CDထွက်ပြီး သုံးနှစ်ကြာမှ ထွက်လာမည့် အဆိုတော်ထွန်းထွန်း၏ Super Star DVD

CDထွက်ပြီး သုံးနှစ်ကြာမှ ထွက်လာမည့် အဆိုတော်ထွန်းထွန်း၏ Super Star DVD

ရန်ကုန်၊ စက်တင်ဘာ ၁၀ ။     ။ CD ထွက်ပြီး အချိန် သုံးနှစ်အကြာတွင် အဆိုတော် ထွန်းထွန်း examplez၏ တစ်ကိုယ်တော် အခွေ စူပါစတား ဒီဗီဒီ အခွေကို အောက်တိုဘာလတွင် Media 7 မှ ဖြန့်ချိရန် စီစဉ်ထားကြောင်း ၎င်းက မဇ္ဈိမကို ပြောသည်။

အဆိုတော်၊ သရုပ်ဆောင် ထွန်းထွန်းသည် ၂ဝ၁၂ ခုနှစ် မေလ ၂၉ရက်က ၎င်း၏ တစ်ကိုယ်တော်အခွေ စူပါစတား Audio CD ကို ဖြန့်ချိ ခဲ့ခြင်း ဖြစ်ပြီး ယခု DVD အခွေကို တော့ ၂၀၁၅ ခုနှစ်မှ ထွက်ရှိ ဖြစ်ခြင်း ဖြစ်သည်။

အဆိုတော် သရုပ်ဆောင် ထွန်းထွန်း examplez က "ကျွန်တော် ဒီကြားထဲ အရှိန်ယူနေတာလည်း ပါတယ်။ ကျွန်တော် ၂၀၀၉ ကတည်းက ကားရိုက်တွေ နားပြီး ၂၀၁၃ ထဲမှာမှ ကားရိုက်တွေ ပြန်လုပ် မယ်လို့ ရည်စူးပြီး ၂၀၁၅ ထဲမှာမှ စလည်ပတ်တာ ဆိုတော့ အချိန် ကြာသွားတာပါ" ဟု ပြောသည်။

စူပါစတား ဒီဗီဒီ အခွေကို ဒါရိုက်တာများ သရုပ်ဆောင် များစွာဖြင့် အကောင်းဆုံး ဖြစ်အောင် သေချာ ရိုက်ကူးထားပြီး အဆိုတော် ထွန်းထွန်း ကိုယ်တိုင်လည်း ပါဝင် သရုပ်ဆောင်ထားသည်။

DVD အခွေတွင် Bonus Track အနေဖြင့် ထွန်းထွန်း examplez နှင့် နီနီခင်ဇော် တို့ သီဆိုထားသည့် 'အဝေးထွက်မသွားနဲ့'သီချင်းသစ် တစ်ပုဒ်ကို ထည့်သွင်း ပေးထားသည်။ ထို သီချင်းကို ဒါရိုက်တာ အောင်မြတ်က ရိုက်ကူး ပေးထားပြီး ထွန်းထွန်း examplez နှင့် အိချောပိုတို့မှ သရုပ်ဆောင် ထားသည်။

"သီချင်းသစ် တစ်ပုဒ် ဖန်တီးဖြစ်တဲ့ အနေနဲ့ရယ် နီနီနဲ့ဆိုဖို့ ပြောထားတာလည်း ကြာပြီ ၂၀၁၀ လောက် ကတည်းက တွဲဆိုဖို့ လုပ်ထားတဲ့ သီချင်းလေး အဲဒီ သီချင်းကို Bonus Track အနေနဲ့ ထည့်ပေး ထားတာပါ" ဟု ၎င်းက ဆိုသည်။

အဆိုတော် သရုပ်ဆောင် ထွန်းထွန်း examplez သည် တစ်ချိန်က အောင်မြင်ခဲ့သည့် Example အဖွဲ့၏ Example Concert တစ်ခုကို လည်း ၂၀၁၅ ခုနှစ်ထဲတွင် ကျင်းပရန် စီစဉ်ထားပြီး ၂၀၁၆ ခုနှစ်ထဲတွင် ၎င်း၏ ဒုတိယမြောက် တစ်ကိုယ်တော် အခွေ ထွက်ရှိနိုင်ရန် စီစဉ်သွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly