ထိပ်သီးတွေ တွေ့တဲ့တိုင် အဖြေမပေါ်သေးတဲ့ အပစ်ရပ် လက်မှတ်ထိုးရေး

ထိပ်သီးတွေ တွေ့တဲ့တိုင် အဖြေမပေါ်သေးတဲ့ အပစ်ရပ် လက်မှတ်ထိုးရေး

ငြိမ်းချမ်းရေးအတွက် အားလုံးစောင့်မျှော်နေကြတဲ့ ထိပ်သီးအစည်းအဝေးပွဲကြီး ပြီးဆုံး သွားခဲ့ပါပြီ။ မကြုံစဖူး အစိုးရထိပ်သီးခေါင်းဆောင်တွေနဲ့ လက်နက်ကိုင် ထိပ်သီးခေါင်းဆောင် တွေတွေ့ဆုံတဲ့ ပွဲကနေ တိကျတဲ့ အဖြေရလဒ် တစ်ခုခုထွက်မယ်လို့ အများက မျှော်လင့်ခဲ့ပေ မယ့် ရေရာတဲ့ အဖြေတစ်ခုတော့ မရခဲ့ပါဘူး။ ထိပ်သီးခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး ဘယ်လိုဖြစ်သွား ခဲ့လဲ၊ ရှေ့ ဘာဆက်ဖြစ်လာနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေး သုံးသပ် ကြည့်ကြရအောင်။

ထိပ်သီးဆွေးနွေးပွဲ ဆိုတဲ့အတိုင်း ရှေ့ပိုင်းကာလမှာ သတင်းထွက်ပေါ်နေတာက အစိုးရဘက်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဦးဆောင်ပါဝင် ကြမယ် ဆိုပြီးတော့ပါ။ ဒါပေမယ့် တကယ့်လက်တွေ့ အစည်းအဝေးမှာ အရေးကြီးခေါင်းဆောင်ဖြစ်တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် မပါဝင်နိုင်တာဟာလည်း အစည်းအဝေးရဲ့ အရေးပါမှု ကိုလျော့ကျစေပါတယ်။ နောက်တစ်ခု က ဒီအစည်းအဝေးဟာ ညှိနှိုင်းအစည်းအဝေးလား ဆိုတာပါ။ တကယ်တော့ ဒီအစည်းအဝေး ဟာ ညှိနှိုင်းအစည်းအဝေး ပုံစံမျိုးလည်း မဟုတ်ခဲ့ပါဘူး။ အစိုးရနဲ့ တပ်မတော်ဘက်က ကြိုတင် ဆုံးဖြတ်ထားတာ ရှိတယ်၊ ဒါကို လက်နက်ကိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကို ချပြတယ်၊ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေ သိချင်တဲ့ အချက်တွေကိုမေးမြန်း တယ်ဆိုတာမျိုးပါ။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ တစ်တိုင်း ပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကြီးတစ်ခု NCA ဆိုတာကို အသေးစိတ် သဘောတူ ထားပြီး ပါပြီ။ ဘာမှ ညှိနှိုင်းစရာ မလိုတော့ပါဘူး။ ကျန်တာက အဲဒီစာချုပ်ထဲမှာ ဘယ်သူတွေ ပါဝင် လက်မှတ်ရေးထိုးကြမလဲ ဆိုတာပါ။ တိုင်းရင်းသားတွေဘက်က အားလုံး ပါဝင် လက်မှတ်ရေး ထိုးဖို့ ဆန္ဒရှိနေပြီး အစိုးရဘက်ကတော့ အဖွဲ့ ၁၅ ဖွဲ့နဲ့ လက်မှတ်ထိုးဖို့ အဆင်သင့်ရှိတယ်၊ တိုင်းရင်းသားတွေ အဆိုပြုရာမှာပါဝင်တဲ့ အဖွဲ့ ၆ ဖွဲ့နဲ့တော့ ကနဦး လက်မှတ်ရေးထိုးရာမှာ မပါဝင်စေချင်သေးဘူးဆိုတဲ့ သဘောထား ဖြစ်ပါတယ်။

အခု ဆွေးနွေးပွဲမှာတော့ လက်နက်ကိုင် တိုင်းရင်းသားတွေဘက်က နဂို မူလရပ် တည်ချက်အတိုင်း အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်ရေး မူဘက်က ရပ်တည်တင်ပြ ဆွေးနွေးခဲ့ပြီး သမ္မတ ဦးသိန်းစိန် ကတော့ မူလ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး နောက်ထပ် ဖြစ်ထွန်းမှုတွေကို ရှင်းပြခဲ့တာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ တင်ပြရာမှာပါတဲ့ ထိုင်းအ ခြေစိုက် ဝ ၊ လားဟူနဲ့ ရခိုင် တစ်ဖွဲ့ဟာ လက်နက်ကိုင် တပ်လည်းမရှိ၊ လက်ရှိ အစိုးရနဲ့လည်း ပစ်ခတ် တိုက်ခိုက်နေရာမှာလည်း မပါဝင်တဲ့အတွက် တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာ ချုပ် လက်မှတ်ရေးထိုးရာမှာ ပါဝင်ဖို့ မလိုတဲ့အကြောင်း ၊နောက်ပိုင်းနိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရာမှာ တိုက်ရိုက် ပါဝင်ခွင့်ပေးသွားမှာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။

