Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်အဖြစ် ဖော်ပြခံခဲ့ရတဲ့ အမ်ဘတ်ပီ

.

(ဓာတ်ပုံ - အီးပီအေ)

ပြင်သစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းရဲ့ လူငယ်တိုက်စစ်မှူး အမ်ဘတ်ပီဟာ အပတ်စဉ်ထုတ်ဝေနေတဲ့ အမေရိကန်အခြေစိုက် နာမည်ကျော် Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်အဖြစ် ဖော်ပြခံခဲ့ရတယ်လို့ သိရပါတယ်။

Time မဂ္ဂဇင်းက အမ်ဘတ်ပီဟာ ကမ္ဘာကျော်စူပါစတားဖြစ်ခဲ့ပြီး သူဟာ “ဘောလုံးကမ္ဘာရဲ့ အနာဂတ်”ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အမ်ဘတ်ပီဟာ လီဂူ-၁ ကလပ် မိုနာကိုအသင်းကနေ ပီအက်စီဂျီအသင်းဆီ စံချိန်တင် ယူရိုသန်း ၁၈၀ နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီအချိန်က သူဟာ ၂၀၁၇ စက်တင်ဘာလအတွင်း ခေါင်းစီးသတင်းနေရာတွေမှာ နေရာယူခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့ချိန်က အသက် ၁၈ နှစ်အရွယ်သာ ရှိသေးပြီး သဘောတူစာချုပ်အရ တစ်လလုပ်ခ ယူရို ၁.၅ သန်း ရရှိတယ်လို့ ဖော်ပြကြပါတယ်။ 

အသက် ၁၉ နှစ်အရွယ်ရှိ ကစားသမားဟာ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး စံချိန်တွေလည်း ရယူနိုင်သလို ပြင်သစ်တို့ နှစ် ၂၀ ကြာ စောင့်မျှော်ခဲ့ရတဲ့ ကမ္ဘာ့ဖလားဆုဖလားကိုလည်း ပြန်လည်ဆွတ်ခူးနိုင်ဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။

အမ်ဘတ်ပီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ် ပီရူးအသင်းကို ၁-၀ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ ဂိုးသွင်းယူခဲ့တာကြောင့် ကမ္ဘာ့ဖလားသမိုင်းကြောင်းတစ်လျှောက် အသက်အငယ်ဆုံး ပြင်သစ်ဂိုးသွင်းရှင်ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ရှုံးထွက် ၁၆သင်းအဆင့် အာဂျင်တီးအသင်းနဲ့ ရင်ဆိုင်တွေ့ဆုံရာမှာလည်း သူဟာ တောင်အမေရိကအသင်းဘက်ကို ၂ ဂိုးသွင်းယူခဲ့ပြီး ပြင်သစ်အသင်းက ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာလည်း ပြင်သစ်က ခရိုအေးရှားကို ၄-၂ ဂိုး နိုင်တဲ့ပွဲမှာလည်း ပြင်သစ်အသင်းအတွက် ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဒါ့ကြောင့် အမ်ဘတ်ပီဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပီလီပြီးနောက် ဒုတိယမြောက် ဂိုးသွင်းယူနိုင်တဲ့ လူငယ်ကစားသမားဖြစ်လာပါတယ်။ သူဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိင်ပွဲမှာ ၄ ဂိုး သွင်းယူခဲ့ပြီး ၁၉၅၈ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးအတွက် ပီလီသွင်းယူတဲ့ ၆ ဂိုးနောက်ပိုင်း ဂိုးအများဆုံးသွင်းတဲ့ ပထမဆုံး လူငယ်ကစားသမားဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စုစုပေါင်း သွင်းဂိုး ၄ ဂိုးနဲ့အတူ အမ်ဘတ်ပီဟာ ဖီဖာက ချီးမြှင့်တဲ့ ဒီကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကို လက်ခံရရှိခဲ့ပါတယ်။

ဒီလိုအောင်မြင်မှုတွေကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ တောက်ပလာတဲ့ အမ်ဘတ်ပီဟာ Time မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးမှာ ဖော်ပြခံလိုက်ရတာပါ။ 

Time မျက်နှာဖုံးမှာ ပထမဆုံး ဖော်ပြခံခဲ့ရတဲ့ ဘောလုံးသမားကတော့ နေမာဖြစ်ပြီး အမ်ဘတ်ပီဟာ ဒုတိယမြောက် ဖော်ပြခံခဲ့ရတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

အမ်ဘတ်ပီဟာ လာမယ့်ဒီဇင်ဘာ ၂၀ ရက်မှာ အသက် ၂၀ ပြည့်မှာဖြစ်တဲ့အတွက် သူ့ရဲ့ ဆယ်ကျော်သက်အရွယ် နေ့ရက်တွေ အဆုံးသတ်တော့မှာဖြစ်ပါတယ်။

Ref; AFP