၂၀၁၅ အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲသို့ မြန်မာအမျိုးသမီး ဖူဆယ်အသင်း ဝင်ပြိုင်မည်

၂၀၁၅ အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲသို့ မြန်မာအမျိုးသမီး ဖူဆယ်အသင်း ဝင်ပြိုင်မည်
အမျိုးသမီးဖူဆယ်အသင်းအား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - ဇင်လင်းထွန်း

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင်ကျင်းပမည့် အာဆီယံ အမျိုးသမီးဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင် ပွဲသို့ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်ဘောလုံးအသင်း ဝင်ပြိုင်မည်ဟု ဖူဆယ်ကော်မတီ တာဝန်ခံ ဦးကြည်မင်းသိန်းက မဇ္ဈိမကို ပြောသည်။

၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအပြီးတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်ဘောလုံးအသင်းသည် ဆက်လက်စခန်းဝင် လေ့ကျင့်နိုင်ခဲ့ခြင်း မရှိဘဲ ၂၀၁၅ ခုနှစ် သြဂုတ်လ စတုတ္ထပတ်မှသာ ပြန်လည် လေ့ကျင့်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ အမျိုးသား အားကစားပွဲတော်က မိန်းကလေး ဖူဆယ်ကစားသမားတွေ စာရင်း ကောက်ထားတယ်။ နိုဝင်ဘာလမှာ အာဆီယံက ဖူဆယ်မိန်းကလေးပြိုင်ပွဲ တစ်ခုလုပ်မယ်။ ဒါကြောင့် စခန်းသွင်းခေါ်ပြီး လေ့ကျင့်နေတာ ရှစ်ရက်လောက်ရှိပြီ။ လောလောဆယ် ကစားသမားအယောက် ၃၀ လောက်ရှိတယ်။

ဖြည်းဖြည်းချင်း လူစစ်ထုတ်သွားမယ်။ အမျိုးသမီးအသင်းရဲ့ ပထမဆုံးပြိုင်ပွဲက နိုဝင်ဘာလအလယ်မှာ လုပ်မယ့် AFF Club ချန်ပီယံရှစ် ဖူဆယ်ပြိုင်ပွဲပါ”ဟု ဖူဆယ်ကော်မတီတာဝန်ခံ ဦးကြည်မင်းသိန်း က မဇ္ဈိမကို ပြောသည်။

လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်ဘောလုံးအသင်းကို နည်းပြအဖြစ် အမျိုးသား ဖူဆယ်အသင်းနည်းပြ အီရန်လူမျိုး ဆာအိက ပူးတွဲ တာဝန်ယူ ကိုင်တွယ်ပေးနေသည်။

အမျိုးသမီး ဖူဆယ်အသင်းသည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ သော်လည်း ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းကို ၈-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး တတိယနေရာလုပွဲ ကစားခဲ့ရ သည်။

တတိယနေရာလုပွဲတွင်လည်း အင်ဒိုနီးရှားအသင်းကို ၆-၅ ဂိုးဖြင့် ရှုံးနိမ့်ကာ စတုတ္ထဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly