တရားစီရင်ရေးတွင် စစ်ဘက်မှ ပြောင်းလာသူများကို အလိုမရှိကြောင်း ကန့်ကွက်မှုစတင်

09 September 2015
တရားစီရင်ရေးတွင် စစ်ဘက်မှ ပြောင်းလာသူများကို အလိုမရှိကြောင်း ကန့်ကွက်မှုစတင်
 တရားစီရင်ရေးတွင် စစ်ဘက်မှ ပြောင်းလာသူများကို အလိုမရှိကြောင်း ကန့်ကွက် လှုပ်ရှားမှု Yellow Ribbon တွင် ပူးပေါင်း ပါဝင်ကြသူများ

မဇ္ဈိမ၊ စက်တင်ဘာ ၉။                      ။ နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် တရားရုံးတွင် စက်တင်ဘာလ ၉ ရက်နေ့နံနက်က ပျဉ်းမနားမြို့  ရှေ့နေများအသင်းမှ တရားလွှတ်တော်ရှေ့ နေများနှင့် အထက်တန်းရှေ့နေများသည် တရားစီရင်ရေးတွင် စစ်ဘက်မှ ပြောင်းလာသူများကို အလိုမရှိကြောင်း ကန့်ကွက် လှုပ်ရှားမှု Yellow Ribbon လှုပ်ရှားမှုများပြုလုပ်ခဲ့သည်။

"တရားစီရင်ရေးတွင် စစ်အနွယ် မိုးကျရွှေကိုယ်တွေ အာဏာသိမ်းထားတာ ကြာပါပီ။
ဒါကြောင့် ခုလို Yellow Ribbon လှုပ်ရှားမှုစလိုက်တာ" ဟု ပြောသည်။

Yellow Ribbon Campaign Myanmar လှုပ်ရှားမှု၏ ရည်ရွယ်ချက်များအဖြစ်  လတ်တလော ရည်ရွယ်ချက်မှာ တရားရုံးတွင် ဦးစီအရာရှိ တာဝန်ထမ်းဆောင်ခဲ့ပြီး ဝန်ကြီးဌာန (၄/၅) ခုသို့ ခုန်ပျံ ကျော်လွှားကာ ရာထူးအဆင့်ဆင့် ရယူခဲ့သူ ကိုသာကူးအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်ရာထူးသို့ တိုက်ရိုက်ခန့်ထားခြင်းအား ဆန့်ကျင်ခြင်းနှင့်အတူ နောင်တွင်အလားတူ အရပ်ဖက်ဌာနအသီးသီးတွင် မိုဃ်းကျရွှေကိုယ်များ ခန့်ထားခြင်းကို ဆန့်ကျင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

ရေရှည်ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတရားစီရင်ရေးတွင် အမိန့်ပေးတရားစီရင်ရေးစနစ် ပပျောက်စေရန်နှင့် ဒီမိုကရေစီနှင့် လောကပါလတရားများ ထွန်းကားရှင်သန်သော ဒီမိုကရေစီတရားစီရင်ရေးစနစ် ထွန်းကား စေရန် ရည်ရွယ်ပါသည်ဟု Yellow Ribbon Campaign Myanmar ၏ Facebook စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။

Yellow Ribbon Campaign Myanmar လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြပါရန်လည်း တိုက်တွန်းထားသည်။
ရှေ့နေများ၊ တရားသူကြီးများ၊ ဥပဒေ ကျောင်းသားကျောင်းသူများနှင့် စစ်ဘက်၏ကဏ္ဍစုံတွင် စွက်ဖက်ဝင်ရောက် နေရာယူခြင်းကို မထောက်ခံသော ညီအကိုများအားလုံး တရားရုံးများ၊ ရုံးဌာနများ သွားရာတွင် အနက်ရောင် တိုက်ပုံ၊ အပေါ်အင်္ကျီများပေါ်၌ အဝါရောင်ရင်ထိုး/ဖဲကြိုး တံဆိပ် တပ်ဆင်ခြင်းဖြင့် Yellow Ribbon Campaign Myanmar လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required