ပေါက်တောတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး မိမိကိုယ်သေနတ်ဖြင့် အဆုံးစီရင်

.

 ဓာတ်ပုံ- (Aung Myint Thein Fb)

အောက်တိုဘာလ ၁၁ ရက်။          ။ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား တစ်ဦးသည် မိသားစုကိစ္စအဆင်မပြေမှု၊ အလုပ်တွင်အဆင်မပြေမှုစသဖြင့် အကြောင်းအရာများကြောင့် စိတ် ဖိစီးမှုများ၍ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း၌ မိမိကိုယ်မိမိ သေနတ်ဖြင့်ပစ်သတ်၍ သေဆုံးသွား ခဲ့ကြောင်း ပေါက်တောမြို့မ ရဲစခန်းက သတင်းရရှိသည်။

“သူ့ကိုယ်သူ ပစ်သတ်သွားတာပါ။ သူ့မှာက မိခင်လည်းဆေးကုသနေရတယ်။ တခြားစိတ်ညစ်စရာ ကိစ္စရပ် တွေလည်း ရှိနေနိုင်တယ်ပေါ့။ ရဲစခန်းဟောင်းအပေါ်ထပ်မှာ ပစ်သတ်သေသွားခဲ့တာပေါ့။”ဟု ပေါက်တော မြို့မရဲစခန်းမှ အရာခံဗိုလ် အောင်ကျော်ဇောက ပြောသည်။

အဆိုပါ သေဆုံးသူမှာ ပေါက်တောမြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်မှူး၏ ကားနှင့် အချုပ်ကားကို မောင်းနှင်နေသော ရဲတပ်သား အောင်မြင့်သိန်းဆိုသူဖြစ်ပြီး ၎င်းသည် ဦးခေါင်းကို သေနတ်ဖြင့်ပစ်၍ မိမိကိုယ်ကို အဆုံးစီရင် သွားခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ရဲတပ်သား၏ မိခင်မှာ ကျန်းမာရေးမကောင်းသဖြင့် ရန်ကုန်နှင့် စစ်တွေမြို့သို့သွားရောက် ဆေးကုသနေရပြီး ငွေကြေးအခက်ခဲပြဿနာတချို့အပြင် တခြားသော စိတ်ဖိစီးစရာ အကြောင်းကိစ္စရပ် များလည်း ရှိနေနိုင်ကြောင်း မိတ်ဆွေရဲ တပ်ဖွဲ့ဝင်များက ပြောသည်။

လက်ရှိတွင် သေဆုံးသူရဲတပ်သား ဦးအောင်မြင့်သိန်း၏အလောင်းအား စစ်ဆေးရန် ပေါက်တောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။

အဆိုပါ သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်တောမြို့မရဲစခန်းတွင် သေမှုသေခင်းဥပဒေပုဒ်မဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း ပေါက်တောမြို့မရဲစခန်းမှ သိရသည်။