မုံရွာမြို့တွင် ကျပ်သိန်းလေးထောင်ဖိုး အွန်လိုင်းလေလံမဲ လိမ်လည်ခဲ့သူကို တရားစွဲရန် ပြင်ဆင်နေ

.

မုံရွာ၊ အောက်တိုဘာ ၁၂ ။        ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် လူမှုကွန်ရက်စာမျက်နှာ Facebook မှတဆင့် အွန်လိုင်းလေလံမဲ ရောင်းချ ကာ ငွေကျပ် သိန်းလေးထောင်ကျော် လိမ်လည်ထွက်ပြေးခဲ့သူ အမျိုးသမီးတစ်ဦးအား တရားစွဲဆိုရန် ပြင်ဆင် နေကြောင်း သိရသည်။

ထိုသို့ ဖေ့ဘုတ်အသုံးပြု၍ ငွေကြေးလိမ်လည်သွားသော အမျိုးသမီးသည် မုံရွာမြို့၊ရေကူကန်လမ်းတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး မုံရွာမြို့နှင့် မန္တလေးမြို့မှ အွန်လိုင်းလေလံမဲ ဝယ်သူများ၏ ငွေကြေးများကို လိမ်လည်သွားခြင်းဖြစ်ကြောင်း အလိမ်ခံရသူများမှ ဆိုသည်။

"အိမ်ကယောင်္ကျားမသိအောင် ဝယ်ထားမိတာ ဖုန်းဆက်တော့လဲ ဆက်လို့မရတော့ဘူး။ သိန်း ၄၀ လောက်ပါသွားတယ်။ လူယုံသွင်းပြီး လိမ်သွားတာ။ မုံရွာက ပိုက်ဆံရှိအသိုင်းအဝိုင်းတချို့ တော်တော် များများပါတယ်။ ဒီကိစ္စကို ရှက်လို့ လူသိမခံကြဘူး။ လိမ်သွားတဲ့ ငွေအမောက်က တော်တော်များတယ် "ဟု မုံရွာမြို့မှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးမှ မဇ္ဇျိမသို့ ပြောသည်။

မဲလိမ်လည်သွားသည့် အမျိုးသမီးသည် ယခုနှစ် မေလအတွင်းက မန္တလေးမြို့ရှိ မဲဝယ်သူများထံသို့ စာချုပ် စာတမ်းများဖြင့် ငွေကျပ် သိန်း ၈၀ ပေးချေအပြီးတွင် ကျန်ရှိငွေများကို စက်တင်ဘာလတွင် ပေးချေမည်ဟုဆိုခဲ့ သော်လည်း ပေးချေခြင်းမရှိပဲ ထွက်ပြေးတိမ်းရှောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

"အစကတော့ မှန်မှန်ကန်ကန်လုပ်တယ်။ အဲ့ဒီအလုပ်ကို ညီမလုပ်တာမှ ရက် ၂၀ ပဲရှိသေးတယ်။ အလိမ်ခံရ တာပါ။ သူမန်းလေးကိုလာတော့ အိမ်ကလူတွေနဲ့ အတင်းလိုက်တောင်းမှ သိန်း ၈၀ ပေးသွားတယ်။ ကျန်တဲ့ သိန်း ၁၅၀ ကို ရက်ချိန်းတွေပေးပြီး မပေးတော့ဘဲ သူလိမ်သွားတာပါ။ မန်းလေးရော မုံရွာရော အားလုံး ပေါင်းရင် သိန်း ၄၀၀၀ လောက်ရှိတယ်။ ညီမက သူဆီက လက်ခွဲယူရောင်းတာ။ ညီမအောက်မှာ လူ ၁၀၀ လောက်ရှိတယ်။ အိမ်မှာလဲ မနေရဲတော့ဘူး။ ခဲတွေနဲ့ လာလာထုကြတာ သူလိမ်သွားတဲ့ ၄ လလုံး ညီမတို့မှာ လူလိမ်လို့ အပြောခံရပြီးနေရတာပါ။ ဘဝပျက်ပါပြီ” ဟု မန္တလေးမြို့ ချမ်းအေးသာဇံ သမီးတော်ဈေးရပ်ကွက်မှ မငြိမ်းမှ မဇ္ဇျိမသို့ ပြောသည်။

အဆိုပါ ငွေကြေလိမ်လည်မှုနှင့်ပတ်သက်၍ လိမ်လည်သွားသူ မုံရွာမြို့နေ မဆုလာဘ်ဆိုသူအား ငွေကြေး အလိမ်ခံထားရသူများက တရားစွဲနိုင်ရန် မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် တရားရုံသို့ ဦးတိုက် လျှောက် ထားကြောင်း သိရသည်။

ငွေကြေးလိမ်လည်သွားသူဟု ဆို၏ တယ်လီဖုန်းအား အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်လို့ မရခဲ့ပေ။