ကုန်သွယ်ရေးအငြင်းပွားမှုကို ရင်ဆိုင်လောက်အောင် ကမ္ဘာ့စီးပွားရေးက အင်အားမတောင့်ဘူးလို့ IMF ပြော

.

ဘာလီ၊ အောက်တိုဘာ ၁၂ ။            ။ လက်ရှိမှာ အရှိန်မြင့် ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးအငြင်းပွားမှုတွေနဲ့ ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကြားက ကွာဟာမှုတွေကို ရင်ဆိုင်ဖို့ ကမ္ဘာ့စီးပွားရေးက လုံလောက်တဲ့ အင်အားတောင့်မှု ရှိမနေဘူးလို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF အကြီးအကဲက အောက်တိုဘာ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။

“ခုချိန်မှာ စီးပွားရေးက အားကောင်းပါတယ်။ တည်ငြိမ်မယ်လို့လည်း ကျွန်မတို့ ခန့်မှန်းတယ်။ ဒါပေမယ့် အမှန်တကယ် မေးစရာ ရှိတာက အခု စီးပွားရေးအားကောင်းမှုဟာ လုံလောက်ပြည့်စုံမှု ရှိရဲ့လားဆိုတာပါပဲ။ ကျွန်မတို့ရဲ့ အဖြေကတော့ မလုံလောက်ဘူး ဆိုတာပဲ။ ဘာကြောင့်လည်းဆိုတော့ ဖွံ့ဖြိုးနှုန်းဟာ တန်းနေတယ်။ ကမ္ဘာတစ်လွှားမှာ တစ်ဖက်စောင်းနင်းတွေ ဖြစ်နေတယ်။”လို့ IMF အကြီးအကဲ ခရစ္စတင်းလာဂတ်က ပြောပါတယ်။

နိုင်ငံတကာကုန်သွယ်ရေး တရားရေးမူဘောင်နဲ့ ပတ်သက်ပြီး မရေရာမှုတွေကြောင့် မကြုံစဖူး ဘေးအန္တရာယ်ရှိနေကြောင်း၊ အမေရိကန်ရဲ့ တင်းကြပ်တဲ့ ငွေကြေးပေါ်လစီကြောင့် ထွန်းသစ်စစီးပွားရေးနိုင်ငံတွေဟာ ဘဏ္ဍာရေးကုန်ကျမှုတွေ တိုးမြင့်ဖြစ်ပွားနေရကြောင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပတဲ့ IMF World Bank Group နှစ်ပတ်လည်အစည်းအဝေးမစတင်မီ သတင်းစာရှင်းလင်းပွဲမှာ ခရစ္စတင်းလာဂတ်က ပြောခဲ့ပါတယ်။

ကုန်သွယ်ရေးနဲ့ ဆက်စပ်တဲ့ တင်းမာမှုများ၊ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်ကြားက တင်းမာမှုတွေကို လျှော့ချပစ်ဖို့ လိုအပ်နေကြောင်း လာဂတ်က အလေးအနက်ပြောပြီး တကယ်လို့ ပိုပြီး အရှိန်မြင့်လာမယ်ဆိုပါက နိုင်ငံတော်တော်များများ အထိနာရမှာဖြစ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။