မြန်မာ - အိန္ဒိယ ဆက်ဆံရေးကို လေ့လာကြည့်ခြင်း

.

Photo- သက်ကို

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလအတွင်း လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများ၊ စိုးရိမ်ပူပန်မှုများနှင့် စပ်လျဉ်း၍ အိန္ဒိယသံအမတ်ကြီး  H.E. Mr.  Vikram Misri နှင့် ဆွေးနွေးပြောကြားခဲ့သည်။ ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ  အိန္ဒိယသံအမတ်ကြီး H.E. Mr.  Vikram Misri   က မဇ္ဈိမတီဗီမှ ဦးမျိုးသန့်နှင့်တွေ့ဆုံပြီး   အိန္ဒိယနှင့် မြန်မာအကြား ကာလကြာ ရှိထားခဲ့သည့် ဆက်ဆံရေး၊ ရခိုင်ပြည်နယ်နှင့် ပတ်သက်လို့ MoU ကိစ္စ၊ နိုင်ငံတကာ ဂိတ်ပေါက်တစ်ခုကို ဖွင့်လှစ်ခဲ့မှု ၊ ရခိုင်ပြည်နယ်အရေးနှင့် မကြာသေးမီ ကာလက သတင်းမီဒီယာတို့ ဖိအား ကြုံတွေ့ နေရမှု စသည့် ကိစ္စအရပ်ရပ်များနှင့် ပတ်သက်၍ ဆွေးနွေးသွား ခဲ့သည်။

မေး။ ။ ပထမဆုံးအနေနဲ့ ခုလို တွေ့ဆုံမေးမြန်းခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်၊ ဒီတော့ ပထမဆုံးမေးခွန်းကို ကျွန်တော် စပြီး မေးပါရစေ၊ ပြီးခဲ့တဲ့ နှစ်တုန်းက နှစ်နိုင်ငံအကြားမှာ တိုးတက်မှုဖြစ်စဉ်တွေ အများကြီး ရှိထားခဲ့ပါတယ်၊  ဒီနှစ်မှာရော ဒါမျိုး ဆက်ရှိနေတယ်လို့ သံအမတ်ကြီး မြင်ပါသလားခင်ဗျာ။

ဖြေ။ ။ ကောင်းပါပြီ၊ မနှစ်က အာဆီယံဒေသနဲ့ ပတ်သက်ပြီး ပြောရရင်တော့ အိန္ဒိယ-အာဆီယံ အတွက် အထူးကောင်းမွန်ထူးခြားတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီ နှစ်ဘက်အကြား ဆွေးနွေးပူးပေါင်းဆောင်ရွက်မှု ၂၅ နှစ်ပြည့်မြောက်တဲ့ ငွေရတုသဘင် အခမ်းအနားကို ကျွန်တော်တို့ ကျင်းပခဲ့ကြတယ်၊ နယူးဒေလီမှာ အထူး ညီလာခံတစ်ခုကိုလည်း ကျင်းပခဲ့ကြတယ်၊ နောက်ပြီး ဒီနှစ် ဇန်န၀ါရီတုန်းက ကျွန်တော်တို့ရဲ့ သမ္မတနေ့ အခမ်းအနား ကျင်းပတော့ အာဆီယံ ဆယ်နိုင်ငံက အကြီးအကဲတွေ၊ အစိုးရခေါင်းဆောင်တွေဟာလည်း နယူးဒေလီမှာ လာရောက်စုဝေးတက်ရောက်ခဲ့ကြတယ်၊ အဲဒါကတော့ ကျွန်တော်တို့ ခေါင်းဆောင်တွေနဲ့ ဒီ အကြီးအကဲ ပုဂ္ဂိုလ်တွေ အတူတကွ ရှိခွင့်ရတဲ့ ထူးကဲတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ခဲ့ပါတယ်၊ ကျွန်တော်တို့ ပြီးခဲ့တဲ့ ကာလတွေအတွင်း အတူတကွ ဖြတ်သန်းလျှောက်လှမ်းခဲ့ကြတဲ့ ခရီးလမ်းရော၊ ရှေ့လာမယ့်နှစ်တွေမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ရင်းနဲ့ ကျွန်တော်တို့ အတူသွားလိုကြတဲ့ နယ်ပယ်သစ်တွေနဲ့ပတ်သက်လို့ရော ကျွန်တော်တို့ အတွေ့အကြုံ အမြင်သဘောထားတွေ ဖလှယ်နိုင်ခဲ့ကြပါတယ်၊ အစည်းအဝေးတွေ၊ နှီးနှောလှယ်ပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ အလည်အပတ်ခရီးတွေ၊ သီးသန့်ဆွေးနွေးပွဲတွေ ကျွန်တော်တို့အကြား ရှိခဲ့ပါတယ်၊     ကျွန်တော် ပြောချင်တာက ကျွန်တော်တို့အကြား လုပ်ဆောင်ချက်တွေအများကြီး ရှိထားခဲ့တယ်ဆိုတာ ခင်ဗျား သိလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ထပ်လုပ်စရာလည်း အများကြီး ရှိနေပါတယ်၊   ကျွန်တော်တို့ နှစ်နိုင်ငံဆိုတာက အရမ်းကို သက်တမ်းကြာမြင့်နေခဲ့တဲ့ ဆက်ဆံရေးတစ်ရပ် ရှိထားခဲ့ကြပါတယ်၊ ဒါပေမယ့် နယ်ပယ်ဧရိယာအများအပြားမှာလည်း အစကနေ နောက်တစ်ကြိမ် ပြန်ကောက်ပြီး လုပ်ရမယ့် အရာတွေ အများကြီး ရှိနေပါတယ်၊ ပြန်လည်ရှာဖွေသွားကြရမယ့် သက်တမ်းကြာ အချိတ်အဆက်တွေအများကြီး ရှိပါတယ်၊ ပြီးခဲ့တဲ့ နှစ် နှစ်အတွင်း မြင့်မားတဲ့ လုပ်ဆောင်မှု လယ်ဗယ်အတိုင်းအတာတွေကပဲ ဒီ ပျောက်ကွယ်နေတဲ့ အမျှင်အတန်းတွေကို ပြန်ကောက်ဖို့၊ ဒီ အချိတ်အဆက်တွေကို နောက်တစ်ကြိမ် ပြန်ရှာဖို့အတွက် လျင်လျင်မြန်မြန် ကြိုးပမ်းအားထုတ်မှုတစ်ရပ်ကို အခြေခံအားဖြင့် ညွှန်ပြနေတယ်လို့ ကျွန်တော် ထင်ပါတယ်။

မေး။ ။ ကျေးဇူးတင်ပါတယ်၊ နောက် ဒုတိယမေးခွန်းကအရှေ့မျှော် ၀ါဒ Look East policy အရ ဖြစ်ပေါ်နေတဲ့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးအပေါ် သံအမတ်ကြီး ဘယ်လို မြင်ပါသလဲခင်ဗျာ ။

ဖြေ။ ။ ကျွန်တော် အစောပိုင်းက ပြောထားခဲ့သလိုပဲ ကျွန်တော်တို့ အတူတကွ ပေါင်းလုပ်နိုင်တဲ့၊ ပူးပေါင်းနိုင်တဲ့ နယ်ပယ်ကဏ္ဍ အများကြီး ရှိနေပါတယ်၊ ဒါတွေကို 3C ဆိုတဲ့ အောက်မှာ အုပ်စုတွေ ဖွဲ့ချင်ပါတယ်၊ ဒီ 3C ဆိုတာကတော့ connectivity ဆက်သွယ်ချိတ်ဆက်မှု၊ culture ယဉ်ကျေးမှုနဲ့ commerce ကုန်သွယ်မှု တို့ ဖြစ်ပါတယ်။ ဆက်သွယ်ချိတ်ဆက်မှု အောက်မှာတော့  ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တည်ဆောက်နေတဲ့၊ အိန္ဒိယနဲ့ မြန်မာအကြား ချိတ်ဆက်ဖို့ လုပ်နေတဲ့ အခြေခံအဆောက်အအုံ ပရိုဂရမ် ပိုင်းနဲ့ဆိုင်တဲ့ ဆက်သွယ်ချိတ်ဆက်မှု သက်သက် မဟုတ်ပါဘူး။ ဥပမာအနေနဲ့ ကျွန်တော်တို့ လမ်းတွေ ဖောက်တယ်၊ သုံးနိုင်ငံဖြတ် အမြန်လမ်း တည်ဆောက်တယ်၊ စစ်တွေဆိပ်ကမ်း၊ ပလက်ဝ ဆိပ်ကမ်း၊ တံတားတွေ၊ ဒီဟာတွေထဲ့ ၆၉ခုက မြောက်ပိုင်းက တမူး-ကလေးဝအပိုင်း မှာ ရှိတယ်၊ အဲဒါကြောင့် ဒါက hard infrastructure သက်သက်မဟုတ်ပါဘူး၊ soft infrastructure လည်း ပါဝင်ပါတယ်၊ ဒါနဲ့ပတ်သက်လို့ကတော့ ကျွန်တော်တို့ နှစ်နိုင်ငံအကြား နေရာတကျ စီစဉ်ထားတဲ့ စီစဉ်မှုတွေပါ၊  ကုန်းလမ်းနယ်စပ်ဖြတ်ကျော် သဘောတူညီချက်လို ဟာမျိုးကို ဆိုလိုပါတယ်၊ နောက်ပြီး ကျွန်တော်တို့ နှစ်နိုင်ငံအကြား မော်တော်ယာဉ် သဘောတူညီချက်တစ်ခု ရရှိရေး များမကြာမီ စလုပ်သွားနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်၊ အဲဒါနဲ့ဆိုရင် ပြည်သူတွေအနေနဲ့ နယ်စပ်ဖြတ်ကျော် မောင်းနှင်သွားလာမှုတွေ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပြီး ကုန်သွယ်မှု၊ ကူးသန်းရောင်းဝယ်မှု၊ ခရီးသွား၊ ပြည်ပခရီးသွား စီးဆင်းဝင်ရောက်မှုတွေကလည်း အရှိန်ပိုမြန်ဆန်သွားနိုင်ပါလိမ့်မယ်၊ ယဉ်ကျေးမှု ဆိုတာက ကျွန်တော်တို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် အရမ်းအရေးပါတဲ့ နယ်ပယ်ဧရိယာတစ်ခုဖြစ်ပါတယ်၊  ဗုဒ္ဓဘာသာ အမွေအနှစ် နှစ်ပေါင်း ၂,၅၀၀ ကြာ ကျွန်တော်တို့အကြား ချိတ်ဆက်မှုတွေ ရှိထားခဲ့ပါတယ်၊ ဒီ ဗုဒ္ဓဘာသာ သက်သက်မဟုတ်ပါဘူး၊ ဘာသာရေး အစဉ်အလာတွေ သက်သက်မဟုတ်ပါဘူး၊ အနုပညာ၊ ရုပ်ရှင်၊ အက၊ ဒရာမာနဲ့ ပြဇာတ် စတဲ့ ထင်ပေါ်ကျော်ကြားတဲ့ အရာတွေလည်း ရှိနေပါသေးတယ်၊ မြန်မာဆိုတာက တောင်အာရှမှာ ရုပ်ရှင်နဲ့ပတ်သက်လို့ အတော်လေး တက်ကြွအားမာန်ပြည့်တဲ့ ဒီလိုမျိုး နေရာတစ်ခု ဖြစ်ခဲ့ဖူးပါတယ်၊ ဒီကနေ့မှာဆိုရင် အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ထုတ်လုပ်သူ နိုင်ငံဖြစ်နေပါပြီ၊ ဒါကြောင့် ဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုးကို နောက်တစ်ကြိမ် ဖြစ်အောင် ထပ်စနိုင်မယ့် အရမ်းကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခု ကျွန်တော်တို့ကို ရရှိစေပါတယ် ။  နောက်ဆုံးတစ်ခုဖြစ်တဲ့ ကူးသန်းရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး ပြောရရင်တော့ စီးပွားရေး အချိတ်အဆက်တွေက အမြင့်ဆုံး ထိရောက်စွာ အသုံးချနိုင်မယ့် အရာတွေဖြစ်တယ်လို့ပဲ ကျွန်တော် ပြောချင်ပါတယ်၊ ကျွန်တော်ထင်ပါတယ်၊ အိန္ဒိယအတွက်ရော၊ မြန်မာ စီးပွားရေးလုပ်ငန်းတွေအတွက်ပါ အတူတကွ ပူးပေါင်းလက်တွဲလုပ်ဆောင်သွားနိုင်မယ့် ကြီးမားတဲ့ ဖြစ်နိုင်ခြေအခွင့်အလမ်းတွေ ရှိနေပါတယ်၊ အိန္ဒိယ ဆိုတာက မြန်မာ ထုတ်ကုန်တွေအတွက် ကမ္ဘာမှာ အကြီးဆုံးဈေးကွက်တွေထဲက တစ်ခုဖြစ်ရုံတင်မကပါဘူး၊ ကုန်စည်နဲ့ ၀န်ဆောင်မှုတွေ၊ နောက်ပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာအတွက်လည်း အရမ်းအရေးပါတဲ့ ရင်းမြစ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်၊  ကျွန်တော် ပြောချင်တာက အိန္ဒိယက ကမ္ဘာပေါ်မှာတော့ အထင်ပေါ်ဆုံး နည်းပညာနိုင်ငံ မဟုတ်နိုင်သော်ငြားလည်း မြန်မာနိုင်ငံရည်ရွယ်ချက်တွေအတွက် ကမ္ဘာပေါ်က အသင့်လျော်ဆုံး နည်းပညာနိုင်ငံ ဖြစ်လိမ့်မယ်ဆိုတာပါ၊ ဒီလို ဘာကြောင့် ပြောတာလဲဆိုတော့ ကျွန်တော်တို့တွေဟာ တူညီတဲ့ အ၀န်းအ၀ိုင်းတစ်ခုနဲ့ ပတ်သက်နေရတယ်၊ ကြုံတွေ့ရတဲ့ စိန်ခေါ်မှု အမျိုးအစားချင်းကလည်း တူညီတယ်၊ ဒီတော့ ကျွန်တော်တို့ ရှာတွေ့ထားတဲ့ ပြဿနာ ဖြေရှင်းချက်နည်းလမ်းတွေက မြန်မာအတွက် သင့်လျော်အသုံးတည့်နိုင်တာကြောင့် ဖြစ်ပါတယ်၊ နှစ်နိုင်ငံစလုံးက စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေအတွက်လည်း သဘောထားအထင်အမြင်တွေ ဖလှယ်နိုင်မယ့်၊ အတွေ့အကြုံတွေ ဖလှယ်နိုင်မယ့်၊ အတူတကွလုပ်သွားနိုင်မယ့် နည်းလမ်းတွေ ရှာနိုင်မယ့် အခွင့်အလမ်း တွေ အများကြီး ရှိနေပါတယ်။

မေး။ ။ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံနဲ့အကြား နိုင်ငံတကာ ဂိတ်ပေါက်တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ဒါက အရမ်းလည်း အရေးပါ ခဲ့ပါတယ်၊ ဆိုတော့ကာ ဒါနဲ့ပတ်သက်လို့ နည်းနည်းလောက် ပြောပြပါဦးလား။

