သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်များထုတ်ယူရန် လုပ်ဆောင်မှုအဆင့်များ ဖြေလျော့

.

ဓာတ်ပုံ - AFP

ရန်ကုန်၊ အောက်တိုဘာလ ၁၁ ။           ။ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်များ ထုတ်ယူရန်အတွက် လိုအပ်သည့်စာရွက်စာတမ်းများ လုပ်ဆောင်မှု အဆင့်ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖြေလျော့ပေးလိုက်ကြောင်း သိရသည်။

သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်များထုတ်ယူရန် လုပ်ဆောင်မှုအဆင့် ဖြေလျော့ပေးသည့်အပိုင်းတွင် ပြည်ပထွက်ခွာခွင့် ခွင့်ပြုမိန့် (DO) ၊ နိုင်ငံခြားရေးရာ မူဝါဒကော်မတီ (FAPC) အမှာစာများနှင့် ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာများအား ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနသို့ ပေးပို့ရန် မလိုအပ်တော့ဘဲ သက်ဆိုင်ရာဝန်ကြီးဌာန၏ ရုံးစာသာ လိုအပ်ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများ၏ ပြည်ပခရီးစဉ်များ၊ ပညာတော်သင်များ၊ နိုင်ငံကိုယ် စားပြု အားကစားသမားများနှင့် ပြည်ပသံရုံး အသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းနှင့် မိသားစု ဝင်များအတွက် သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်များအား  နိုင်ငံခြားရေးဝန်ကြီးဌာနမှအချိန်နှင့် တပြေးညီ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနသို့ နိုင်ငံကူးလက်မှတ်အသစ် လာရောက် လျှောက်ထားရာတွင် ပိုမိုအဆင်ပြေလွယ်ကူစေရန်နှင့် လိုအပ်သည့် စာရွက်စာတမ်းများ ဖြေလျော့ပေးနိုင်ရန် အတွက် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ထိုသို့ ဖြေလျော့ပေးခဲ့ခြင်းနှင့်ပတ်သက်၍လည်း နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန အသီးသီးသို့ လည်း ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။