လွတ်ငြိမ်းချမ်းသာခွင့်က နောက်ထပ်ပြစ်မှု ကျူးလွန်စေတာလား

လွတ်ငြိမ်းချမ်းသာခွင့်က နောက်ထပ်ပြစ်မှု ကျူးလွန်စေတာလား

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်ခရိုင်၊ သန်လျင်မြို့နယ်မှာနေတဲ့ ကိုဉာဏ်ဇော် ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံရရှိခဲ့ပါတယ်။ သူ့စာထဲမှာ ရေးသားထားတာ ကတော့ မြန်မာနိုင်ငံ အနှံအပြားမှာ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ မှုခင်းဖြစ်စဉ်များနဲ့ ပတ်သက်ပြီး ပြည်သူတစ် ယောက်ရဲ့ အမြင်ကို ရေးသားပေးခဲ့တာ ဖြစ်ပါတယ်။ သူဟာ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်က ဘွဲ့ရရှိ ပြီးလို့ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး လုပ်ငန်းသဘောသဘာဝအရ အပိုအလုပ်ချိန်တွေကြောင့် အိမ်ပြန်ရင် ညမှောင်မှ ပြန်ရတဲ့သူဖြစ်တယ် လို့ ပြောပါတယ်။ အရင်က အိမ်ပြန်နောက်ကျတဲ့အတွက် ဘယ်လိုမှ မခံစားရပေမယ့် အခုနှစ်လ အတောအတွင်းမှာတော့ နေ့စဉ် စိုးရိမ်ထိတ်လန့်ပြီးသွားလာနေရသလို ဖြစ်ပေါ်ခံစားရပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်ငံက နိုင်ငံသားပဲဖြစ်ဖြစ် အေးချမ်းတည်ငြိမ်စွာ နေထိုင်လိုတဲ့ စိတ်ဆန္ဒရှိကြသလို ဒီလိုဖြစ်ပေါ်ဖို့အတွက် တရားဥပဒေစိုးမိုးရေး လိုအပ်တယ်လို့ ပြောပါတယ်။ အခုတော့နိုင်ငံ အနှံ့အပြားမှာ မှုခင်းတွေဖြစ်ပေါ်တဲ့ သတင်းပါလို့ ဖတ်ကြည့်လိုက်ရင် မှုခင်းတော်တော် များများက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့သူတွေက လွတ်လွတ်ချင်းမှာပဲ ပြန်လည်လို့ ပြစ်မှု ကျူးလွန်ကြ တာကြောင့် ဖြစ်ကြောင်း ဖတ်ရတယ်လို့ ရေးပါတယ်။

အစိုးရအသစ် သက်တမ်းလေးနှစ်ကျော်အတွင်း နိုင်ငံတော် သမ္မတဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မ (က) (ခ ) မှာပါရှိတဲ့ နိုင်ငံတော် သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်ပေးပိုင် ခွင့်ရှိသည်ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့အညီ လွတ်ငြိမ်းချမ်းသာခွင့် ၁၇ ကြိမ်ခွင့်ပြုပေးခဲ့ရာ မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်အထိ အကျဉ်းသူ၊ အကျဉ်းသားပေါင်း ၄,၆၀၀ ကျော် လွတ်ငြိမ်းချမ်းသာ ခွင့် ပေးခဲ့ပါတယ်။

သမ္မတကြီးရဲ့စေတနာနဲ့ အကျဉ်းကျနေသူတွေအတွက် ကောင်းပေမယ့် လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူအချို့ရဲ့ ပြစ်မှု ပြန်လည် ကျူးလွန်မှုများကြောင့် ပြည်သူတွေမှာ စိုးရိမ်သော ကနဲ့ ထိတ်လန့်ကြောက်ရွံ့နေကြရတယ်လို့ ပြောပါတယ်။ ကျူးလွန်ခဲ့တဲ့ ပြစ်မှု အလိုက် ဥပဒေအရ အပြစ်ဒဏ်ခံရပြီး လွတ်မြောက်လာတဲ့အခါမှာ နောင်တမရဘဲ ထောင်ထဲမှာ သိကျွမ်းခဲ့ရတဲ့ ဝါရင့်လူဆိုး လူမိုက်များထံက ထပ်ပြီးသင်ယူတတ်မြောက်လာတဲ့ ဒုစရိုက်ပညာတွေနဲ့ ပြစ်မှုတွေ ထပ်မံကျူးလွန်နေကြတာကို တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အစိုးရ ခေတ်အဆက်ဆက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားရုံးတွေက ပြစ်ဒဏ်ချ မှတ်ခြင်းခံခဲ့ရတဲ့ အကျဉ်းသားတွေကို အထိမ်းအမှတ် တစ်ခုခုနဲ့ တိုက်ဆိုင်ရင် လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့တာ အစဉ်အလာဖြစ်နေတာကို အပြစ်ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် အကျဉ်းထောင်တွေ ဟာ အမှားကို ပြန်လည်ပြင်ဆင်နိုင်ဖို့နဲ့ လူတစ်ယောက်ဟာ နောက်ဆုံးထွက်သက်အထိ တန်ဖိုးရှိနေပြီး မိသားစုနဲ့ ပတ်ဝန်းကျင်အတွက် ဘယ်လို နေထိုင်စားသောက်ရမယ်ဆိုတဲ့ အသိတရားရဖို့ ပြုပြင် ပေးတဲ့နေရာ ဖြစ်ရမှာကို အခုတော့ ဆိုးတဲ့သူ ထောင်က ထွက်ရင် ပိုပြီး ဆိုးလာ၊ ပြစ်မှုကျူးလွန်လာ နေကြတာက မဖြစ်သင့်ပါဘူးလို့ ပြောပါတယ်။

