ဒေါက်တာအေးမောင် ဦးဆောင်မည့် ရခိုင်နိုင်ငံရေးပါတီသစ်ကို တည်ထောင်ခွင့်ပြု

.

 ဒေါက်တာအေးမောင်ကို စက်တင်ဘာလ ၁၄ ရက်နေ့ ရုံးထုတ်တွင် တွေ့ရစဉ်။(ဓာတ်ပုံ- နောင်နောင်)

စစ်တွေ၊ အောက်တိုဘာလ ၁၂ ။          ။ ဒေါက်တာအေးမောင် ဦးဆောင်မည့် ရခိုင်နိုင်ငံရေးပါတီသစ်အား “ရခိုင်ဦးဆောင်ပါတီ” အမည်ဖြင့် တည်ထောင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ပါတီ၏တာဝန်ရှိသူ ဦးစိုးဝင်းက မဇ္ဈိမသို့ ပြောသည်။

“ပါတီ တည်ထောင်ခွင့်ပြုလိုက်ပါပြီ။ ပထမ အဖရခိုင်ပါတီအမည်နဲ့က မကျဘူးလေ။ မကျတော့ ရခိုင့်ဦးဆောင်နာမည်နဲ့ ပြောင်းပြီးတော့ တင်ရတာပေါ့ဗျာ။ ဒီနေ့ပဲ တည်ထောင်ခွင့်ပြုလိုက်တာပါ။”ဟု ရခိုင်ဦးဆောင်ပါတီ တာဝန်ရှိသူ ဦးစိုးဝင်းက ပြောသည်။

အဆိုပါ ပါတီကို ပထမဦးစွာ “အဖရခိုင်ပါတီ”ဟု အမည်ပေးထားခြင်းဖြစ်သော်လည်း “အဖ”ဟူသော အသုံးအနှုန်း ပါရှိနေသည့်အတွက် ယင်းအမည်ဖြင့် ပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြုဘဲ အခြားမည်ပြောင်းလဲတင်ပြရန် သြဂုတ်လ ၃၁ ရက်နေ့တွင် ခေါ်ယူပြောခဲ့သည်။

ယင်းနောက် အဖရခိုင်ပါတီအစား ရခိုင်ဦးဆောင်ပါတီဟု အမည်ပြောင်းလဲ မှတ်ပုံတင်ရန် နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲခံနေရသည့် ဒေါက်တာအေးမောင်က ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့ပါတီတည်ထောင်ခွင့်ရပြီး ရက်ပေါင်း ၃၀ အတွင်း ပါတီခေါင်းဆောင်တစ်ဦးနှင့် ဒုတိယခေါင်းဆောင်တစ်ဦးကို အမြန်ဆုံးရွေးချယ်ပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်လည်တင်ပြရမည်ဟု ဦးစိုးဝင်းက ဆိုသည်။

“ပါတီတည်ထောင်ခွင့်ရပြီး တစ်လအတွင်းမှာ ပခေါင်းဆောင်၊ ဒုခေါင်းတောင်ရွေးပြီးတော့ ကော်မရှင်ကို ပြန်တင်ရပါမယ်။ လောလောဆယ် အဲဒါကို ဒီအပတ်အတွင်းမှာ ရွေးပြီးတော့ ကျနော်တို့ပြန်တင်သွားမှာပါ။”ဟု ဦးစိုးဝင်းက ဆိုသည်။

ယခုတည်ထောင်ခွင့် ပြုလိုက်သော ရခိုင်နိုင်ငံရေးပါတီသစ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်လွှာတင်သွင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထိုပါတီအား ဦးဆောင်မည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်သည် လက်ရှိအခြေနေတွင် နိုင်ငံတော်ပုန်ကန်မှုဖြင့် အမှုရင်ဆိုင်နေရပြီး ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုဥက္ကဋ္ဌရာထူးမှ နှုတ်ထွက်စာတင်ထားသူလည်း ဖြစ်သည်။