ဖြေ။ ။ ဒါက ကျွန်တော်တို့ ပြီးခဲ့တဲ့ ကာလအတန်ကြာကတည်းက လုပ်လာခဲ့တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်၊ ဒါကို လက်တွေ့ဖြစ်လာစေဖို့အတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့အတွက်လည်း မြန်မာအစိုးရ သက်ဆိုင်ရာဌာနအဖွဲ့အစည်းအားလုံးကို ကျွန်တော့်အနေနဲ့ အထူးပဲ ကျေးဇူးတင်လိုပါတယ်၊ အိန္ဒိယနဲ့ မြန်မာဆိုတာက ကုန်းလမ်းနယ်စပ်တစ်လျှောက် ကီလိုမီတာ ၁,၆၃၀ ကျော်လောက် နယ်နမိတ်ချင်း ထိစပ်နေပါတယ်၊ ဒီတော့ ဒီနယ်စပ်ဧရိယာက လေးစားထောက်ရှုမှုတစ်ချို့နဲ့အတူ ထူးခြားလှပါတယ်၊ ဘာလို့လည်းဆိုတော့ တစ်ဘက်စီတိုင်းရဲ့ နယ်စပ် ၁၆ ကီလိုမီတာ အတွင်း နေထိုင်ကြသူတွေဟာ တစ်ဘက်နဲ့တစ်ဘက် ဖြတ်ကူးဖို့ ပတ်စ်ပို့တွေ ဒါမှမဟုတ် ဗီဇာတွေ မလိုဘူး၊ ကျွန်တော်တို့ကတော့ ဒါကို   လွတ်လပ်စွာ သွားလာမှု စနစ်လို့ ခေါ်ခဲ့ပါတယ်၊  နောက်ပြီး အဲဒါက တူညီတဲ့ လူမျိုးစု၊ တူညီတဲ့ ယဉ်ကျေးမှု၊ တစ်ခြား တူညီတဲ့ နောက်ခံအကြောင်းတရားရှိ သူတွေကို ပိုင်းခြားထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်၊ အလွန်ပဲ ဇာတိမျိုးနွယ်လူမျိုးစုချင်း နီးစပ်တူညီသူတွေဟာ နယ်စပ်မှာ မှီတင်းနေထိုင်ကြတယ်၊ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ အရှေ့မြောက်ပိုင်းအတွက်ကတော့ ဒီ နယ်စပ်ဟာ ကျန်တောင်အာရှဒေသဆီ သွားလာဝင်ထွက်နိုင်မယ့် ဂိတ်ပေါက်အမျိုးအစားတစ်ခု ဖြစ်ပါတယ်၊    သြဂုတ်လ ၈ ရက်ကနေ စတင်အသက်ဝင်လာခဲ့ပြီ ဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးက တမူးနဲ့ မိုရေး၊ မဏိပူရ် ၊ ချင်းပြည်နယ် ရိခေါဒါရ်နဲ့ ဇိုခေါသာ၊ မီဇိုရမ် ပြည်နယ်တို့အတွက် နယ်စပ် ဂိတ်ဖွင့်လှစ်ခြင်းနဲ့အတူ ဒီနိုင်ငံတကာ ၀င်ပေါက်-ထွက်ပေါက် စစ်ဆေးရေးဂိတ်တွေကနေဆင့် အိန္ဒိယ ဒါမှမဟုတ် မြန်မာ မှာ နေထိုင်သူ မည်သူမဆို နိုင်ငံရဲ့ ဘယ်အပိုင်းကမဆို ပတ်စ်ပို့၊ ဗီဇာတို့နဲ့ ဒီ စစ်ဆေးရေးဂိတ်နှစ်ခုကနေ ကူးလူးဖြတ်ကျော်သွားလာနိုင်ပြီဖြစ် ပါတယ်၊ ဒါဟာ လူအချင်းချင်း ချိတ်ဆက်မှု ရှုထောင့်ကနေကြည့်ရင် အရမ်းအရေးပါပြီး လူတွေကို အချင်းချင်း ပိုမိုအတူတကွ နီးစပ်သွားစေနိုင်ပါတယ်၊ ဒါ့အပြင် စီးပွားရေး ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး ရှုထောင့်ကနေ ကြည့်မလား၊ နှစ်နိုင်ငံအကြား စီးပွားရေး ဆက်ဆံမှုတွေကို တိုးတက်စေဖို့နဲ့ နှစ်ဘက် ပြည်သူတွေအကြား ယဉ်ကျေးမှုချင်း ဖလှယ်မှုကို မြှင့်တင်ပေးမှု ရှုထောင့်ကနေ ကြည့်မလား၊ ဒီ နယ်စပ်ဂိတ်ပေါက်တွေက အထူးပဲ အရေးပါနေပြီဖြစ်ပါတယ်၊ အိန္ဒိယ အရှေ့မြောက် နဲ့ရော မြန်မာဘက်ကဆိုရင် တောင်ပိုင်းက ဆိပ်ကမ်းတွေ၊ တောင်ပိုင်းက မြို့ပြစင်တာတွေနဲ့ အရမ်းအလှမ်းဝေးတဲ့ အနောက်မြောက် ထောင့် ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အရမ်းအရေးပါမယ်လို့ ထင်ပါတယ်၊ ဒါကြောင့် ဒီ ဂိတ်တွေ ဖွင့်လှစ်ခြင်းက တစ်ဘက်နဲ့ တစ်ဘက်အကြား ချိတ်ဆက်မှုတွေကို မြှင့်တင်နိုင်မယ့် အရမ်းအရေးပါတဲ့ လမ်းကြောင်းတစ်ခု ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်၊

မေး။ ။ ရခိုင် ပြည်နယ်နဲ့ပတ်သက်လို့ပြောရရင် MoU ကိစ္စနဲ့ပတ်သက်လို့ ဘာများပြောချင်ပါသေးလဲ၊ ဒီကနေ ဘယ်လို ရလဒ်တွေ ထွက်လာမလဲလို့ အိန္ဒိယဘက်က မျှော်လင့်ထားသလဲ၊၊

ဖြေ၊ ။ ကောင်းပါပြီ၊ ရခိုင်ပြည်နယ်က ပြည်သူတွေ ကြုံတွေ့နေရတဲ့ ထူးခြားတဲ့ စိန်ခေါ်မှုတွေရှိနေတာကို ကျွန်တော်တို့ အသိအမှတ်ပြုလက်ခံပါတယ်၊ ရခိုင်ဆိုတာက စီးပွားရေးအရ ဖွံ့ဖြိုးမှု အနည်းပါးဆုံး ပြည်နယ် ဒေသတွေထဲက တစ်ခုဖြစ်ပါတယ်၊ ကျွန်တော်မြင်တာကတော့လေ၊ ဒီ စိန်ခေါ်မှုတွေကို ကျွန်တော်တို့ လက်ခံ တယ်၊ နောက်ပြီး  ရခိုင်ပြည်နယ်က ပြည်သူတွေရဲ့ လိုအပ်ချက်အပေါ် အထူးအလေးထားမြှုပ်နှံနိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ ကျွန်တော်တို့ အတူတကွ လုပ်ထားခဲ့ပါတယ်၊ မကြာသေးခင်ကပဲ ကျွန်တော်တို့နဲ့ ရခိုင်ပြည်နယ် အစိုးရအကြား MoU နှစ်ရပ် ထိုးခဲ့ပါတယ်၊ ဒါတွေက Capacity-building နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နယ်ပယ် ဧရိယာတွေကို အထူး ရည်ရွယ်ပါတယ်၊ အဆိုပြုချက်တစ်ခုမှာကတော့ စစ်တွေ ကွန်ပြူတာ တက္ကသိုလ်ကို ကွန်ပြူတာနဲ့ ဆက်စပ်ပစ္စည်းတွေ ထောက်ပံ့ဖို့ ကိစ္စဖြစ်ပါတယ်၊ ဒါမှာလည်း အဲဒီကလူငယ်တွေကို ကွန်ပြူတာ ဆော့ဝဲ ပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားပေးနိုင်ပြီး သူတို့အနေနဲ့ အာရှဒေသ၊ ကမ္ဘာမှာရော၊ မြန်မာနိုင်ငံတို့မှာပါ ပိုမိုကြီးမားဖွံ့ဖြိုးနေတဲ့ သတင်းအချက်အလက် နည်းပညာကဏ္ဍမှာ ပူးပေါင်းလုပ်ဆောင်နိုင်မယ့်အရည်အချင်း တွေ ရရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက် MoU တစ်ခုကတော့ ရခိုင်ပြည်နယ် တောင်သူဦးကြီးများ သမဂ္ဂကနေတဆင့် ပြည်နယ် စိုက်ပျိုးရေး ဌာနအတွက် ထွန်စက်နဲ့ စပါးရိတ်စက်တွေ ထောက်ပံ့ဖို့ ဖြစ်ပါတယ်၊  အဲဒီကပြည်သူတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို အရင်အတိုင်း ဆက်လုပ်သွားစေနိုင်အောင် လိုအပ်တဲ့ပစ္စည်း တွေနဲ့ ပံ့ပိုးကူညီပေးဖို့ ရည်ရွယ်ပါတယ်၊  ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ မြန်မာအစိုးရနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး ပရိုဂရမ် MoU တစ်ခုကို လက်မှတ်ထိုးထားပါတယ်၊ ငါးနှစ်တာသက်တမ်းကာလအတွင်း ဒေါ်လာ ၂၅ သန်း  ပံ့ပိုးမယ့် ငါးနှစ်တာ ပရိုဂရမ်တစ်ခုနဲ့ပတ်သက်တဲ့ နားလည်မှုစာချွန်လွှာဖြစ်ပါတယ်၊ ရခိုင်ပြည်နယ်မှာ စီးပွားရေး ဖွံ့ဖြိုးမှု၊ အရည်အသွေး မြှင့်တင်မှု၊ လုပ်နိုင်စွမ်း တည်ဆောက်မှု တို့နဲ့ပတ်သက်တဲ့ ပရောဂျက်တွေ ဖော်ဆောင်ဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်၊ ရခိုင်ပြည်နယ်မှာ မှီတင်းနေထိုင်နေကြတဲ့ လူအသိုင်းအ၀ိုင်းအားလုံးကို သာတူညီမျှ တိုးတက်စေရေး ရည်ရွယ်ပါတယ်၊ ဒီပရိုဂရမ်အောက်မှာ ဖော်ဆောင်နေတဲ့ ပထမဆုံးပရောဂျက် တစ်ခုကတော့ ရခိုင်မြောက်ပိုင်းက အိမ်ယာတည်ဆောက်မှု စမ်းသပ်ပရောဂျက်တစ်ခုဖြစ်ပါတယ်၊ လာမယ့်နှစ် မှာ ကျွန်တော်တို့ ဖော်ဆောင်ဖို့ ရည်မှန်းထားတဲ့ နောက်ထပ် အခြား ပရောဂျက်များ စာရင်းကိုလည်း လူမှု ၀န်ထမ်းကယ်ဆယ်ရေးဝန်ကြီးဌာနဆီကနေ ကျွန်တော်တို့ ရရှိထားပါတယ်၊ သူတို့နဲ့ အတူတကွ လက်တွဲလုပ် သွားနိုင်ဖို့ ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။

မေး။ ။ ခုလက်ရှိ ရခိုင်အကျပ်အတည်းကိစ္စမှာ မြန်မာအစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်နေတာနဲ့ပတ်သက်လို့ အိန္ဒိယဘက်က ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ ဒီလို ဖြေရှင်းရသိပ်ခက်တဲ့ ပြဿနာတစ်ခုကို အချုပ်အချာအာဏာပိုင် အစိုးရတစ်ရပ်က ကိုင်တွယ်ဖြေရှင်းနေတဲ့အပေါ်မှာတော့ ကျွန်တော့်အနေနဲ့ သုံးသပ်မှတ်ချက်ပေးသင့်တယ်လို့တော့ မမြင်မိ ပါဘူး၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာက ရခိုင်ပြည်နယ်မှာ တော်တော်လေး ကြီးလေးတဲ့ စိန်ခေါ်မှုကြီးတစ်ခု ရှိနေတယ် ဆိုတာကတော့ သံသယရှိစရာ မလိုပါဘူး၊ ဒီစိန်ခေါ်မှုမှာက မတူညီတဲ့ ကဏ္ဍတွေ ရှိနေပါတယ်၊ ဒီမှာ လုံခြုံရေး နဲ့ ပတ်သက်တဲ့ ကိစ္စ ရှိတယ်၊ တစ်ခါတစ်ရံမှာ ဒါက ဖုံးကွယ်လျစ်လျူရှုထားတဲ့ ပုံ ပေါ်နေတယ်၊ ကျွန်တော်တို့ လည်း ဒီအပေါ်မှာ သိပ်ပြီး လုံလုံလောက်လောက် အာရုံမထားဘူး၊ ဒါပေမယ့် ဒါက အရေးကြီးပါတယ်၊ ဒီကိစ္စမှာ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ ကဏ္ဍတွေ ရှိနေတယ်ဆိုတာလည်း အသေအချာပါပဲ၊ ကျွန်တော်တို့ဆို မြန်မာအစိုးရနဲ့ရော၊ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ရော အတူ လက်တွဲလုပ်ဆောင်ထားခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်က ပြည်နယ်မှာ ပေါ်ပေါက်လာတဲ့ ပြဿနာရပ်တွေနဲ့ ကြုံတွေ့နေခဲ့ရလို့ ဖြစ်ပါ တယ်၊ ဒါပေမယ့် ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ဆိုင်တဲ့ ကဏ္ဍကလည်း အရမ်းအရေးကြီးတယ်လို့ ကျွန်တော်တို့ ခံစားမိ ပါတယ်၊ ဒါကြောင့် ဒီလို ကဏ္ဍ တွေအားလုံးကို ညီတူမျှတူ အာရုံထားအလေးပေး လုပ်ဆောင်သွားဖို့ လိုတယ် လို့ ကျွန်တော် ထင်ပါတယ်၊ အဆုံးပိုင်းမှာတော့ မြန်မာအစိုးရကပဲ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာနဲ့ပတ်သက်လို့ အကောင်းဆုံး ဆုံးဖြတ်မယ့် ဒိုင် ဖြစ်ပါတယ်၊ ဘာလို့ဆိုတော့ ဒါတွေက မနေ့တစ်နေ့က ဖန်တီးထားတဲ့ ပြဿနာတွေ မဟုတ်လို့ပါ၊ ဒါတွေက ကာလကြာကတည်းက ရှိနေနှင့်ပြီးသားပါ၊ ဒါတွေက အရေးတကြီး ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်ဆိုပေမယ့် ဒီပြဿနာတွေအတွက် ဖြေရှင်းချက်တွေ ရှာဖို့အတွက် ကတော့ မြန်မာအစိုးရနဲ့ ပြည်သူတွေအပေါ်မှာ မူတည်ပါတယ်။

မေး။ ။  ရခိုင်ကိစ္စ ကိုင်တွယ်တာနဲ့ပတ်သက်လို့ မြန်မာအစိုးရ၊ စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာက ဝေဖန်ပြစ်တင်ခဲ့တဲ့အပေါ်မှာရော အိန္ဒိယဘက်က ဘယ်လို သဘောထားအမြင်ရှိပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ ပြစ်တင်ရှုတ်ချတယ်ဆိုတာက ဒီလို အခြေအနေမျိုးတွေကို ကိုင်တွယ်သွားနိုင်ရေးအတွက် ကျိုးကြောင်းညီညွတ်တဲ့ ဒါမှမဟုတ် မြှော်မြင်မှု ရှိတဲ့ နည်းလမ်းတစ်ရပ် ဖြစ်သလားဆိုတာကတော့ ကျွန်တော် လည်း သေချာမသိပါဘူး၊ ကျွန်တော်တစ်ဦးတည်းရဲ့ အမြင် ပြောရမယ်ဆိုရင် ဒီကိစ္စမှာ ပြဿနာဖြေရှင်းမှု နည်းလမ်းတစ်ခု ချမှတ်ဖို့၊ ပြည်သူတွေကို သူတို့ လက်တလော ကြုံနေရတဲ့ ခက်ခဲတဲ့ အခြေအနေတွေက ကူညီရုန်းထွက်နိုင်အောင် လုပ်ပေးဖို့အပေါ်မှာပဲ ကျွန်တော်တို့ အလေးထားလုပ်ဆောင်မယ်ဆိုရင် ဘယ်လို ပြစ်တင်မှုတွေ ရလာနိုင်သလဲ ဆိုတာကတော့ ကျွန်တော်လည်း သေချာမသိပါဘူး၊  ကျွန်တော် အစောပိုင်းက ပြောခဲ့သလိုပါပဲ၊ ဒါက ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ တော်တော်လေးကို ခက်ခဲတဲ့ ကိစ္စတစ်ခုဖြစ်နေတယ် ဆိုတာပါပဲ၊  နောက်ပြီး ဒေသတစ်ခုလုံးနဲ့ ခြုံကြည့်ရရင် လူသားချင်းစာနာမှုဆိုင်ရာ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံနေရခဲ့ ပါတယ်၊ လူတော်တော်များများကိုလည်း အတိဒုက္ခ ပြဿနာတွေ ကြုံထားစေခဲ့ပါတယ်၊ ဟုတ်ကဲ့၊ ဒီနေရာမှာ ပြည်နယ်မှာ ဖြစ်ပျက်နေတာနဲ့ပတ်သက်လို့၊ နောက်ပြီး အဲဒီမှာ ဖြစ်ပျက်ထားတာကို မြင်ထားရတဲ့အပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းဘက်ကတော့ သူ့အမြင်သူ့သဘောထားတော့ ထုတ်ဖော်ခွင့်ရှိတယ်လို့ တစ်ယောက် ယောက်က ပြောချင်ပြောနိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်အမြင်ကတော့ ဒီပြဿနာတွေကို ရှေ့ဆက်ဖြေရှင်း သွားရေးမှာ အထောက်အကူဖြစ်စေမယ့် ဖြေရှင်းချက်တွေ အဆိုပြုရင်း အပြုသဘောဆောင် ပါဝင်ပေးရမယ့် တာဝန်ဝတ္တရား သူတို့ဆီမှာ ရှိပါတယ်၊ ဒီနေရာမှာ အပြုသဘောဆောင် ၀ိုင်းပြီး ပူးပေါင်းဆောင်ရွက်မှုနဲ့ပဲ အကောင်းဆုံးသော၊ လက်တွေ့အဆန်ဆုံးသော ဖြေရှင်းချက်တွေ ရရှိနိုင်မယ်လို့ ကျွန်တော် မြင်ပါတယ်၊ ဒါကြောင့် ပြစ်တင်မှုတွေကတော့ ဘာအကူအညီမှ ရစေမှာမဟုတ်ဘူးလို့ပဲ မြင်ပါတယ်၊ အဲဒီအစား ပူးပေါင်း ဆောင်ရွက်မှု၊ မြန်မာအစိုးရနဲ့အကြား ပတ်သက်နေသူ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်တာကပဲ အရေးကြီးပါ တယ်၊ လိုလည်း လိုအပ်ပါတယ်၊ ကျွန်တော့်အမြင်ကတော့ ဒါမျိုးကပဲ ရှေ့ဆက်သွားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်၊ ဒါက လွယ်လွယ်လေးပဲ၊ ဘာမှ မရှုပ်ထွေးဘူး ဆိုပြီး ငြင်းခုံလို့ မဖြစ်ပါဘူး၊ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာ၊ နယ်နမိတ်၊ သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ တီထွင် နိုင်ခွင့် စတဲ့အပေါ် ကျွန်တော်တို့ လေးစားရမယ်လို့ ထင်ပါတယ်၊ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့ကတော့ ဒီပြဿနာ ဖြေရှင်းလို့ ပြေလည်သွားတာမျိုးကိုပဲ ကျွန်တော်တို့ မြင်ချင်ပါတယ်၊ ကျွန်တော်တို့ဆိုတာက မြန်မာနဲ့ ရော၊ ဘင်္ဂလားဒေ့ရှ်နဲ့ပါ အိမ်နီးချင်းတွေဖြစ်နေပါတယ်၊ ကျွန်တော်တို့ရဲ့ အရမ်းအရေးပါတဲ့ အိမ်နီးချင်းတွေရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးတို့ကိုပဲ ကျွန်တော်တို့ လိုလားပါတယ်၊ ဒီပြဿနာကို ရှေ့ဆက်သွားနိုင်မယ့် နည်းလမ်း ရှာရာမှာ ဒီ နိုင်ငံတွေနဲ့အတူ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ပူးပေါင်းလက်တွဲနိုင်မယ့် လုပ်ထုံးလုပ်နည်း ယန္တရားတွေ ရှာတွေ့နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