ကိုးကန့် တပ်ဖွဲ့နဲ့ ပတ်သက်ပြီး အစိုးရနဲ့ ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင်တို့ တိုက်ရိုက်ဆွေးနွေးနေတာ ရှိတယ်ဆိုပြီး ရှင်းပြပါတယ်။ တအာင်း ပလောင် တပ်ဖွဲ့နဲ့ ပတ်သက်လို့ကတော့ အပစ်ရပ်စာချုပ် အတွက်အောက်ခြေ လက်မှတ်ရေးထိုးတာ ဆက်လုပ်သွားမယ်၊ နောက်ပိုင်း ဒီစာချုပ်ကြီးမှာ လက်မှတ် ရေးထိုးခွင့် ရစေ့မယ်လို့ ဆိုပါတယ်။ ရခိုင် AA တပ်ဖွဲ့ကတော့ ကေအိုင်အို နယ်မြေထဲ အခြေချနေတဲ့ အတွက် ကေအိုင်အိုနဲ့ လက်မှတ်ထိုးရင် သူလည်း အလိုအလျောက် အကျုံးဝင်သွားမယ် လို့ ရှင်းပြပါတယ်။

တိုင်းရင်းသားတွေဘက်က AA ကို အခြား ရခိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး လက်မှတ်ရေး ထိုးရင်ရော မဖြစ်နိုင်ဘူးလားလို့ မေးတဲ့အခါ သမ္မတဘက်ကတော့ တိုင်းရင်းသားတွေ ကိစ္စဖြစ်တဲ့အတွက်ဖြစ်နိုင် ပါတယ်ဆိုပြီး ပြောဆိုပါတယ်။ နောက်ဆုံး သမ္မတဘက်က အခုလာမယ့် စက်တင်ဘာ လကုန်လောက် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးချင်တယ်လို့ ကမ်းလှမ်းပါ တယ်။ နဂို လက်မှတ်ရေးထိုးဖို့ ရည်ရွယ် ရင်းရှိတဲ့ တိုင်းရင်းသား အဖွဲ့တချို့က မိခင်အဖွဲ့အ စည်းတွေကို တင်ပြရမှာမို့လို့ အောက်တိုဘာ လလယ်လောက် လက်မှတ်ရေးထိုးနိုင်မလား ညှိပါတယ်။

သမ္မတဘက်ကတော့ အောက်တိုဘာလ ပထမအပတ်ဆို အဆင်ပြေပါတယ်လို့ အဖြေ ပေးလိုက်ပြီး တကယ်လို့ တိုင်းရင်းသားတွေဘက်က လက်မှတ်ရေးထိုးမယ့်သူတွေ ရှိရင် လာမယ့်အောက်တိုဘာလ ပထမအပတ်မှာ ရေးထိုးဖြစ်မယ်လို့ သိရပါတယ်။

အစိုးရဘက်ကတော့ လက်မှတ်ရေးထိုးမယ့် ကာလ အကြမ်းဖျင်း သတ်မှတ်ပြီးသွား ပါပြီ။ တိုင်းရင်းသားတွေဘက်ကတော့ လက်မှတ်ထိုးကြမလား၊ လက်မှတ် မထိုးသေးဘူးလား၊ တိတိကျကျ မဆုံးဖြတ် ရသေးဘူးလို့ ဆိုပါတယ်။ လက်မှတ် ရေးထိုးဖြစ်ရင်တောင် အဖွဲ့တချို့ လောက်ပဲ ရေးထိုးဖြစ်မလား၊ အဖွဲ့တချို့ ကျန်နေရစ်မလား ဆိုတာကိုလည်း မပြောနိုင်သေး ပါဘူး။ ပြောရရင် မရေရာ မသေချာသေး တဲ့အခြေအနေတစ်ခုပါ။ ဒါပေမယ့် ၉ လပိုင်း ၉ ရက် နေ့ မနက် ၉ နာရီမှာ တိုင်းရင်းသားခေါင်းဆောင် ၉ ယောက်ကို နေပြည်တော် ဖိတ်ခေါ်ပြီး အစည်းအဝေးလုပ်ခဲ့တဲ့ အစိုးရဘက်ကတော့ အားလုံး ပါဝင်ခြင်း မရှိသေးတဲ့တိုင် သဘောတူ သူတွေနဲ့ အစပြု လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုတာကတော့ ပေါ်လွင်နေပါတယ်။ လက်ရှိအခြေအနေ အစိုးရဟာ ကေအိုင်အေ၊ တအာင်းပလောင် တပ်တွေနဲ့ အောက်ခြေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲပါ။ တကယ့်လက်တွေ့ လက်မှတ်ရေးထိုးမယ့်နေ့ လက်နက်ကိုင် တိုင်းရင်းသားအားလုံး လက်မှတ်ရေးထိုးဖြစ်မလား၊ အဖွဲ့တချို့လောက်က လက်မှတ် ထိုးပြီး တချို့ ကျန်နေရစ်ဦးမလား၊ နောက်ဆက်တွဲ တိုက်ပွဲတွေ ပြန်ဖြစ်မလား၊ တိုက်ပွဲတွေက ရွေးကောက်ပွဲကို ထိခိုက်စေမှာလား ဆိုတာကတော့ သိပ်မကြာခင် အဖြေပေါ်မှာ ဖြစ်ပါ ကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly