ပုဇွန်တောင် ရေကျော်ပွဲဈေးတွင် ယခင်နှစ်ထက် စည်းကမ်းတင်းကျပ်မည်ဟုဆို

.

ပြီးခဲ့သည့်နှစ် ရေကျော်ပွဲဈေး ကျင်းပခဲ့သည့်မြင်ကွင်းတစ်ခု။ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ အောက်တိုဘာလ ၁၁ ။         ။ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်တွင် နာမည်ကျော် သီတင်းကျွတ်ရေကျော်ပွဲဈေး ကျင်းပနိုင်ရေးအတွက် စတင်ပြင်ဆင်မှုများ ဆောင်ရွက်နေပြီး ယခင်နှစ်များထက် စည်းကမ်းချက်များ ပိုမိုတင်းကျပ်ထားကြောင်း ပုဇွန်တောင်မြို့နယ်၊ ၁ဝ ရပ်ကွက်၏ အုပ်ချုပ်ရေးမှူး ဦးမင်းဇော်က ပြောသည်။

အဆိုပါ ရေကျော်ဈေးကိုလာမည့် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်သည်။

“ မနှစ်က တစ်နှစ်က ဘာဖြစ်လဲဆိုတော့ ၇ ရပ်ကွက်တို့ဘာတို့က ထုံးစံအတိုင်း စတိတ်ရှိုးကို ည ၁၂ နာရီ ပိတ်ရမယ့်နေရာမှာ ၁ နာရီ၊ ၁ နာရီခွဲလောက်ထိဆိုတော့ ပတ်ဝန်းကျင်က လူကြီးတွေတိုင်တဲ့အဆင့်ထိဖြစ် သွားတယ်။ လူကြီးတွေက အဲ့ဒီဟာကို နည်းနည်းလေး အာရုံတော့ နောက်သွားတာပေါ့။ အာရုံနောက်တော့ ဒီနှစ် စည်းကမ်း အရမ်းတင်းကျပ်တယ်။ ကော်မတီဝင်အားလုံး လက်မှတ်ထိုးရတယ်။ စည်းကမ်းပိုင်းနဲ့ ပတ် သက်ပြီးတော့ ဒီအချိန်၊ ဒီအချိန်ဆိုရင် ပိတ်ပါပေါ့”ဟု ၁ဝ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းဇော်က ပြောသည်။

ရေကျော်ဈေးတွင် ဆိုင်ခန်းများဖွင့်လှစ်ရောင်းချမည့် သူများအနေဖြင့် မိမိဖော်ပြထားသော ရောင်းကုန်များ ကိုသာ ရောင်းချရန်နှင့် လိုင်စင်မဲ့၊ ခွင့်ပြုချက်မဲ့ အရက်သေစာ၊ ဘီယာများအား ရောင်းချခြင်းလုံးဝမပြုလုပ်ရန်၊ လောင်းကစားခြင်းနှင့် ယင်းနှင့်ဆက်စပ်သည့် ဆိုင်ခန်းများဖွင့်လှစ်ခြင်းလုံးဝမပြုလုပ်ရန်၊ ဈေးဆိုင်ခန်းအားလုံး ညနေ ၅ နာရီတွင် စတင်ဖွင့်လှစ်ရောင်းချရမည်ဖြစ်ပြီး ည ၁၂ နာရီနောက်ဆုံးထား ပိတ်သိမ်းရန် စသည့် စည်းကမ်းချက် များသတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် အသံချဲ့စက်၊ ဆောင်းဘောက်၊ စပီကာ၊ လော်များအား သီးခြားဖွင့်လှစ်ခွင့် ရယူရမည်ဖြစ်ပြီး အဆိုပါ အသံချဲ့စက်များအား ည ၁၁ နာရီထိသာ ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ်၊ ၁ဝ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

လုံခြုံရေးပိုင်းတွင်လည်း စောင့်ကြည့်ကင်မရာများကို ယခင်နှစ်များအတိုင်းတပ်ဆင်သွားမည့်အပြင် ဒရုန်း( ကင်မရာတပ်ဆင်ထားသည့် ယာဉ်ပျံငယ်)များဖြင့် လုံခြုံရေးပိုင်းအား စောင့်ကြည့်သွားရန် စီစဉ်ထားကြောင်း သိရသည်။

“ လုံခြုံရေးပိုင်းကကျတော့ ကျွန်တော်တို့ ဒီ ၁ဝ ရပ်ကွက်ဆိုရင် ပွိုင့် ၃ ပွိုင့်ထားတယ်။ ရွှေဘုန်းပွင့်နားမှာ ပွိုင့်တစ်ပွိုင့်ထားတယ်။ လမ်း ၅ဝ ထိပ်မှာ လုံခြုံရေးကွပ်ကဲမှုရုံးတစ်ရုံးရှိတယ်။ နောက် ဗိုလ်မြတ်ထွန်းလမ်း ထိပ်မှာ ပွိုင့်တစ်ပွိုင့် ထားပါတယ်။ အဲ့ဒီပွိုင့်တစ်ပွိုင့်စီမှာ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၅ ဦးရယ်၊ ရပ်ကွက် လူငယ် အင်အား ၅ ဦးရယ်။ ရဲအင်အား ၁ဝ ဦး ထားပါမယ်”ဟု ၁ဝ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်က ပြောသည်။

အဆိုပါ ရေကျော်ပွဲဈေးကို ယခင်ကတည်းက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း ကြားထဲတွင် ၉ နှစ်ခန့် ကျင်းပပြုလုပ်မှု မရှိတော့ဘဲ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်မှစတင်ကာ  ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော်ကို ယခင်နှစ်များအတိုင်း  ပုဇွန်တောင်မြို့နယ် (၇)ရပ်ကွက် (၉)ရပ်ကွက်နှင့် (၁ဝ)ရပ်ကွက်တို့၏ ထိစပ်နယ်မြေဖြစ်သည့် ဗိုလ်တစ်ထောင်မြို့နယ်(၁ဝ)ရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျီတော်ရပ်ကွက်တို့တွင် အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။