ပြည်ထောင်စုအစိုးရ၏ လုပ်ပိုင်ခွင့်များ လျှော့ချရန် ဒုသမ္မတထံ တင်ပြ

.

အောက်တိုဘာလ ၁၂ ရက်။ ပြည်ထောင်စုအစိုးရ၏ လုပ်ပိုင်ခွင့်တချို့တဝက်ကို လျော့ချပြီး ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့်ပေးရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူထံ အောက်တိုဘာလ ၁၂ ရက်နေ့က တင်ပြတောင်းဆိုခဲ့ကြသည်။

 “ရခိုင်ကထွက်တဲ့ သစ်တွေဟာ လမ်းဘေးမှာအများကြီး ပုံလို့ရှိပါတယ်။ ဒါကိုထိန်းသိမ်းမှုမရှိဘဲ ဒီအတိုင်း ပစ်ထားရင် အကုန်လုံးအလေလွှင့်ဖြစ်သွားတယ်။ နိုင်ငံအတွက်လည်း ဝင်ငွေလျှော့မယ်။ ဒါတွေကိုထိန်းသိမ်းဖို့ ပြည်ထောင်စုကပဲ ထိန်းချုပ်ထားတာလေ။ ကားတွေဆိုရင်လဲ ဖမ်းပြီးထားရင်းနဲ့ အကုန်လုံးပျက်စီးသွားတယ်။ လမ်းဘေးကသစ်တွေ ဖမ်းပြီးပြီဆိုတာနဲ့ သစ်တောဌာနကို အပ်တာနဲ့ ပြည်နယ်အစိုးရကို လုပ်ပိုင်ပေးလိုက်ရင် နိုင်ငံ၊ ဒေသအတွက် အထောက်ကူ အကျိုးရှိလာမှာ ဖြစ်ပါတယ်။”ဟု ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေး သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က ပြောသည်။

 ရခိုင်ပြည်နယ်ရှိ ကျွဲ၊ နွားများအား ဘင်္ဂလားဒေ့်ရှ်နိုင်ငံသို့ တင်ပို့ရန် ပြည်ထောင်စုအစိုးရမှ တရားဝင် ခွင့်ပြု ထားပြီးဖြစ်ရာ  ပြည်နယ်အစိုးရတွင် လုပ်ပိုင်ခွင့်မရှိ၍ တင်ပို့ခွင့်ရထားသောကုမ္ပဏီများအနေဖြင့် တစ်ကြိမ် တင်ပို့ရန် နေပြည်တော်အထိသွား၍ ခွင့်ပြုချက်တောင်းခံရသဖြင့် အချိန်တစ်လကျော်ခန့်ကြာမြင့်ပြီး အဆင် မပြေမှုအခက်ခဲများ ဖြစ်ပေါ်နေကြောင်းလည်း ဝန်ကြီးဦးကျော်လွင်က ဆိုသည်။

 ယင်းအပြင် ပညာရေးနှင့် ပတ်သက်၍ ကျောင်းသန့်ရှင်းရေးဝန်ထမ်းနှင့် ညစောင့်လုံခြုံရေးဝန်ထမ်း ခန့်အပ်တာဝန်ပေးအပ်ခြင်းကိုပင် ပြည်နယ်အစိုးရတွင် ခန့်အပ်ပိုင်ခွင့် မရှိသောကြောင့် သန့်ရှင်းရေးနှင့် ညစောင့်ဝန်ထမ်း မရှိသော စာသင်ကျောင်း အများအပြားရှိနေကြောင်းလည်း သိရသည်။

 ထို့နောက် မူလတန်းပြ၊ အလယ်တန်းပြနှင့် အထက(ခွဲ)ပြ ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများအား ခန့်အပ်ပိုင်ခွင့်နှင့် ပြောင်းရွှေ့ပိုင်ခွင့်တို့ကို ပြည်ထောင်စုက မဆောင်ရွက်ဘဲ ပြည်နယ်အစိုးရအား လုပ်ပိုင်ခွင့် ပေးသင့်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။

“ကျောင်းတွေမှာ ဆရာပိုနေတဲ့ ကျောင်းတွေရှိပါတယ်။ လိုနေတဲ့ ကျောင်းတွေရှိပါတယ်။ အဲဒါကို သက်ဆိုင် ရာပြည်နယ်ကပဲ မြို့နယ်အလိုက် ထိန်းညှိပြီးဆောင်ရွက်ပေးခွင့်ရရင် အင်မတန်အဆင်ပြေမှာမှာ။ အဲလိုရဖို့ အတွက်လည်း ပြည်ထောင်စုကနေ လုပ်ထုံးလုပ်နည်းတွေကို အနည်းငယ် ဖြေလျော့ပေးသင့်ပါတယ်။”ဟု လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။

 ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် အောက်တိုဘာလ ၁၂ ရက်နေ့က ပြုလုပ်သော နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ယင်းသို့တင်ပြ တောင်းဆိုခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ ပြည်နယ်ဝန်ကြီးများ၏ တင်ပြတောင်းဆိုခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့ကြားတွင်လိုအပ်လျှင်လိုအပ်သလို နီးနီး ကပ်ကပ် ထိတွေ့ဆက်ဆံမှု၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကြရန်  ပြောဆိုခဲ့သည်။

 မြန်မာနိုင်ငံ၏ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု အခြေနေများကို ကြည့်ရှုရန်နှင့် ပြည်နယ်အတွင်း လိုအပ်နေသည်များကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ရခိုင်ပြည်နယ်သို့ အောက်တိုဘာလ ၁၁ ရက်နေ့က ရောက်ရှိနေခြင်းလည်း ဖြစ်သည်။