တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၏ မဲဆွယ်စည်းရုံးမှု

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၏ မဲဆွယ်စည်းရုံးမှု
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဟန်ရွှေ။

ရန်ကုန်၊ စက်တင်ဘာ ၉ ။          ။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဟန်ရွှေ က ၎င်းင်းတို့ ပါတီ၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြော တင်ပြခဲ့သည်။ အဆိုပါ ဟောပြော တင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

လေးစားအပ်ပါသော မဲဆန္ဒရှင် ပြည်သူအပေါင်းတို့ ခင်ဗျား-

မဲဆန္ဒရှင် ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြစေ ကြောင်း ဆုမွန်ကောင်းဖြင့် နှုတ်ခွန်း ဆက်သအပ်ပါတယ်။

ကျွန်တော်တို့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီကို ဖွဲ့စည်း ထူထောင် လာခဲ့တာဟာ ယခုဆိုရင် သက်တမ်း (၂၇)နှစ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ ဆယ်စုနှစ်သုံးခုကြာ စည်းလုံးညီညွတ်ပြီး တည်ငြိမ်ခိုင်မာစွာ ရပ်တည် ထားနိုင်တဲ့ပါတီ ဖြစ်ပါတယ်။

ဒီလို တည်ငြိမ်ခိုင်မာပြီး စည်းလုံး ညီညွတ်စွာနဲ့ ရပ်တည် ထားနိုင်ခြင်းဟာ ကျွန်တော်တို့ ပါတီကို တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနဲ့ ဖွဲ့စည်းထားတဲ့ ပါတီမဟုတ်ဘဲ ပါတီရဲ့မူဝါဒ၊ လမ်းစဉ်ကျင့်စဉ်များ ကိုစနစ်တကျနဲ့ ချမှတ်ကျင့်သုံး အကောင် အထည်ဖော်နေနိုင်လို့ ဖြစ်ပါတယ်။

ပါတီရဲ့မူဝါဒက လူအများ ကောင်းစားရေး မူဝါဒဖြစ်ပြီး ဒီမူဝါဒကို လက်တွေ့ အကောင် အထည်ဖော်နိုင်ဖို့ အတွက် ပြည်သူ အကျိုးပြု မြန်မာ့ လမ်းစဉ်ကို ချမှတ်ထားပါတယ်။ ဒီလမ်းစဉ်ကို အကောင် အထည်ဖော်ရာမှာ အမှားအယွင်း နည်းနိုင်သမျှ နည်းပြီး အစွန်းတရားတွေကို ရှောင်ရှားနိုင်ဖို့ အတွက် မဇ္ဈိမပဋိပဒါ ကျင့်စဉ်ကို ကျင့်သုံးလျက် ရှိပါတယ်။

ဒီလိုပါတီရဲ့မူဝါဒ လမ်းစဉ် ကျင့်စဉ်တို့ကို ဟန်ချက်ညီညီ ကျင့်သုံး ဖော်ဆောင် နေတာကြောင့် ကျွန်တော်တို့ ပါတီဟာ တည်ငြိမ်ခိုင်မာပြီး စည်းလုံး ညီညွတ်စွာနဲ့ ယခုလို ရပ်တည် နေနိုင်ခြင်း ဖြစ်တယ် ဆိုတာ မဲဆန္ဒရှင် ပြည်သူများ အကဲခတ်နိုင်စေဖို့ အသိပေး တင်ပြအပ်ပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ အမှတ် တံဆိပ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင် ပြည်သူအပေါင်းတို့ ခင်ဗျား-

မကြာတော့မယ့်ကာလမှာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပပါတော့မယ်။ မဲဆန္ဒရှင်များ အနေနဲ့လည်း မိမိတို့က တာဝန်ပေးမယ့် ကိုယ်စားလှယ်တွေကို ဆန္ဒပေးပြီး ရွေးချယ် ပေးရတော့မှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင် ပြည်သူများအနေနဲ့ မိမိတို့ ကိုယ်စားလှယ်တွေကို ရွေးချယ်ဖို့ စဉ်းစား ဆုံးဖြတ်ရာမှာ အထောက်အကူပြု လေ့လာနိုင်စေဖို့ ကျွန်တော်တို့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီအနေနဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းကို ကြိုတင် အသိပေး ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကြေညာစာတမ်းဟာ ယခုရွေးကောက်ပွဲမှာ ပြည်သူလူထုက အခွင့်အာဏာ အပ်နှင်းခဲ့ရင် မဲဆန္ဒရှင် ပြည်သူများ အတွက်ရော နိုင်ငံတော် အတွက်ပါ အကျိုးရှိ တိုးတက်အောင် ဆောင်ရွက်မယ့် ပါတီရဲ့ သဘောထား လုပ်ငန်းစဉ်များပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက် အလက်အချို့ကို အကျဉ်းချုံးပြီး တင်ပြသွားပါမယ်။

