လိုတယ်။ နှစ်တွေလည်း အများကြီး လိုတယ်။ ကျွန်တော်တို့ သက်တမ်းတောင် မီချင်မှ မီမှာဆိုတော့ ဒီမှာလည်း ကျကျနန လုပ်မှရမှာပါ။

မဲဆွယ်စည်းရုံးရေးတွေ လုပ်နေပြီး ပြည်သူလူထုနဲ့ ထိတွေ့နေပြီ ဆိုတော့ ပြည်သူလူထုရဲ့ အဓိက ဆန္ဒကို ဆရာခန့်မှန်းပေးပါဦး။

အခုကတော့ ရက်ပိုင်းပဲ ရှိသေးတဲ့အတွက် အကုန်တော့ ခရီးစဉ်အားလုံး အရတော့ ကျွန်တော် ပြောလို့ မရဘူးပေါ့။ဒါပေမယ့် အားလုံး သူသူငါငါ သိသလိုပဲ အားလုံးကလဲ မွန်းကျပ်နေပြီ ပင်ပန်းလာပြီဆိုတော့ ဆင်းရဲလှပါပြီ ပိုက်ဆံရှိတဲ့ လူတွေကလည်း ကိုယ့်အလုပ် ကိုယ်လုပ် ကိုယ့် ထမင်း ကိုယ်စားပြီးနေတာပဲ။ ဘယ်အစိုးရတက်တက် ပြေတယ်တာ ဆိုပေမယ့် တကယ်တမ်းက နည်းနဲ့ လမ်းနဲ့ ဥပဒေနဲ့ အပူအပင် ကင်းမဲ့စွာနဲ့ ဘယ်သူ့မှ မကြောက်ရပဲနဲ့ လုပ်နိုင်တာမှ မရှိပဲနဲ့ အဲဒီတော့ လူတိုင်းကတော့ အပြောင်းအလဲကို မျှော်လင့်နေကြပါပြီ ပြောရဲတာနဲ့ မပြောရဲတာ လက်တွေ့ ပါဝင်တာနဲ့ မပါဝင်တာ ရှိတာပါပဲ။

မဲဆွယ်စည်းရုံးတဲ့နေရာမှာ မဲဆန္ဒရှင်တွေကို အပြောချင်ဆုံးနဲ့ သူတို့အတွက် လုပ်ပေးနိုင်မယ့် အလုပ်တွေက ဘာတွေဖြစ်မလဲ။

ကျွန်တော်တို့ တိုင်းပြည်က သွားနေတဲ့ စနစ်က ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ စနစ်ဖြစ်တဲ့အတွက် ဒီရွေးကောက်တာလည်း ဘယ်သူကို ရွေးမလဲဆိုတော့ လွယ်လွယ်ပြောမယ် ဆိုရင်တော့ အစိုးရပေါ့။ ဒီနိုင်ငံကို ဦးဆောင်မယ့် အဖွဲ့အစည်းကို ရွေးတာ ရွေးတာဟာ ပြည်သူတွေရဲ့ အခွင့်အရေး ပြည်သူတွေရဲ့ တစ်နည်းပြောရရင် ပြည်သူတွေရဲ့ အာဏာပဲ။ ကိုယ်ရတဲ့ အခွင့်ရေးကို ရဲရဲသုံးဖို့လိုတယ်။

 

မကြောက်မရွံ့သုံးဖို့လိုတယ်။ပြီးတော့မှ ကိုယ်ရွေးချင်တဲ့အဖွဲ့ ကိုယ်ယုံကြည်တဲ့ ခေါင်းဆောင် ယုံကြည်တဲ့အဖွဲ့ကို ရဲရဲမဲပေးပြီးတော့မှ ရွေးချယ်ဖို့လိုတယ်ဆိုတာ အဓိက ပြောချင်တာပါပဲ။ ကိုယ်နဲ့ မဆိုင်ဘူးလို့တော့ နေလို့လည်မရဘူး။ နောက်တစ်ခုက ကျတော့ ခြိမ်းခြောက်ပြီးတော့ မြူဆွယ်တာ ရှိရင်ရှိမယ်။ မဲရုံထဲမှာ ကိုယ့်ဆန္ဒမဲ ပေးခန်းထဲမှာ ကိုယ့်ဆုံးဖြတ်ချက်သည် ကိုယ်ပိုင်မွေးရာပါ အခွင့်ရေးပဲ။ ဘယ်သူမှလည်း လာပြင်လို့မရပါဘူး။ ဘယ်သူမှလည်း ခြိမ်းခြောက်လို့ မရပါဘူးဆိုတာကိုတော့ ရဲရဲကြီး နားလည်ဖို့လိုပါတယ်။

 

 

ဆက်စပ်သတင်းများ - 

ကျန်းမာရေး လိုအပ်ချက်တွေ ဖြည့်ဆည်းပေးမယ်လို့ မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ် ကတိပေး

"အပြောင်းအလဲလိုပြီ"လို့ မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ်ဆို

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required