မေး။ ။ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအပေါ် သံအမတ်ကြီး ဘယ်လိုမြင်မိပါသလဲ။

ဖြေ။ ။  ဟုတ်ကဲ့၊ ဒါက မလွယ်ကူပါဘူး၊ ဒါ ကဒီမိုကရေစီပါ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုက မလွယ်ကူပါဘူး၊ ဒါကို ကမ္ဘာပေါ်က အကြီးဆုံးသော ဒီမိုကရေစီ နိုင်ငံတစ်ခုရဲ့ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပြောတာဖြစ်ပါ တယ်၊   ကျွန်တော်တို့ လွတ်လပ်ရေး ရတော့ ကျွန်တော်တို့ဆီမှာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်း ယန္တရားတွေနဲ့ အတူလုပ်ကိုင်နေတဲ့၊ ဒီမိုကရေစီ ယန္တရားတွေနဲ့ အကျွမ်းတ၀င်ရှိ နိုင်ငံရေးစနစ်တစ်ခုနဲ့ လုပ်ကိုင်နေတဲ့ ပါတီ တစ်ခု ရှိနေတာ ရာစုနှစ်ဝက် ကျော်နီးပါးလောက်တောင် ရှိနှင့်ထားပြီးပါပြီ၊ အိန္ဒိယ အမျိုးသား ကွန်ဂရက် ကို ၁၈၈၅ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ၊ ကျွန်တော်တို့ လွတ်လပ်ရေး ရတော့ ကျွန်တော်တို့ဆီမှာ သက်တမ်းအားဖြင့် ၆၂ နှစ်ကြာ သက်တမ်းရင့် ပါတီတစ်ခု ရှိထားနှင့်ပြီးပါပြီ၊ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး တိုက်ပွဲဝင်ရာကနေ ပြည်သူတွေအကြား ဒီမိုကရေစီ ၀ိဥာဉ်တစ်ခု ပေါက်ဖွားစေခဲ့ပါတယ်၊ မြန်မာကတော့ ဒီကနေ့မှာ ကွဲပြားတဲ့ အခြေအနေအောက်ကနေ အကူးအပြောင်းတစ်ခုကို သွားနေတယ်၊ အဲဒီမှာ ကြုံတွေ့ နေရတဲ့ ထူးခြားတဲ့ စိန်ခေါ်မှုတွေလည်း ရှိနေတယ်၊ နောက်ပြီး ခုချိန်မှာ မြန်မာအတွက် ကမ်းလှမ်းပေးနိုင်မယ့်  သတ်မှတ် ပုံစံကားချပ်မျိုးလည်း မရှိနိုင်ဘူးဆိုတာ ထင်ရှားပါတယ်၊ ခင်ဗျား သိတဲ့အတိုင်း၊   နည်းလမ်းတွေ အတိုင်း လိုက်လုပ်ရင်  အောင်မြင်မယ်၊ နောက်နေ့မှာ ပြည့်စုံတဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုအောက်မှာ  နိုးထလာ လိမ့်မယ်ဆိုပြီး ပြောလို့ မရနိုင်ပါဘူး၊ ကျွန်တော်ကတော့ အဲလို မထင်ပါဘူး၊ကျွန်တော်ဆိုရင် ခုလအစော ပိုင်းတုန်းက ဒီမြန်မာနိုင်ငံမှာ ဖက်ဒရယ်လစ်ဇင်နဲ့ ဒီမိုကရေစီ ကိစ္စရပ်တွေနဲ့ဆိုင်တဲ့ အခမ်းအနား နှစ်ခု  ပါဝင် တက်ရောက်ခွင့် ရခဲ့ပါတယ်၊ တစ်ခုက ရန်ကုန်မှာပါ၊ နောက်တစ်ခုကတော့ နေပြည်တော်မှာပါ၊ အဲဒီ နှစ်ပွဲ စလုံးမှာ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို ဝေမျှခွင့် ရရှိခဲ့ပါတယ်၊  ဖက်ဒရယ် နိုင်ငံ တစ်နိုင်ငံ တည်ဆောက်ရာမှာ၊ နောက်ပြီး ကျွန်တော်တို့ရဲ့ ထူးကဲအခြေအနေအတွက် အလုပ်ဖြစ်မယ့် ဖွဲ့စည်းပုံ ဥပဒေတစ်ခု ရေးဆွဲရာမှာ ရရှိထားခဲ့တဲ့ အိန္ဒိယ အတွေ့အကြုံတွေကို ဝေမျှနိုင်ခဲ့ပါတယ်၊  ဒီ အခမ်းအနားပွဲ နှစ်ခုစလုံးမှာ တက်ရောက်လာကြသူတွေဘက်က အတော်လေးစိတ်ဝင်စားခဲ့ကြတဲ့အတွက်လည်း ကျွန်တော် ၀မ်းမြောက်ကျေးဇူးတင်မိပါတယ်၊ ဒီအကူးအပြောင်းကို သွားနေတဲ့နေရာမှာ ကျွန်တော်တို့ဘက်က မြန်မာကို မျှဝေပေးနိုင်တာတွေအများကြီး ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်၊ သင်ယူရမယ့် သင်ခန်းစာတွေ၊ ဝေမျှဖလှယ် ရမယ့် အတွေ့အကြုံတွေ အများကြီး ရှိပါတယ်၊ ရှေ့ဆက်ပြီးတော့လည်း ဒီလို အတွေ့အကြုံတွေကို ကျွန်တော် တို့ ၀မ်းမြောက်စွာ ဝေမျှပေးဖို့ အသင့်ရှိနေပါတယ်၊ ကျွန်တော်တို့အကြား ပါတီ၊ လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော်ဝန်ထမ်း လယ်ဗယ်တွေမှာ အပြန်အလှန် တွေ့ဆုံအမြင်သဘောထားဖလှယ်တာတွေ ရှိပါတယ်၊ မြန်မာမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ကျွန်တော်ကတော့ အရေးမကြီးဘူးလို့ သဘောမထားချင်ပါဘူး၊ နောက်ပြီး ကျွန်တော် ထင်တာကတော့ မြန်မာမှာက ပဋိပက္ခ အခြေအနေတစ်ရပ်အောက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့အတူ ပြည်တွင်းစစ် အကြွင်းအကျန်တွေကို ခင်ဗျားတို့ ကိုင်တွယ်ဖြေရှင်းနေရတာကလည်း ခု ဒီပြဿနာတွေကို ပိုဆိုးစေတယ်လို့ ထင်ပါတယ်၊  ဒါက လုပ်ဆောင်နေရတဲ့ အလုပ်တွေကို ပိုပြီးတော့ ခက်ခဲစေ ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံက ဒေသတစ်ချို့မှာလည်း ဒီလို အလားတူ အခြေအနေမျိုးကို ကျွန်တော် တို့လည်း ဖြတ်သန်းထားခဲ့ရပါတယ်၊ ကျွန်တော်တို့ ဖြေရှင်းနည်းတွေ တွေ့ခဲ့တယ်၊ ဒီနယ်ပယ်တွေမှာ အတွေ့ အကြုံချင်း ဖလှယ်ခြင်းအားဖြင့် အကျိုးအမြတ်တွေ အများကြီး ရမယ်လို့ ထင်ပါတယ်၊ မြန်မာအစိုးရနဲ့ မြန်မာ ပြည်သူတွေ အဆင်ပြေစေဖို့ ကျွန်တော်တို့ ဆန္ဒပြုပါတယ်၊ လိုအပ်တဲ့ နယ်ပယ်တိုင်းမှာ ကျွန်တော်တို့ဘက်က အကူအညီတွေ ပေးဖို့ အမြဲ အသင့်ရှိပါတယ်။

မေး။ ။ ကျေးဇူးတင်ပါတယ်၊ ရခိုင်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုင်တွယ်ပုံနဲ့ပတ်သက်လို့လည်း ဝေဖန် တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်၊ ဒီလို ဝေဖန်မှုတွေကိုရော သံအမတ်ကြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ နိုး၊ ကျွန်တော် မြင်တာကလေ၊ သူ ကြုံတွေ့နေရတဲ့ အခြေအနေကို ကျွန်တော်တို့က အပြင်ပန်းကနေ ၀င်ကြည့်ပြီး သူ့နေရာမှာ ၀င်လုပ်ကြည့်ဖို့ဆိုတာ မလွယ်လှပါဘူး၊ နောက်ပြီး မြန်မာအစိုးရ ဒါမှမဟုတ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့ ဘယ်လိုမျိုး မတူညီ ကွဲပြားတဲ့နည်းလမ်းနဲ့ လုပ်သင့်ခဲ့တယ်ဆိုပြီး နည်းလမ်းတွေ ပေးဖို့ ဆိုတာက ကျွန်တော့်အတွက် ခက်ခဲပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်က အဲဒီအခြေ အနေအောက်မှာ ရှိမနေဘူးလေ၊ သူမ ပြည်တွင်းမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ ကျွန်တော် အပြည့်အ၀ မသိဘူးလေ၊ ဒါကြောင့်မို့ သူ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းနေတာနဲ့ပတ်သက်လို့ ကျွန်တော့် ဘက်က အလောတကြီး အကဲဖြတ်သုံးသပ်တာမျိုး မလုပ်ပါဘူး၊ နောက်ဆုံးတစ်နေ့မှာတော့ ကျွန်တော် အထက်မှာ ပြောခဲ့သလိုပါပဲ၊ ဒါက မြန်မာပြည်သူတွေကိုယ်တိုင်ပဲ အဓိက ဖြေရှင်းရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်၊ ပြဿနာဖြေရှင်းနည်းဟာ မြန်မာပြည်တွင်းမှာ အခြေမတည်ဘူး၊ မြန်မာပြည်သူအသိုင်းအ၀ိုင်းထဲမှာ အခြေ မတည်ဘူးဆိုရင် ဒီရခိုင်ကိစ္စအတွက် ရေရှည်ကျမယ့် ပြဿနာဖြေရှင်းမှု နည်းလမ်းမျိုး ရလာနိုင်မှာမဟုတ်ပါ ဘူး။  ပြင်ပကနေ ဘယ်လိုဖြေရှင်းနည်းမျိုးမှ သတ်မှတ်ပြဋ္ဌာန်းပေးလို့ မရနိုင်ပါဘူး၊ ဒါမျိုးက ကာလတိုတစ်ခု လောက်မှာတော့ အလုပ်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဒါက ရေရှည်မှာ အသုံးတည့်နိုင်မှာမဟုတ်ပါဘူး၊ ဒါကြောင့် ကျွန်တော်တို့ဘက်က ထုတ်ဖော်ပြသနိုင်မယ့် အကောင်းဆုံး သဘောထားကတော့ ကျွန်တော်တို့ ဘယ်လို နည်းလမ်းနဲ့မဆို ခင်ဗျားတို့ နိုင်ငံအစိုးရ၊ ပြည်သူတို့နဲ့ ပူးပေါင်းလက်တွဲဖို့၊ ကူညီပေးဖို့ အသင့်ရှိနေ တယ်ဆိုတာပါပဲ၊ ဒါပေမယ့် အဆုံးမှာတော့ ခင်ဗျားတို့ နိုင်ငံ ခေါင်းဆောင်ပိုင်းနဲ့ ပြည်သူတွေကပဲ ဒီဖြေရှင်းချက် နည်းလမ်းတွေကို ထိထိရောက်ရောက် ဦးဆောင်သတ်မှတ်သွားရမှာဖြစ်ပါတယ်။

မေး။ ။ ဒီကနေ့ မြန်မာမှာ ရှိနေတဲ့ စိုးရိမ်ပူပန်မှုတွေထဲက တစ်ခုကတော့ မီဒီယာလွတ်လပ်ခွင့် ဖြစ်ပါတယ်၊ ဂျာနယ်လစ်နှစ်ယောက် ထောင်ချခံလိုက်ရတဲ့ ကိစ္စလည်း ဖြစ်ခဲ့တယ်ဆိုတော့ ဒီအပေါ်မှာရော သံအမတ်ကြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ တကယ်တမ်းမှာတော့ မီဒီယာလွတ်လပ်ခွင့်ဆိုတာက ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ် လိုအပ်ပါတယ်၊ မီဒီယာလွတ်လပ်ခွင့် မရှိဘဲနဲ့တော့ ဒီမိုကရေစီဟာ မပြည့်မစုံပဲ ဖြစ်နေပါလိမ့်မယ်၊ ဒီနေရာမှာ ကမ္ဘာ့ နိုင်ငံအများအပြားမှာလည်း မီဒီယာအပေါ်မှာ စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး၊ ဒါပေမယ့် ကျွန်တော် ထင်တာကတော့ ခင်ဗျားအနေနဲ့ ရေရှည်တည်မြဲမယ့် ဒီမိုကရေစီ နိုင်ငံတစ်ခု၊ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံကို ဖော်ဆောင်ချင်တယ်ဆိုရင်တော့ မီဒီယာလွတ်လပ်ခွင့် ရှိဖို့ အရေးကြီး ပါတယ်၊ အဲဒါမရှိဘဲနဲ့ မဖြစ်နိုင်ပါဘူး၊ နောက်ပြီး ပြည်သူတွေကို သတင်းအချက်အလက်တွေ တင်ပြပေးနိုင်ခြင်း က ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအတွက် အဓိကကျပါတယ်၊ ခင်ဗျားတို့ရဲ့ ခေါင်းဆောင်တွေကို တာဝန်ခံမှုရှိအောင် မလုပ်နိုင်ဘဲနဲ့၊ နောက်ပြီး ခင်ဗျားတို့ ခေါင်းဆောင်တွေဆီက အဖြေတွေ မတောင်းနိုင်ဘဲနဲ့တော့ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို ခံစားနိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်၊ ဒါကြောင့်မို့ သတင်းမီဒီယာလွတ်လပ်ခွင့် ရှိဖို့ လိုအပ်တယ် ဆိုတာအတွက် အကြောင်းပြချက် နှစ်ခု မရှိဘူးလို့ ထင်ပါတယ်၊ ပြောခဲ့သလိုပဲပေါ့၊ ဒါတွေဟာ မီဒီယာပုဂ္ဂိုလ် တွေနဲ့ ပတ်သက်တဲ့ အထူးကိစ္စရပ်တွေ ဖြစ်နေသလား၊ ကျွန်တော်တို့ကတော့ ဥပဒေကို အသေအချာ လေ့လာ သုံးသပ်ရပါမယ်၊ ဒီဥပဒေတစ်ခုဟာ ကောင်းလား၊ ဆိုးသလား ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးနိုင်ပါတယ်၊ ဒါပေမယ့် တကယ်တမ်းမှာတော့ အခြေအနေအားလုံးက အဲဒီနိုင်ငံ ပြည်သူတွေနဲ့ အစိုးရအပေါ်မှာပဲ မူတည်ပါ တယ်၊ ဥပဒေတစ်ခုအတွက် ဘာတွေလိုအပ်နေသလဲ၊ ဆိုတာနဲ့ ဒီဥပဒေ ပုံစံနဲ့ပတ်သက်လို့ ဝေဖန်ပိုင်းခြားရ ပါမယ်၊ ပြီးတော့ ဒီဥပဒေက ပြင်ဆင်ဖို့ လိုနေသလားဆိုပြီး သုံးသပ်ဖို့ လိုပါတယ်၊ ဥပဒေရေးရာ လုပ်ငန်းစဉ်တွေ ကတော့ ပြည်သူတွေ ဆွေးနွေးနိုင်တဲ့ ကိစ္စတွေပါ၊ ဒီက ဥပဒေကိစ္စတွေကိုတော့ ကျွန်တော့်လို အပြင်ကလူက မှတ်ချက်ပေးလို့ မရပါဘူး၊ ဒါပေမယ့် ဥပဒေကို အတည်ပြုပြီး လူတွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်မယ့် လမ်းကြောင်း တွေ ရှိတယ်လို့ထင်ပါတယ်၊ ဒီလို လမ်းကြောင်းတွေက မြန်မာနိုင်ငံမှာလည်း ဆက်ရှိနေလိမ့်မယ်လို့ ကျွန်တော် အသေအချာ ပြောနိုင်ပါတယ်။

 

မေး။ ။ ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ သံအမတ်ကြီးတို့ MoU နှစ်ခု လက်မှတ်ရေးထိုးခဲ့တယ်၊ ဒီတော့ ချင်း ဒါမှမဟုတ် ရှမ်း လိုမျိုး အခြားနေရာတွေအတွက်ရော ဘယ်လိုများ ရှိဦးမလဲ။

 ဖြေ။ ။ ကျွန်တော်တို့မှာ တကယ်ဆိုရင် ငါးနှစ်ကျော် သက်တမ်းရှိတဲ့ MoU တစ်ရပ် ရှိထားပြီးသားပါ၊ အဲဒါကို နယ်စပ်ဧရိယာများ ဖွံ့ဖြိုးရေး ပရိုဂရမ်လို့ ခေါ်ပါတယ်၊ ချင်းပြည်နယ် နဲ့ စစ်ကိုင်း တိုင်းဒေသကြီးတို့ အတွက် ရည်ရွယ်ပါတယ်၊ အဲဒါတွေက စီးပွားရေးအရ ကျဆင်းထိုင်းမှိုင်းနေတဲ့ဒေသတွေဖြစ်ပါတယ်၊ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ ထူထောင်ထားတဲ့ တစ်နှစ်ကို ကန်ဒေါ်လာ ၅ သန်းရှိ ငါးနှစ်တာ ပရိုဂရမ်တစ်ခု ကျွန်တော်တို့မှာ ရှိပါတယ်၊ နောက်ပြီး ဒီအောက်မှာပဲ ချင်းနဲ့ ရခိုင် တို့အတွက် တစ်နှစ်ကို ဒေါ်လာ ၅ သန်း အလားတူ ပရိုဂရမ် တစ်ခု ရှိပါတယ်၊ ကျွန်တော်တို့ ဒါကို ပြည်ထောင်စု အစိုးရ နယ်စပ်ရေးရာဝန်ကြီးဌာနကနေတဆင့်လုပ်ပါတယ်၊  ဒါကို ဘက်ဂျက် ပံ့ပိုးမှုအဖြစ် ထောက်ပံ့ပါတယ်၊ သူတို့က ဒါတွေကို အဲဒီဧရိယာနှစ်ခုမှာ လမ်းတွေ၊ တံတားတွေ၊ ပြန်လည်ထူထောင်ရေး ဆေးပေးခန်းတွေ၊ ကျောင်းတွေ၊ တည်ဆောက်မှုနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေမှာ စီမံဆောင် ရွက်ပါတယ်။

မေး။ ။   မြန်မာနဲ့ အိန္ဒိယအကြား ကုန်သွယ်ရေး နဲ့ပတ်သက်လို့ ကုမ္ပဏီတွေအကြောင်းရော၊ ကုန်သွယ်ရေး အခြေအနေရော ဘယ်လိုများ ရှိပါသလဲ။

ဖြေ။ ။ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော်တို့ဟာ၊ မြန်မာရဲ့ စတုတ္ထမြောက် အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံပါ၊ ကျွန်တော်တို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုက တစ်နှစ်တစ်နှစ်ကို ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကနေ ၂ ဘီလီ ယံအကြားမှာ ရှိပါတယ်၊ ဒီနေရာမှာ ကောင်းတဲ့အချက်တစ်ခုက ကျွန်တော်တို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုက တော်တော်လေး ဟန်ချက်ညီ မျှတနေခြင်းဖြစ်ပါတယ်၊ ကျွန်တော်တို့ ထင်တာကတော့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ ၁၀ ဦး မြောက် ဒါမှမဟုတ် ၁၁ ဦးမြောက် ရင်းနှီးမြှုပ်နှံသူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုအများစုကတော့ သာဘ၀ ရင်းမြစ် နယ်ပယ်မှာ အဓိက အာရုံစိုက်ပါတယ်၊ အထူး သဖြင့်တော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍပေါ့၊ အဲဒီမှာ မြန်မာနိုင်ငံက ကမ်းလွန်လုပ်ကွက်တွေမှာ ကျွန်တော် တို့ ရင်းနှီးမြှုပ်နှံထားပါတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ကုမ္ပဏီများ ဥပဒေသစ်၊ ဘဏ် လုပ်ငန်းနဲ့ ဘဏ္ဍာရေးကဏ္ဍမှာ ပြဋ္ဌာန်းထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အသက်ဝင်လာမှုနဲ့အတူ ကျွန်တော်တို့ နောက်ထပ် လုပ်ငန်းသစ်တွေမှာ ပါဝင်လုပ်ဆောင်နိုင်ဖို့ စိတ်အားထက်သန်စွာနဲ့ စောင့်မျှော်လျက်ရှိပါတယ်၊ လက်လီနဲ့ လက်ကား ကုန်သွယ်မှု ကဏ္ဍမှာလည်း အခွင့်အရေးတွေ ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ဒါတွေအားလုံးကိုတော့ အိန္ဒိယက ပြည်သူတွေ တော်တော်လေး စိတ်ဝင်စားကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါ တယ်၊ ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ကလည်း တစ်ဦးနဲ့တစ်ဦးအကြား ပိုမိုအလေးထား ချိတ်ဆက် လုပ်ဆောင်ဖို့ လိုမယ်လို့ ထင်ပါတယ်၊ ကျွန်တော် ဒီမှာ ရှိနေတဲ့ ကာလအတွင်း အိန္ဒိယ အရှေ့မျှော် ၀ါဒအကြောင်း ထောက်ခံပြောချင်ပါတယ်၊ နောက်ပြီး မြန်မာနိုင်ငံအတွက်ကလည်း အနောက်မျှော်ကြည့်ရမယ့် အချိန်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ကုန်စည်၊ ၀န်ဆောင်မှုတွေအတွက် အရမ်းကြီးမားတဲ့ ဈေးကွက်ကြီးတစ်ခု ရှိနေတယ်ဆိုတာ မြင်ဖို့အတွက်ပါ၊ ဒါပေမယ့် အဲဒါက ကုန်စည်နဲ့ ၀န်ဆောင်မှုတွေအတွက် အရမ်းကြီးမားတဲ့ အရင်းအမြစ်တစ်ခု သက်သက်မဟုတ်ပါဘူး၊ အဲဒါက ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာအတွက်ပါ အရမ်းကြီးတဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်၊ ဒါကြောင့် ဒါကို ဆက်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်၊ ခုနှစ် ဒီဇင်ဘာမှာ ရန်ကုန် မှာ ၅ ကြိမ်မြောက် Enterprise India ပွဲကို ကျင်းပဖို့ ရှိပါတယ်၊ ဒါက မြန်မာနိုင်ငံမှာ အကြီးဆုံးသော အိန္ဒိယ ကုန်သွယ်မှုနဲ့ စက်မှု ပြပွဲတစ်ခုဖြစ်လာပါလိမ့်မယ်၊ ဒါပေမယ့် အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအပေါ် အာရုံကျလာကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ နှစ်ဘက်စလုံးက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ နယ်ပယ် ကဏ္ဍအများအပြားမှာ အတူလက်တွဲလုပ်နိုင်မယ့် အခွင့်အလမ်းတွေ ရှာနိုင်ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါ တယ်။

မေး။ ။ ခု  မဟတ္တမဂန္ဒီရဲ့ နှစ် (၁၅၀) ပြည့် မွေးနေ့အခမ်းအနားလည်း ရှိတယ်နော်၊ ဒါနဲ့ပတ်သက်လို့ ဘာအစီအစဉ်တွေများ ရှိပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့မှာ အစီအစဉ်အကြီးစားတွေ ရှိပါတယ်၊တကယ်ဆိုရင် ကျွန်တော်တို့ ဒီပွဲကို အိန္ဒိယမှာရော၊ ပြည်ပမှာပါ အလွန် ကြီးမားတဲ့ အတိုင်းအတာနဲ့ ကျင်းပမှာဖြစ်ပါတယ်၊ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ သံရုံးတွေ၊ အထူး ကော်မရှင်တွေ၊ သံတမန်အဖွဲ့တွေကလည်း ဒါနဲ့ပတ်သက်လို့ လုပ်ဆောင် စရာတွေကိုညှိနှိုင်းဆောင်ရွက်မှာဖြစ်ပါတယ်၊ ဒါ့အပြင် အိန္ဒိယမှာ ဖွဲ့စည်းထားတဲ့ အမျိုးသား ကော်မတီတစ်ရပ် လည်း ရှိပါတယ်၊ သမ္မတကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပါတယ်၊ ဒါနဲ့ပတ်သက်တဲ့ လှုပ်ရှားဆောင်ရွက်မှု တွေ  အများကြီး ရှိပါတယ်၊ ရေးဆွဲထားတဲ့ လုပ်ဆောင်စရာ လှုပ်ရှားဆောင်ရွက်မှုတွေ အများကြီး ရှိပါတယ်၊ ပုံမှန်အားဖြင့်တော့ ဒီလိုမျိုး အရေးကြီးတဲ့ နှစ်ပတ်လည်အခမ်းအနားမျိုးတွေဆိုတာက တစ်နှစ်တာကာလ ပတ်လုံး ကျင်းပရမှာဖြစ်ပါတယ်၊ ဒါပေမယ့် ဒီနှစ်ပတ်လည်အခမ်းအနားက ကျွန်တော်တို့အတွက်ကတော့ အင်မတန် ထူးခြားမှု ရှိပါတယ်၊  မဟတ္တမဂန္ဒီကို ပြန်ပြောင်းသတိရအောက်မေ့တဲ့ အခမ်းအနားတွေ၊ လှုပ်ရှား လုပ်ဆောင်ချက်တွေ၊ သူဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ၊ သူ့ဘ၀တစ်လျှောက်မှာ ဘာတွေလုပ်သွားခဲ့လဲ ဒါတွေနဲ့ ပတ်သက်လို့ အခမ်းအနား၊ လှုပ်ရှားဆောင်ရွက်မှုတွေ အများကြီး ရှိမှာပါ။

မေး။ ။ ဒီလိုဆို မြန်မာနိုင်ငံမှာရော ပွဲအခမ်းအနား ကျင်းပတာမျိုး ရှိဦးမလား။

ဖြေ။ ။သေချာတာပေါ့၊ မဟတ္တမဂန္ဒီက မြန်မာနဲ့လည်း အင်မတန် နီးစပ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်၊ သူဟာ အဲဒီတုန်းက မြန်မာခေါင်းဆောင်တွေနဲ့အကြား အရမ်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်၊ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးနဲ့ပေါ့၊ နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုအပေါ် သူ့ဘက်က ၀မ်းနည်းကြောင်း ထုတ်ဖော်ခဲ့သေးတာကိုလည်း ကျွန်တော် အမှတ်ရနေပါသေးတယ်၊ သူဟာ မြန်မာနိုင်ငံကို အကြိမ်တော်တော်များများ သွားလည်ခဲ့ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ ဒီ ရန်ကုန်မှာ အောက်တိုဘာ ၂ ရက် မှာ ပွဲအခမ်းအနား ကျင်းပမှာဖြစ်ပါတယ်၊ အဲဒီမှာ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ချို့လည်း ရှိမှာဖြစ်ပါတယ်၊ ဥပမာတစ်ခုအနေနဲ့ ကျွန်တော်တို့ သူ့ရဲ့ အကြိုက်ဆုံး သီချင်း၊  လူတိုင်းက လိုက်ဆိုကြဖို့ အားပေးခဲ့တဲ့ သီချင်း ကို ကျွန်တော်တို့ အမှတ်တရ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်၊ နောက်ပြီး ကျွန်တော်တို့ သူ့ရဲ့ အကျော်ကြားဆုံး စာအုပ်တစ်အုပ်ဖြစ်တဲ့ "My Experiments with Truth" ကိုလည်း မြန်မာဘာသာကို ပြန်ဆိုဖို့ အခွင့်အရေးရ ထားပြီး ဒါကို အဲဒီအခမ်းအနားမှာ မြန်မာ Edition နဲ့ ထုတ်ဝေသွားဖို့ ရှိနေပါတယ်၊ နောက်ပြီး တံဆိပ်ခေါင်းတွေ ရှိမယ်၊ အခမ်းအနားမှာပဲ ထုတ်ဝေမယ့် အထူးထုတ် တံဆိပ်ခေါင်းတွေ ဖြစ်မယ်၊ ဒါပေမယ့် ဒီ ပွဲအခမ်းအနား တွေမှာ အထူးစိတ်ဝင်စားစရာ ကောင်းတာက မြန်မာနိုင်ငံက အထင်ပေါ်ဆုံး သမိုင်းပညာရှင်တစ်ဦးလို့ ပြောလို့ ရချင်ရနိုင်မယ့် ဒေါက်တာသန့်မြင့်ဦးရဲ့ အထူး ဟောပြောမှု အစီအစဉ်တစ်ခုလည်းပါမယ်၊ သူကတော့ ဒီဒေသရဲ့ သမိုင်းကြောင်းနဲ့ပတ်သက်လို့ ကြီးကျယ်တဲ့အတွေ့အကြုံတွေကို ပြောဟောနိုင်တဲ့သူ၊ မဟတ္တမဂန္ဒီရဲ့ အိန္ဒိယရဲ့ ဒေသအပေါ် လွှမ်းမိုးသက်ရောက်မှုနဲ့ပတ်သက်လို့ အသေအချာ ပြောဟောနိုင်သူ ဖြစ်ပါတယ်။

မေး။ ။ ဒီလိုဆို ဒါက အိန္ဒိယနဲ့ မြန်မာအတွက် ဘယ်လိုမျိုး အရေးကြီးပါသလဲ။

ဖြေ။ ။ အိုး၊ ဒါကလေ အိန္ဒိယအပေါ်ရော၊ ဒီဒေသအပေါ်မှာရော၊ နောက်ပြီး ကမ္ဘာကြီးတစ်ခုလုံးအပေါ်မှာရော မဟတ္တမဂန္ဒီရဲ့ အရေးပါမှု အတိုင်းအတာကို ဆွေးနွေးဖို့ ဆိုတာကတော့ ကျွန်တော်တို့မှာ အချိန်လုံလောက်မှာ မဟုတ်ပါဘူးလို့ ထင်ပါတယ်၊ ကျွန်တော်ထင်တာကတော့၊ ကမ္ဘာကြီးပေါ်မှာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ ဒါမှမဟုတ် ချို့ငဲ့ဆင်းရဲမှုတွေ ဒါမှမဟုတ် မတရားမှုတွေ ရှိနေသမျှ ကာလပတ်လုံး မဟတ္တမဂန္ဒီရဲ့ အိုင်ဒီယာ တွေ၊ အတွေးအခေါ်တွေ၊ ဆင်ခြင်တုံတရားတွေက ဆက်ပြီး အရေးပါ ဆက်စပ်နေမယ်လို့ ထင်ပါတယ်၊ ဒီလို အတွေးအခေါ်၊ စိတ်ကူးအိုင်ဒီယာတွေဟာ ဒီကနေ့မှာလည်း ဆက်ပြီး ဆီလျော်အပ်စပ်နေတုန်းပဲလို့ ထင်ပါ တယ်၊ ဒါမှမဟုတ် ဒီကနေ့ ကမ္ဘာမှာ ခင်ဗျားမြင်နေရတဲ့ ပဋိပက္ခတွေ၊ မတရားမှု အမျိုးအစားတွေ သူတို့ကို ပေးထားတာထက်တောင် ဒီ အတွေးအခေါ်တွေက ပိုဆီလျော်အပ်စပ်နေတယ်လို့ ထင်ပါတယ်၊ မဟတ္တမဂန္ဒီ ပေးခဲ့တဲ့ အထူးအရေးကြီးတဲ့ မက်ဆေ့ခ်ျကတော့  ငြိမ်းချမ်းဖို့ သက်သက်တင်မဟုတ်ပါဘူ၊ ဒီငြိမ်းချမ်းရေးကို ခင်ဗျားဘယ်လို ရယူမလဲ ဆိုတာနဲ့လည်း ပတ်သက်တယ်လို့ ထင်ပါတယ်၊ ဘာလို့လဲဆိုတော့ ဂန္ဒီရဲ့ ကမ္ဘာကြီး အပေါ် ရှုမြင်တဲ့ နည်းလမ်း၊ နည်းစနစ်တွေက ရည်မှန်းချက်ပန်းတိုင်တွေလို အရေးကြီးလို့ဖြစ်ပါတယ်၊  တစ်ခါ တစ်ရံ ကနေ့ကာလမှာ ကျွန်တော်တို့တွေ မျက်စိရှန်းနေတဲ့အချက်တစ်ခုရှိပါတယ်၊ ဘာလို့လဲဆိုတော့   မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းမှာ ရည်မှန်းချက်ပန်းတိုင်တွေအပေါ်မှာ စွဲစွဲမြဲမြဲ ပစ်မှတ်ထားနေပြီး နည်းစနစ် တွေနဲ့ပတ်သက်လို့ မပူမပင်ရှိနေတာကို တွေ့ရပါလိမ့်မယ်၊ ဒါကြောင့် ကျွန်တော်ထင်တာက သူ့ရဲ့ အတွေး အခေါ်ကတော့ အထူးသဖြင့် ကျွန်တော်တို့တွေ ခုတစ်ချိန်တည်းဖြစ်ပျက်နေတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ အကူအညီဖြစ်စေမယ်လို့ ထင်ပါတယ်၊ ခုတစ်ချိန်တည်းဖြစ်ပျက်နေတဲ့ စိန်ခေါ်မှုတွေထဲမှာတော့ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်းလိုမျိုးတွေ ဖြစ်ပါတယ်၊ ရိုးရိုးရှင်းရှင်း နေထိုင်မှုဘ၀နဲ့ ရေရှည်တည်မြဲအောင် နေထိုင်မှုဘ၀တို့အပေါ် ဂန္ဒီရဲ့ အထူးအလေးထားအာရုံစိုက်မှုက အရမ်းကို ယဉ်ကျေး သိမ်မွေ့ပြီး ကနေ့ခေတ် လူတွေအတွက်လည်း ခိုင်မာအားကောင်းတဲ့ မက်ဆေ့ခ်ျတစ်ခု ဖြစ်ပါတယ်၊ ကျွန်တော် တို့ အဲဒီမက့်ဆေ့ခ်ျကို အထူးအလေးထားသင့်တယ်လို့ထင်ပါတယ်၊ ဒါမှလည်း ရှေ့ဆက်ပြီး ပိုမိုကြီးမားတဲ့ အခက်အခဲတွေ ကျွန်တော်တို့ မကြုံတွေ့နိုင်မှာဖြစ်ပါတယ်၊ သူ့ရဲ့ အရေးပါမှုကတော့ ပုံကြီးချဲ့တာမျိုး လုပ်လို့ မရနိုင်ဘူးလို့ ထင်ပါတယ်၊ သူဟာ မျက်မှောက်ခေတ် လူ့သမိုင်းကြောင်းမှာ အကြီးမားဆုံးသော အကြမ်း မဖက် တဲ့ တော်လှန်ရေးကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်၊ အဲဒီတစ်ချက်တည်းအတွက်နဲ့ သူ့ကို ကျွန်တော်တို့ ရှေ့ကာလ တွေမှာလည်း သတိရနေကြပါလိမ့်မယ်။     ။