မကြာခင်ကာလက ကျွန်တော်တို့ နိုင်ငံမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုအတွင်း ရေဘေး ကပ်ဆိုးကြီးနဲ့ ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီဒေသ မှာရှိတဲ့ တောင်သူ လယ်သမား မိသားစုများနဲ့ ကျေးလက်နေ လုပ်သားပြည်သူတွေ ဒုက္ခ ပင်လယ်ဝေခဲ့ကြရပါတယ်။ အစိုးရနဲ့ နိုင်ငံသူ နိုင်ငံသား အသင်းအဖွဲ့များ အားလုံးကလည်း စေတနာဝေဖြာစွာနဲ့ ဝိုင်းဝန်း ကူညီခဲ့ကြပါတယ်။

ဒါပေမယ့် တောင်သူ လယ်သမားများနဲ့ ကျေးလက်နေ လုပ်သား ပြည်သူတွေရဲ့ နေရေးထိုင်ရေးနဲ့ လူမှုဘဝ မူလအခြေအနေ ပြန်လည် ရောက်ရှိစေဖို့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို ဦးစားပေးပြီး အချိန်ယူလုပ်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေး အသက် သွေးကြောဖြစ်တဲ့ လယ်ယာကဏ္ဍမှာ သီးနှံစိုက်ဧက တစ်သန်းကျော် ထိခိုက်ခဲ့ပြီး ဧကရှစ်သိန်းကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် တောင်သူ လယ်သမားတွေရဲ့ လယ်ယာ စီးပွားရေးဘဝ ပြန်လည် နာလန်ထူအောင် လုပ်ဆောင်ရမယ် ဆိုတာ အဓိက ဦးစားပေး လုပ်ငန်းအဖြစ် ကျွန်တော်တို့ပါတီက သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ရေဘေးကြောင့် ပျက်စီးသွားတဲ့ လမ်း၊ တံတား၊ အဆောက်အအုံ၊ လျှပ်စစ်ဆက်သွယ်မှုစတဲ့ အခြေခံ အဆောက်အအုံများကို မူလ အခြေအနေ ပြန်ရောက်အောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါဟာလည်း ဦးစားပေး လုပ်ငန်းအဖြစ် ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။

ဆက်လက်ပြီး တောင်သူ လယ်သမားတွေနဲ့ ရင်ဆိုင်နေရတဲ့ လယ်ယာမြေ ပြဿနာများနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ အချက်ကို လုပ်ဆောင်မယ်ဆိုရင် ''လယ်သမား လုပ်တဲ့မြေ၊ လယ်သမား ပိုင်ဆိုင်ရေး'' ဖြစ်အောင် လုပ်ဆောင် ရမှာဖြစ်ပါတယ်။ ဒီကနေ့ တွေ့ကြုံနေရတဲ့ လယ်ယာမြေ ပြဿနာတွေဟာ လယ်သမားကို လုပ်ကိုင်ခွင့်သာ ပေးထားတဲ့ မြေယာ မူဝါဒအပေါ်မှာ အခြေခံ နေပါတယ်။

နိုင်ငံတော်မှာ ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးဖို့ ပြဋ္ဌာန်းထားတာ ဖြစ်တဲ့အတွက် မြေယာမူဝါဒဟာ ဈေးကွက်စီးပွားရေး အခြေခံများနဲ့ ကိုက်ညီဖို့ လိုပါတယ်။ ဒါကြောင့် ''လယ်သမားလုပ်တဲ့မြေ လယ်သမား ပိုင်ဆိုင်ရေး အတွက် ဥပဒေနည်းလမ်း၊ နိုင်ငံရေး နည်းလမ်းများနဲ့အညီ ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။''

လေးစားအပ်တဲ့ မဲဆန္ဒရှင်ပြည်သူများခင်ဗျား-

ကျွန်တော်တို့နိုင်ငံမှာ လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်းဆူပူ သောင်းကျန်းမှုတွေကြောင့် တိုင်းရင်းသား ပြည်သူအပေါင်းဟာ ဒုက္ခမျိုးစုံကို နှစ်ပေါင်း (၆ဝ)လောက် ခါးစည်း ခံစားခဲ့ကြရပါတယ်။ ဒါကြောင့် ထာဝရ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့ နိုင်ငံအတွက်ရော၊ တိုင်းရင်းသား ပြည်သူတွေအတွက်ပါ အလိုအပ်ဆုံး ဖြစ်နေပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပဖို့ ညှိနှိုင်း ဆောင်ရွက်နေကြရပါတယ်။ ကျွန်တော်တို့ ပါတီဟာ ဒီထာဝရ ငြိမ်းချမ်းရေး ရရှိစေဖို့ အကောင် အထည်ဖော်ရေး လုပ်ငန်းတွေမှာ တတ်စွမ်းသမျှ ပါဝင် ဆောင်ရွက်လျက် ရှိနေပါတယ်။

ထာဝရ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင် ပတ်သက်သူများ အနေနဲ့လည်း မိမိတို့ရဲ့အတ္တနဲ့ မာန်မာနများကို စွန့်ပယ်ပြီး ဒုက္ခဆင်းရဲမှု အဖုံဖုံနဲ့ တွေ့ကြုံ ခံစားနေကြရတဲ့ ပြည်သူတွေရဲ့ မျက်နှာတစ်ခုတည်းကိုသာ ကြည့်ပြီး ဆောင်ရွက် ပေးဖို့ တိုက်တွန်းလျက် ရှိပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ထာဝရ ငြိမ်းချမ်းရေးရရှိဖို့ အဓိက လိုအပ်ချက်ဟာ တိုင်းရင်းသားတွေအချင်းချင်း ယုံကြည်မှုရှိရေးနဲ့ စည်းလုံး ညီညွတ်ရေးပဲ ဖြစ်ပါတယ်။

ဒီလိုအပ်ချက်ရရှိရေး အတွက် တိုင်းရင်းသားများ အရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ပါတီရဲ့ သဘောထား (၄)ချက်ကို တင်ပြပါမယ်။

(၁) တိုင်းရင်းသားများအတွင်း တန်းတူရည်တူရှိရေး ဒီအချက်ကို ဖော်ဆောင်ရာမှာ တိုင်းရင်းသားတွေ အတွင်း လူမျိုးကြီး၊ လူမျိုးငယ် မခွဲခြားစေရေး၊ မည်သည့် တိုင်းရင်းသားမှ အခွင့်ထူးခံ မရှိစေရေး၊ တိုင်းရင်းသားများ အတွင်း ခေါင်းပုံမဖြတ်ရေး၊ လူညွန့်မခူးရေး၊ ဥပဒေအရာမှာ တူညီရေး အချက်များ ပါဝင်မှာဖြစ်ပါတယ်။

(၂) တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိစေရေး ဒီအချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေအနေနဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးနဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ပိုင်ခွင့်တွေ တိုးမြှင့်ပေးပြီး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို ပီပြင်အောင် ဖော်ဆောင် သွားရမှာ ဖြစ်ပါတယ်။

(၃) တိုင်းရင်းသား လူမျိုးတစ်မျိုးအနေနဲ့ ရှင်သန် ရပ်တည်ပိုင်ခွင့်ရှိရေး ဒီအချက်နဲ့ စပ်လျဉ်းလို့ကတော့ လူမျိုး တစ်မျိုးအနေနဲ့ လူမျိုး၊ ဘာသာစကား၊ စာပေ၊ ဓလေ့ထုံးတမ်း၊ ယုံကြည် ကိုးကွယ်မှု၊ ရိုးရာ ယဉ်ကျေးမှု အစဉ်အလာများ ပျောက်ပျက် မသွားအောင် ထိန်းသိမ်းရေးနဲ့ ပိုမိုရှင်သန်လာရေး အတွက် ဆောင်ရွက်ခွင့်များ ရရှိအောင် လုပ်ဆောင်သွားပါမယ်။

(၄) တိုင်းရင်းသား လူမျိုးများအတွင်း ညီညာတဲ့ ဖွံ့ဖြိုးတိုးတက်ခွင့် ရှိစေရေး ဒီအချက်ဟာ အရေးကြီးပါတယ်။ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး ဖွံ့ဖြိုး တိုးတက်မှု ကွာဟချက် နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များ အကြား သယံဇာတ၊ ဓနဥစ္စာခွဲဝေ သုံးစွဲခွင့် ညီညွတ် မျှတရေးကိုပါ ညှိနှိုင်း ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။
ဒီအချက်တွေနဲ့အညီ ရပ်တည်သွားမှာ ဖြစ်တဲ့အတွက် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အမျိုးသား စည်းလုံး ညီညွတ်ရေးနဲ့အတူ ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင်ပြည်သူများခင်ဗျား -

တစ်မျိုးသားလုံးရဲ့ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုး တိုးတက်စေဖို့ အတွက် ကျွန်တော်တို့ ပါတီက ''လွတ်လပ်သော အမျိုးသား စီးပွားရေးမူဝါဒ''ကို ချမှတ် ဆောင်ရွက်သွားပါမယ်။ ဒီမူဝါဒအရ ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု စတဲ့ စီးပွားရေး ဆောင်တာ အရပ်ရပ်မှာ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရပါမယ်။ နိုင်ငံတကာနဲ့ ဆက်သွယ် ဆောင်ရွက်ရာမှာ အချုပ်အခြာ အာဏာပိုင်မှုအရ လွတ်လပ် ပွင့်လင်းစွာ ဆောင်ရွက်နိုင်မယ့် နည်းစနစ်တွေ ပါဝင်စေရပါမယ်။ ပုဂ္ဂလိက အခန်းကဏ္ဍမှာ တစ်မျိုးသားလုံး လွတ်လပ်စွာ ပါဝင်ဆောင်ရွက်ခွင့် ရှိစေရပါမယ်။

ဒီစီးပွားရေးမူဝါဒအရ တိုင်းပြည်ရဲ့ ဓန ဖွံ့ဖြိုး တိုးတက်လာဖို့ ဆိုရင် ဈေးကွက်ယန္တရားကို ကျင့်သုံးပြီး ဖြစ်ထွန်းလာတဲ့ ဓနအင်အားကို ခွဲဝေခံစားရာ မှာတော့ တိုင်းရင်းသား ပြည်သူတွေ အတွင်းမှာ ဖွံ့ဖြိုးမှုနဲ့ မျှတမှုကို ဆက်စပ် ဦးတည်ရှေးရှုတဲ့ ''လူမှုသဟ ဇာတမျှတစေမယ့် ဈေးကွက်စီးပွားရေးစနစ် (Social Market Economy) ကို ကျင့်သုံးဆောင်ရွက်'' သွားပါမယ်။

ကျွန်တော်တို့ရဲ့ စီးပွားရေး မူဝါဒအရ ခင်မင်ရင်းနှီးရာ ကောင်းစားရေး လက်ဝါးကြီးအုပ် အရင်းရှင် စနစ် မဖြစ်ပေါ်ရန် ကာကွယ်သွားမှာ ဖြစ်သလို စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ဖြစ်ထွန်းလာရေးနဲ့ နိုင်ငံတကာ နယ်ပယ်မှာ စီးပွားရေးအရ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ စွမ်းဆောင်ရှင် (National Champions) များ ပေါ်ထွန်းရေးကိုလည်း အားပေး ကူညီသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင်ပြည်သူများခင်ဗျား -

ဆက်လက်ပြီး အလုပ်သမားများနဲ့ပတ်သက်တဲ့ သဘောထားများကို တင်ပြပါမယ်။ စီးပွားရေးနယ်ပယ်တွေမှာ အလုပ်သမား အဖွဲ့အစည်းများ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းရေး၊ လုပ်ငန်းခွင်တိုင်းမှာ အလုပ်ခန့် ထားမှုဆိုင်ရာ သဘောတူ စာချုပ်များ ချုပ်ဆိုကျင့်သုံးရေးတို့ကို ဆောင်ရွက် သွားပါမယ်။ ဒါ့အပြင် အလုပ်သမားများအပေါ် မတရားခြယ်လှယ်မှု ကင်းစင်ရေးစတဲ့ အလုပ်သမားအကျိုးစီးပွားများကို ကာကွယ် စောင့်ရှောက်သွားမှာ ဖြစ်ပါတယ်။

လူငယ်များနဲ့ ပတ်သက်လို့ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွန်းလာအောင် ဆောင်ရွက်ရေးဟာ ဒီကနေ့ လူငယ်တွေ အတွက် လိုအပ်ချက် ဖြစ်ပါတယ်။ လူငယ်တွေ မိမိတို့အသိ အတတ်ပညာ ကျွမ်းကျင်မှုနဲ့အညီ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေး အတွက် ပညာရေး အခန်းကဏ္ဍများမှာ ငွေကြေး ပိုမိုသုံးစွဲပြီး နိုင်ငံတကာရဲ့အဆင့်မြင့် ပညာရပ်များကို ဆက်သွယ် ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေ ချိတ်ဆက် ပါဝင်နိုင်အောင် ပညာရေး ပြုပြင် ပြောင်းလဲရေး ခံယူချက်နဲ့ လေ့လာ ဆောင်ရွက် သွားပါမယ်။

အမျိုးသမီးများရဲ့ အင်အားဟာ နိုင်ငံအတွက် အရေးပါတဲ့ အင်အားစု ကြီးဖြစ်နေပါတယ်။ နိုင်ငံ နယ်ပယ် အသီးသီးမှာ အမျိုးသမီးများ တန်းတူရည်တူနဲ့ ပိုမို အဆင့်မြင့် ပါဝင်လာနိုင်ရေး၊ အထူးသဖြင့် အမျိုးသမီးများ၏ အားနည်းချက်ကို အခွင့်အရေး ယူကာ ဖြစ်ပေါ်နေသော လူကုန်ကူးမှု၊ အကြမ်းဖက်ခံရမှု အန္တရာယ်များကို ကာကွယ်ရန်နှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အစွမ်းကုန် ကြိုးပမ်းမှာဖြစ်ပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင်ပြည်သူများခင်ဗျား -

ယနေ့ တိုင်းရင်းသား ပြည်သူများရဲ့ဆန္ဒဟာ ဘာတွေလဲလို့ လေ့လာ ဆန်းစစ်ကြည့်ရင် ငြိမ်းချမ်းရေး၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ လွတ်လပ်မှုနဲ့ အခြေခံလူ့အခွင့်အရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး၊ ကုန်ဈေးနှုန်းများ တည်ငြိမ်ရေး၊ လာဘ်ပေး လာဘ်ယူ ပပျောက်ရေး၊ လယ်သမားများလုပ်တဲ့မြေ လယ်သမား ပိုင်ဆိုင်ရေးနဲ့ အလုပ်သမား အကျိုးစီးပွား ကာကွယ် စောင့်ရှောက်ရေးတို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ တိုင်းရင်းသား ပြည်သူများရဲ့ ဒီဆန္ဒများကို အလေးထား ဖော်ဆောင်သွားမှာ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူများခင်ဗျား -

၂ဝ၁၅ ခုနှစ် ဒီမိုကရေစီ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများ လေ့လာ အကဲခတ်နိုင်စေဖို့ ပါတီရဲ့သဘောထားနဲ့ လုပ်ငန်းစဉ်များကို အကျဉ်းချုပ် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဒါကြောင့် မဲဆန္ဒရှင်ပြည်သူများက နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးကို အမှန်အကန်သယ်ပိုးပေးနိုင်မယ့် ကျွန်တော်တို့ပါတီရဲ့ကိုယ်စားလှယ် တွေကို ဆန္ဒပေးရွေးချယ်ပေးနိုင်ကြပါစေလို့ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

''တို့များရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ''

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ... မင်းမဲ့စရိုက်နှင့် အကြမ်းဖက်ဝါဒကို လုံးဝဆန့်ကျင်သည်။
ပြည်သူတို့အတွက် စစ်မှန်သော ဒီမိုကရေစီ အမှန်မုချရစေမည်။

ပြည်နယ်များရဲ့ အလေးထားမည်... ဖြူစင်သော တန်းတူရည်တူ စိတ်ထားတူညီ တိုင်းရင်းသား ဂုဏ်ရည်မြှင့်တင်ကြစို့ အတည် သွေးစည်း ခိုင်မာမခွဲတမ်းနေမှ အချုပ်အခြာအာဏာ တည်တံ့မယ် ယုံကြည် မြန်မာရွှေပြည် အဖြာဖြာ ဝေစည် သာယာစေမည်။ တို့များရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တို့များရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ)

တိုင်းရင်းသား စည်းလုံးညွတ်ရေးပါတီ

 

တိုင်းရင်းသား စည်းလုံးညွတ်ရေးပါတီ
 ၁။  ပါတီအမည်  -  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
 ၂။  ပါတီအမည်(English)  -  National Unity Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ပုဒ်မ ၂၅ အရလျှောက်ထားခြင်း
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ပုဒ်မ ၂၅ အရလျှောက်ထားခြင်း
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးထွန်းရီ၊ ဦးသန်းတင်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  -
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၉-၃-၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၉-၄-၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၂)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးထွန်းရီ၊ ဦးသန်းတင်(ထွေ/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ် (၂၄)၊အောင်ဇေယျလမ်း၊ရွှေတောင်ကြား(၁)ရပ်ကွက် ဗဟန်းမြိူ့နယ်၊ရန်ကုန်တိုင်းဒေသကြီး။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၄၂၁၁၀၉၅၅၀၊၀၁-၅၃၇၇၆၀၁၊၀၁-၅၅၇၄၈၀၊၀၁-၅၅၄၂၁၉(ဖက်စ်)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -

 PDFDownload1

     -  PDFDownload2
     -  PDFDownload3
     -  PDFDownload4
     -  PDFDownload5
     -  PDFDownload6

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required