မြန်မာအသင်းနှင့် ခြေစမ်းရန် တကယ်ကောင်းသော ကစားသမားများကို ခေါ်လာခဲ့ကြောင်း ဘိုလီဗီးယား နည်းပြဆို

.

ဓာတ်ပုံ - မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

ရန်ကုန်၊ အောက်တိုဘာ ၁၂ ။          ။ မြန်မာအသင်းနှင့် ခြေစမ်းပွဲ ကစားရန်အတွက် တကယ်ကောင်းသော ကစားသမားများကို ခေါ်လာခဲ့ကြောင်း ဘိုလီဗီးယားနည်းပြ ဆီဇာ ဖာရစ်က ပြောဆိုလိုက်သည်။

မြန်မာလက်ရွေးစင် အသင်းနှင့် ဘိုလီဗီးယား လက်ရွေးစင် အသင်းတို့၏ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၁၂ ရက်၊ နေ့လယ် ၂ နာရီက ရန်ကုန်မြို့ Novotel Yangon Max ဟိုတယ်ရှိ ပြည်ခန်းမတွင်း ပြုလုပ်ခဲ့သည်။

"မနက်ဖြန်ပွဲကပွဲကောင်း တစ်ပွဲပါ။ မြန်မာအသင်းရဲ့ပွဲတွေကို ဗီဒီယိုကြည့်ပြီး လေ့လာထားပါတယ်။ မြန်မာက အသင်းကောင်းတစ်သင်း၊ နည်းစနစ်ကောင်းတဲ့အသင်းဖြစ်လို့ ပွဲက ခက်ခဲမှာပါ။ ကျွန်တော်တို့ကလည်း တကယ်ကောင်းတဲ့သူတွေကို ခေါ်လာတာပါ။ ကစားဟန်ကွဲပြားတဲ့ မြန်မာအသင်းနဲ့ ခြေစမ်းရမှာဖြစ်လို့ ကျွန်တော်တို့အတွက် ကောင်းပါတယ်။ နှစ်သင်းလုံးအတွက် အကျိုးရှိမှာပါ။ကျွန်တော်တို့က ကိုပါအမေရိက ဖလားအတွက် ပြင်ဆင်နေတာဖြစ်ပြီး ဒီပွဲပြီးရင် နောက်ထပ် ခြေစမ်းပွဲ ငါးပွဲရှိပါသေးတယ်" ဟု ဘိုလီဗီးယား နည်းပြ ဆီဇာ ဖာရစ်က ပြောသည်။

အဆိုပါ ခြေစမ်းပွဲကို အောက်တိုဘာ ၁၃ ရက်၊ စနေနေ့  ည ၆း၀၀ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် မည်ဖြစ်ပြီး မြန်မာအသင်းက ဂျာစီအနီရောင်နှင့် ဘိုလီဗီးယားအသင်းက ဂျာစီအစိမ်းရောင် ဝတ်ဆင်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့သည်။

"အခုလို တောင်အမေရိက အသင်းကြီးတစ်သင်းနဲ့ ထူးခြားတဲ့ ခြေစမ်းပွဲကို စီစဉ်ပေးလို့ MFF ကို ကျေးဇူး တင်ပါတယ်။ လူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ အသင်းအတွက် အံ့မခန်း အခွင့်အရေးတစ်ခုပါ။ ဘိုလီးဗီးယားက နည်းစနစ်ကောင်းပါတယ်။ ကျွန်တော်တို့ ကြုံတွေ့နေကျ ပြိုင်ဘက်တွေနဲ့ မတူတဲ့ ကွဲပြားတဲ့ ကစားဟန်ကို ရင်ဆိုင်ရမှာဖြစ်လို့ သိပ်အကျိုးရှိပါတယ်။ဒီလိုပွဲမျိုးကို မနက်ဖြန် သုဝဏ္ဏကွင်းကြီးထဲမှာ အားလုံးနဲ့ အတူတူ ဆင်နွှဲချင်ပါတယ်။ ပရိသတ်တွေလည်း ကွင်းလုံးပြည့် လာရောက် အားပေးကြလိမ့်မယ်လို့ မျှော်လင့် ပါတယ်"ဟု မြန်မာလက်ရွေးစင်အသင်းနည်းပြ အန်တိုနီဟေးက ပြောသည်။

အဆိုပါ ခြေစမ်းပွဲအတွက် လက်မှတ်ဈေးနှုန်းများကို ကျပ် ၅၀၀၀၊ ၃၀၀၀ အဖြစ်သတ်မှတ်ထားပြီး အခမဲ့ ရုပ်သံလိုင်း (Free to Air) ဖြစ်သည့် Channel 9 မှလည်းကောင်း SKYNET ရုပ်သံလိုင်းရှိ SKYNET SPORTS-4 , SKYNET SPORTS-HD ရုပ်သံလိုင်းများတွင်လည်းကောင်း တိုက်ရိုက်ပြသသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြေညာထားသည်။