သူ သိထားတာက နိုင်ငံတစ်နိုင်ငံမှာ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တပြုပြင်ရမှာ ပြည်သူတွေ နဲ့ သက်ဆိုင်တဲ့ ဝန်ထမ်းတွေကို စွမ်းဆောင်ရည်လုပ်ရပ်တွေ ပြည့်မီအောင် လေ့ကျင့်ထားဖို့ လိုတယ် လို့ ထင်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်အတွက် အကျဉ်းသားတွေကို စိစစ်တဲ့သူတွေအနေနဲ့ ၎င်းတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုသမိုင်းကြောင်း နောက်ခံနဲ့ ထောင်တွင်းမှာ သူတို့ရဲ့ နေထိုင်ပြုမူလုပ်ဆောင်တာ တွေကို အသေအချာ လေ့လာပြီးမှ လွတ်ခွင့် ပြုစေချင်ပါတယ်လို့ ဆိုပါတယ်။ အသိတရားရပြီး စည်းကမ်းကောင်းမွန်တဲ့ သူတွေကို လွတ်မှသာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာက အဓိပ္ပာယ်ရှိမှာဖြစ်တယ် လို့ပြော ပါတယ်။ သူတို့ သန်လျင်မြို့နယ်က ရဲတပ်ဖွဲ့ ၂ ဦးကို သတ်ခဲ့တဲ့တရားခံဟာ ယခင် က ရဲအရာရှိတစ်ဦးကို သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ လုယက်မှုနဲ့ အခြားရာဇဝတ်မှု ပေါင်းများစွာကို ကျူးလွန်ခဲ့ သူဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်ကနေ နှစ်ကြိမ် လွတ်မြောက်ခဲ့သူဆိုတာ သတင်းစာ ထဲမှာ ဖတ်လိုက်ရတဲ့သူတွေက ဒီကောင်ဆိုးနေပြီး အန္တရာယ်ရှိတဲ့သူကို လွှတ်ပေးခဲ့တာ ကိုဒေါသဖြစ်နေကြ တယ်လို့ ရေးပါတယ်။

ပြစ်မှုကျူးလွန်ပြီး အကျဉ်းထောင် ရောက်သူတွေကို အလုပ်တွေ ခိုင်းလို့ ကျဉ်းမြောင်းတဲ့ အခန်းထဲမှာ ထားရုံနဲ့တော့ သူတို့အသိတရားရပြီး ပြောင်းလဲလာမှာ မဟုတ်ပါဘူး။ဖြစ်သင့်တာကပြောင်းလဲ လာတဲ့ ခေတ်စနစ်တွေနဲ့ အညီ အခြားနိုင်ငံအချို့က အကျဉ်းထောင်တွေမှာလို စိတ်ဓာတ် ပြောင်းလဲဖို့ အသိပညာပေးတာ၊ အသက်မွေးနိုင်မယ့် အတတ်ပညာတွေကို သင်တန်းပေးတာတွေ လုပ်စေချင်တယ်လို့ ရေးပါတယ်။ အကျဉ်းထောင်က ပြန်ထွက်လာရင် စားဝတ်နေရေးအတွက် အတတ်ပညာ မရှိလို့ အလုပ်လုပ်ဖို့ အခက်အခဲရှိတာနဲ့ အသိတရားမရှိလို့ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင် စားသောက်လို့ စိတ်မရှိတာကြောင့် ခိုး၊ ဆိုး၊ နှိုက်၊ လုယက်၊ လူသတ်မှုတွေ ပြန်ပြီး ကျူးလွန်လာကြ တာ များပါတယ်။ ဒါကြောင့် နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံမှာ ရုပ်ဝတ္ထု ပြုပြင်တာတွေချည်း လုပ် မနေဘဲ နိုင်ငံသားတွေရဲ့ စိတ်ဓာတ်ကို စနစ်တကျ ပြုပြင်ပေးဖို့ အကြံပြုရေးသားတဲ့ စာကို ဖော်ပြ လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags