“မြန်မာနိုင်ငံကို အားကောင်းတဲ့ လမ်းကြောင်းပေါ် တွန်းတင်ဖို့ ကူညီနေပါတယ်”

“မြန်မာနိုင်ငံကို အားကောင်းတဲ့ လမ်းကြောင်းပေါ် တွန်းတင်ဖို့ ကူညီနေပါတယ်”
ဘဏ္ဍာရေး ကျွမ်းကျင်သူ တင်ရှက်(ဖ) မန်း

ဘဏ္ဍာရေး ကျွမ်းကျင်သူ တင်ရှက်(ဖ) မန်းနှင့် တွေ့ဆုံခြင်း

ဘဏ္ဍာရေးလုပ်ငန်း ကျွမ်းကျင်သူ တင်ရှက်(ဖ) မန်းက ဂျာမနီနိုင်ငံသား တစ်ဦးဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံကို ရောက်ရှိနေတာ သုံးနှစ်ကျော်ပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ ဗဟိုဘဏ် အပါအဝင် ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေအတွက် ဘဏ္ဍာရေး ဆိုင်ရာ သတင်းအချက် အလက်တွေကို ကူညီထောက်ပံ့ပေးနေသူဖြစ်ပါတယ်။ ဒါ့အပြင် ဘဏ္ဍရေးဆိုင်ရာ လုပ်ငန်းများအတွက်လည်း အကြံဉာဏ်တွေ ပေးနေသူဖြစ်ပါတယ်။

ဖွံ့ဖြိုးစ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းတွေ တိုးတက်ဖို့ ဘာတွေ လိုအပ်ပါသလဲ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဘဏ်လုပ်ငန်းတွေမှာ ဘယ်လို ယှဉ်ပြိုင်နိုင်မလဲ။ ဘဏ်လုပ်ငန်းတွေ အောင်မြင်ဖို့ ဘယ်လိုတွေ လုပ်နိုင်မလဲ တင်ရှက်(ဖ) မန်းကို မေးကြည့်ရအောင်ပါ။

ခု ခင်ဗျား လုပ်နေတဲ့ အလုပ်တွေနဲ့ ပတ်သက်ပြီးတော့ နည်းနည်းရှင်းပြပေးပါ။

ဘဏ်တွေအတွက် အလုပ် လုပ်ပေးတာပါ၊ ကျွန်တော်တို့က ငွေကြေးလုပ်ငန်းတွေမှာ ကျွမ်းကျင်သူတွေ ဖြစ်တယ်၊ ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ်တွေအပြင် အာရှဒေသက ဘဏ်တွေကို အကြံဉာဏ် ပေးတာတွေ လုပ်ပါတယ်၊ ကျွန်တော်တို့ တာဝန်က မြန်မာနိုင်ငံ ဘဏ္ဍာရေး လုပ်ငန်းတွေ တိုးတက်အောင် ကူညီပေးသွားဖို့ ဖြစ်ပါတယ်။

ဗဟိုဘဏ်ကိုလည်း အကူအညီတွေ ပေးနေတယ်ဆိုတော့ ဘာလိုအကူအညီ မျိုးတွေလဲ။

ကျွန်တော်တို့က ဗဟိုဘဏ်ရော၊ ပြည်တွင်း ဘဏ်တွေအတွက်ပါ ကူညီပေးနေပါတယ်၊ အဓိက လုပ်ပေးနေတဲ့ အခန်းကဏ္ဍက ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုတွေမှာ ကိုင်တွယ်ဖြေရှင်း ပေးရတာတွေကို ဘယ်လိုမျိုး ထိရောက်အောင် လုပ်ကိုင်ရမလဲဆိုတဲ့ အကြောင်းဖြစ်ပါတယ်။

အခုဆိုရင် နိုင်ငံခြားဘဏ်တွေ ရောက်လာပါပြီ၊ အပြောင်းအလဲတွေ ဖြစ်လာပါပြီ၊ မြန်မာနိုင်ငံက စီးပွားရေး အခွင့်အလမ်းတွေ ရရှိဖို့ အခြေအနေတွေ ရှိလာနေတော့ ဒီလို အပြောင်းအလဲကို စီမံခန့်ခွဲသွားဖို့ လိုအပ် လာပါတယ်။

ဘဏ်လုပ်ငန်းရှင်တွေက နိုင်ငံတကာ အဆင့်ကို မျှော်ကြည့်မယ်၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ရော အာဆီယံဒေသတွင်း ဘဏ်လုပ်ငန်းတွေနဲ့ရော ယှဉ်ပြိုင်နိုင်အောင် စဉ်းစားမယ်ဆိုရင် စီးပွားရေး အရအောင်မြင်ဖြစ်ထွန်းလာနိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ သူတို့က ဘယ်လောက်တောင် အောင်မြင်လဲဆိုတာ သူတို့ကိုယ်တိုင် တွေ့မြင်လာမှာပါ။
 အခု ပြောသွားတဲ့အထဲမှာ နိုင်ငံတကာ ဘဏ်လုပ်ငန်းတွေက ပြည်တွင်း ဘဏ်တွေမှာ လိုအပ်နေတယ်လို့ ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံက ဘဏ်တွေရဲ့လက်ရှိ အခြေအနေတွေမှာ နိုင်ငံတကာ အဆင့်မီအောင် ပိုအောင်မြင်ဖို့အတွက် စိန်ခေါ်စရာတွေ ရှိနေသလား။

မြန်မာနိုင်ငံ ဘဏ်တွေက အံအားသင့်စရာ အလုပ်တွေ လုပ်ထားတယ်လို့ ကျွန်တော်ထင်တယ်၊ အပင်တစ်ပင်ကို ချက်ချင်းကြီး ကြီးထွားအောင် လုပ်ယူလို့မရပါဘူး။ ကြီးထွားဖို့ အချိန်လိုမယ်၊ နောက်မှ အသီးသီးမှာပေါ့၊ ပြည်တွင်း ဘဏ်တွေအနေနဲ့လည်း ပြုပြင်ပြောင်းလဲမှု အများကြီး လုပ်ထားတယ်ဆိုပေမယ့် သူတို့အမှန်တကယ် လိုအပ်တဲ့ ခြေလှမ်းတွေကို ရှာဖွေထားဖို့လိုအပ်ပါတယ်၊ ထပ်တိုး လုပ်ဆောင်ရမှာ တွေလည်း ရှိနေပါတယ်၊ ပြီးရင်တော့ အသီးအပွင့်တွေကို ဆောင်ယူလာနိုင်မှာ ဖြစ်ပါတယ်။

အရင် လေးနှစ်ထဲကနေစပြီး မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းတွေမှာ အင်တာနက် ဘဏ်လုပ်ငန်း၊ မိုဘိုင်းဘဏ် လုပ်ငန်းတွေကို လုပ်ဆောင်လာကြတယ်၊ ဒီဟာက အနာဂတ်မှာ ဘာလိုများ ဖြစ်လာမလဲ။

ဒါက လွယ်ကူအဆင်ပြေစေမယ့် နည်းလမ်းတွေပေါ့၊ ကျွန်တော့် ဖုန်းကနေတစ်ဆင့် အလုပ်လုပ်လို့ ရတာပေါ့၊ ငွေကိုလည်း ချွေတာရာ ရောက်တယ်။ ဘဏ်တစ်ခုအတွက် အဆောက်အဦး ဆောက်မယ်၊ ဝန်ထမ်းခန့်မယ်၊ ကွန်ပြူတာတွေ တပ်ဆင်မယ်ဆိုရင် အကုန်အကျတွေများမယ်။

အမှန်တကယ်က ဘဏ်ရဲ့ ဝန်ဆောင်မှုတွေကို လူတိုင်းရဲ့ မိုဘိုင်းဖုန်းတွေကနေ တစ်ဆင့် မြင့်တင်ရမှာ ဖြစ်ပါတယ်၊ အခုဆို လူတိုင်း ဖုန်းရှိနေပြီလေ။ လူတစ်ချိ့ကဆိုရင် သူတို့ဘဝတွေက မိုဘိုင်းဖုန်းတွေထဲမှာ ရှိတယ်လို့ ပြောကြတယ်၊ ဘဏ်ဝန်ဆောင်မှုတွေက ကျေးလက်ဒေသတွေကို ရောက်ရမှာဖြစ်တယ်၊ ဒါကတော့ ဆက်သွယ်ရေး ကွန်ရက်တွေ ရောက်ရှိတဲ့ အပေါ်မှာလည်း မူတည်တာပေါ့။

ဖြစ်နိုင်တဲ့ စိန်ခေါ်စရာ၊ အခက်အခဲ တွေရော ဘာတွေရှိနေလဲဗျ။

မြန်မာနိုင်ငံက ဘဏ်လုပ်ငန်း ဈေးကွက်ထဲမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်၊ ဒီရဲ့နောက်မှာတော့ ကြီးမားတဲ့ အခွင့်အလမ်းတွေလည်းရှိနေပါတယ်။ အဲဒီတော့ စိန်ခေါ်မှုဆိုတာက အခွင့်အလမ်းတွေ ကိုရှာဖွေဖို့ ဖြစ်လာပါတယ်။ လျင်လျင်မြန်မြန် သင်ယူပြီး အပြောင်းအလဲ တွေနဲ့အတူ လျှောက်လှမ်းဖို့ ဖြစ်ပါတယ်။

ပြည်တွင်း ဘဏ်ကြီးတွေမှာ အရင်နှစ်က ဆိုရင် ၃၀ ရာခိုင်နှုန်းလောက် တိုးတက်လာတယ်လို့ သိထားတယ်ခင်ဗျ။ တိုးတက်လာတဲ့ အကြောင်းရင်းက ဘာတွေဖြစ်မလဲ။

ဒီပြည်တွင်းရဲ့ ဦးဆောင်ဘဏ်ကြီး ကိုးဘဏ်ထဲမှာ သူတို့ရဲ့ ဝန်ထမ်း အရေအတွက်ဟာ ဆိုရင် ပြီးခဲ့တဲ့ နှစ်က သုံးဆယ် ရာခိုင်နှုန်းလောက် တိုးတက် လာခဲ့တာကို တွေ့ရပါတယ်၊ ဝန်ထမ်းပေါင်းနှစ်သောင်း ခြောက်ထောင်နဲ့ သုံးသောင်း ခုနှစ်ထောင် ကြားလိုက်ရှိလာတာကို တွေ့ရပါတယ်။

ဒါက မြန်မာနိုင်ငံ လူဦးရေအတွက် ဘဏ်လုပ်ငန်း တွေကနေ ရလာတဲ့ အခွင့်အလမ်း ဖြစ်ပါတယ်။ အပ်ငွေ အခြေအနေတွေကို ပြောရရင် ပြည်သူတွေ ဘဏ်တွေမှာ ငွေပိုပြီး အပ်လာကြတာကို တွေ့ရတယ်။ တိုးတက်မှုကတော့ ဒီဘဏ်ကြီး ကိုးဘဏ်ထဲမှာ အပ်ငွေပမာဏ ၁၅၀ ရာခိုင်နှုန်း အထိ တိုးတက်လာတာကို ကျွန်တော်တို့ တွေ့ရပါတယ်။

နောက်ဆုံး မေးခွန်းက ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေနဲ့ ဖြစ်ပေါ်လာမယ့် အာဆီယံ စီးပွားရေး အသိုက်အဝန်းအပေါ် ဘယ်လို ထင်မြင်ပါသလဲ။

ဒါကတကယ့် အခွင့်အရေးကြီးဖြစ်လာမှာပါ၊ ကျွန်တော်တို့ ဥရောပ သမဂ္ဂမှာဆိုရင်လည်း ဒီလို အလားသဏ္ဍန်တူတဲ့ တာဝန် ယူရတာတွေ ရှိပါတယ်။ အမြဲတမ်းတော့ နေသာနေတာ မဟုတ်ပါဘူး၊ စိန်ခေါ်မှုတွေ လည်းရှိပါတယ်။

တစ်ချိန်တည်းမှာပဲ အာဆီယံရဲ့ စီးပွားရေး တိုးတက်မှုက လျင်လျင်မြန်မြန်နဲ့ ဖြစ်ထွန်းနေပါတယ်။ လက်နှစ်ဘက်နဲ့ ကြိုးကိုဆွဲတာနဲ့ လက်ဆယ်ဘက်နဲ့ ကြိုးဆွဲတာ မတူနိုင်ပါဘူး၊ အာဆီယံရဲ့ အားက နိုင်ငံတကာမှာ ပိုပြီး အားကောင်းလာမှာပါ။ ဒါက မြန်မာနိုင်ငံကို အားကောင်းတဲ့ လမ်းကြောင်းပေါ် တွန်းတင်ဖို့  ကူညီနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required