ဆိုယုဇ်အာကာသယာဉ် လွှတ်တင်မှုမှာ စက်ချို့ယွင်း၍ ကမ္ဘာမြေပေါ် အရေးပေါ် ပြန်ဆင်းသက်

.

မော်စကို၊ အောက်တိုဘာ ၁၁ ။             ။ နိုင်ငံတကာအာကာသစခန်းဆီ အောက်တိုဘာ ၁၁ ရက်မှာ ဆိုယုဇ်အာကာသယာဉ်ကို လွှတ်တင်လိုက်ရာမှာ ဒုံးပျံမှာ စက်ချို့ယွင်းမှုဖြစ်တာကြောင့် အာကာသယာဉ်မှူးနှစ်ဦး လိုက်ပါလာတဲ့ ဒီဆိုယုဇ်အာကာသယာဉ်ဟာ မြေပေါ် အရေးပေါ်ဆင်းသက်ခဲ့ပြီး အာကာသယာဉ်မှူးတွေ အသက်ဘေးလွတ်ခဲ့ကြောင်း သိရပါတယ်။

“အရေးပေါ်ကယ်ဆယ်ရေးစနစ်က အလုပ်လုပ်တယ်။ ဒါကြောင့် ဆိုယုဇ်ယာဉ်ဟာ ကာဇက်စတန်မှာ ပြန်ပြီး အရေးပေါ်ဆင်းသက်လိုက်နိုင်တာ ဖြစ်တယ်။ ယာဉ်မှူးတွေလည်း ဘေးကင်းပါတယ်။”လို့ ရုရှအာကာသကော်ပိုရေးရှင်း ရိုစကိုမို့စ်က တွစ်တာမှာ ရေးသားဖော်ပြပါတယ်။

အဆိုပါ ဆိုယုဇ်အာကာသယာဉ်မှာ နာဆာက အာကာသယာဉ်မှူး နစ်ဟိတ်နဲ့ ရုရှအာကာသအေဂျင်စီက ဒုတိယအကြိမ် အာကာသခရီးလိုက်ပါတဲ့ ယာဉ်မှူး အလိစ်ဆေးအိုချင်နန်တို့ လိုက်ပါခဲ့တာဖြစ်ပြီး တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ မရကြောင်း အင်တာဖက်စ်သတင်းဌာနက ဖော်ပြပါတယ်။

“ဒုံးပျံပေါ်တင်ပြီး ဆိုယုဇ်ကို လွှတ်တင်လိုက်ချိန်မှာ ဒုံးပျံကနေ ဆိုယုဇ်အာကာသယာဉ် ခွဲထွက်ချိန် စက္ကန့်ပိုင်းအတွင်းမှာပဲ လွှတ်တင်တဲ့ ဒုံးပျံမှာ ပြဿနာပေါ်တာ ဖြစ်ပါတယ်။ ဒီအတွက် အာကာသယဉ်မှူးတွေဟာ ဆိုယုဇ်ကို ထိန်းချုပ်ပြီး မြေပေါ်ဆင်းသက်နိုင်ခဲ့တာကို ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်။”လို့ နာဆာက ထုတ်ပြန်ခဲ့ပါတယ်။

“ယာဉ်မှူးနှစ်ဦးကို တင်ဆောင်ပြီး ကမ္ဘာမြေပေါ် ပြန်ဆင်းသက်လာတဲ့ ဆိုယုဇ်ယာဉ် ကျရောက်လာရာ အရပ်ကို ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံရှာဖွေလျက် ရှိနေပါတယ်။”လို့ နာဆာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရုရှနိုင်ငံကလည်း ယာဉ်မှူးနှစ်ဦး ဘေးကင်းကြောင်း အတည်ပြုပြောခဲ့ပါတယ်။

Tags: