NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ပုပ္ပါးတွင် အပြည်ပြည်ဆိုင်ရာ ပန်းချီ ၊ ပန်းပုကျေးရွာ တည်ထောင်မည်

.

ရန်ကုန်   အောက်တိုဘာ ၁၁ ။           ။ မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှပန်းချီ၊ ပန်းပုအနုပညာရှင်များ၏ အနုပညာလက်ရာများကို  ကြည့်ရှုခံစားနိုင်မည့် အပြင် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့များ၊ နေထိုင်စားသောက်မှုပုံစံများကို တစ်နေရာတည်းတွင် စုစည်း မြင်တွေ့နိုင်မည့် (International Art Village)  အပြည်ပြည်ဆိုင်ရာ ပန်းချီ ၊ ပန်းပုကျေးရွာ ကို ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်အနီးတွင်  တည်ဆောက်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

အဆိုပါ International Art Village တည်ဆောက်မှုကို  International Watercolor Society Myanmar က စီစဉ်နေခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် နိုင်ငံတကာမှပန်းချီပညာရှင်များပါဝင်သည့်အဖွဲ့သည် Art Village တည်ဆောက်မည့်နေရာသို့ သွားရောက်ကြည့်ရှုမည်ဟု International Watercolor Society Myanmar မှ ဦးမင်းဝေအောင်က မဇ္ဈိမသို့ ပြောသည်။

" ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံက ပန်းချီဆရာတွေနဲ့နိုင်ငံတကာက ပန်းချီဆရာတွေ စုပေါင်းပြီး ပုဂံမှာ  အောက်ဒိုး ထွက်ကြမယ်။ ၁ ရက်နေ့မှာတော့ ပုပ္ပါး၊ ဆည်ပေါက်မှာ ပန်းချီဆရာတွေက ထပ်ပြီး အောက်ဒိုးဆွဲရင်း Art Village လုပ်မယ့် နေရာကို နိုင်ငံတကာက ပန်းချီဆရာတွေကို လက်တွေ့ပြပြီး သူတို့နဲ့လည်းဆွေးနွေးပြီးတော့ ဒါကို ဆက်လက်ပြီး ဆောင်ရွက်သွားမှာပါ။ လောလောဆယ်ကတော့ စီစဉ်နေတုန်းပါ" ဟု International Watercolor Society Myanmar မှ ဦးမင်းဝေအောင်က ပြောသည်။

တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံများတွင်လည်း International Art Village များတည်ထောင်ပြီး ကမ္ဘာ့နိုင်ငံများမှ ပန်းချီ၊ ပန်းပုပညာရှင်များ ဖိတ်ခေါ်ကာ ပညာရပ်များနှီးနှောဖလှယ်ခြင်း၊ ပညာရှင်များ ရေးဆွဲထားသော ပန်းချီ၊ ပန်းပုလက်ရာများပြသခြင်း၊ အနုပညာမြောက်ရှုခင်းများ၊ တိုင်းရင်းသားရိုးရာအိမ်တည်ဆောက်ကာ နိုင်ငံခြား ခရီးသွားများအား ဆွဲဆောင်သည့်အစီအစဉ်များ ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ပန်းချီ၊ ပန်းပုအနုပညာ လက်ရာများ ဖော်ထုတ်ပြသနိုင်ရေး၊ ကမ္ဘာ့နိုင်ငံများမှ ပညာရှင်များနှင့်အမြင်ဖလှယ်ခြင်း၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့များ၊ နေထိုင်စားသောက်မှုပုံစံများကို တစ်နေရာတည်းတွင် စုစည်းချပြနိုင်ရေးအတွက် International Art Villageများ ဖော်ဆောင်ရန် ရည်ရွယ်ကြောင်း သိရသည်။

"Art Villageက အဲဒီမှာ ဘာတွေလုပ်မှာလည်းဆိုတော့ ပန်းချီဆရာတွေက ဒီမှာလာပြီးတော့ ပန်းချီတွေ ဆွဲကြ မယ်။ အဲဒီမှာနေမယ်။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့။  ၁ လတန်သည် ၂ လတန်သည် နေကြမှာပေါ့။ တစ်ချို့ ကျလည်း ၁ ပတ်ပေါ့။ သူ့ရဲ့ ပရိုဂရမ်ပေါ်လိုက်ပြီး အဲဒီမှာနေကြမယ်။ ပန်းပုဆရာတွေလည်း အဲဒီတိုင်းပဲ။ ပန်းပု တွေ ထုမယ်။ အနုပညာအလုပ်တွေကို အဲဒီမှာလုပ်ပြီး အဲဒီမှာပဲ အရောင်းပြခန်းတွေဘာတွေလည်း ရှိမယ်ပေါ့" ဟု International Watercolor Society Myanmar မှ ဦးမင်းဝေအောင်က ပြောသည်။

လက်ရှိတွင် ပဲခူးမြို့၊မဇင်းဆည်အနီးနှင့် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်အနီးတစ်နေရာတွင် မြေနေရာရှာဖွေတွေ့ရှိထားပြီး ပုပ္ပါးတွင် ပထမဆုံး အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ကယားပြည်နယ်၊ လွိုင်ကော်တွင်လည်း International Art Village တည်ဆောက်ရန် အောက်တိုဘာ လ ၉ ရက်နေ့က ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုထံသို့ လာရောက်ရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရသည်။