မတူကွဲပြားမှုများကို ပေါင်းကူးတင်ဆက်မည့် ခံစားကြည့်အစီစဉ် မိတ်ဆက်

.

အောက်တိုဘာ ၁၁ ။         ။ BBC Media Action က တင်ဆက်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် မဇ္ဈိမ ရုပ်သံလိုင်းတို့တွင် မကြာမီတင်ဆက် ပေးသွားမည့် ခံစားကြည့် အစီအစဉ်ကို အောက်တိုဘာလ ၁၀ ရက်နေ့၊ ညပိုင်းက ရန်ကုန်မြို့၊ ချက်ထရီရန် ဟိုတယ်မှာ မိတ်ဆက်ခဲ့သည်။

ထိုအစီစဉ်တွင်  မတူကွဲပြားသည့် လူပုဂ္ဂိုလ်များ၊ ဒေသများ၊ အတွေ့အကြုံများနှင့် မတူညီသော သမိုင်းနောက်ခံအခြေ အနေများကို ပေါင်းကူးဆက်သွယ်ပြီး ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာကိစ္စများကို ထုတ်ဖော်ဆွေးနွေးတင်ပြထားမှုများ ပါဝင်သည်ဟု သိရသည်။

" ကျွန်တော်တို့ မြန်မာပြည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဖြစ်နေတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလို့ ပြော လိုက်ရင် ဟိုးကောင်းကင်မှာ ဟိုဘက်ဒီဘက်ခေါင်းဆောင်တွေက အပြန်အလှန်ပြောကြဆိုကြတယ်။ ဒါပေမယ့် အောက်ခြေ သာမန်ပြည်သူလူထုကတော့ ငြိမ်းချမ်းရေးမှာ ဘာတွေလုပ်နေလဲ၊ ငြိမ်းချမ်းရေးမရရင် ဘာတွေ ထိခိုက်ခံစားနေရလည်းဆိုတာက နည်းနည်းအလှမ်းဝေးနေသေးတယ်။ ကျွန်တော်တို့က အဲဒီလိုအပ်ချက်ကို ဖြည့်စည်းပေးနေတာပါ။" ဟု ခံစားကြည့် အစီစဉ်မှ အကြီးတန်းထုတ်လုပ်သူ ဖြိုးဝေလင်းက မဇ္ဈိမသို့ ပြောသည်။

ခံစားကြည့်အစီအစဉ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ ဒီမို ကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ဖိတ်ခေါ်၍ နိုင်ငံတ၀န်းရှိဒေသအသီးသီးသို့ ခရီးသွားလာကာ ဒေသခံပြည်သူ့ဘ၀များကို လေ့လာစေသည့်အစီအစဉ်ဖြစ်ပြီး ရိုက်ကူးပြီးစီးသည့် ရုပ်သံမှတ်တမ်းများတွင် ကိုမင်းကိုနိုင်၊ ဒေါက်တာ မေ၀င်းမြင့်၊ မဇင်မာအောင်၊ ကိုနေဖုန်းလတ်နှင့် မမိဆူးပွင့် အစရှိသူတွေလည်း ပါဝင် ထားသည်။

ခရီးစဉ်အတွင်း အဆိုပါပုဂ္ဂိုလ်များသည် ဘ၀အမျိုးမျိုးဖြင့် ရှင်သန်ရပ်တည်နေကြသော ပြည်သူများ၏ အခက်အခဲများ၊ ဝေလံခေါင်ဖျားသည့်ဒေသများမှ ချို့တဲ့နွမ်းပါးသည့် အမျိုးသမီးတို့၏အခြေအနေများ၊ လက် နက်ကိုင် တိုင်ရင်းသားတို့၏ ငြိမ်းချမ်းရေးမျှော်လင့်ချက်များနှင့် ယင်းဒေသအဆင့် အစိုးရများ၏ ဆောင်ရွက်နေ မှု အခြေအနေများကို ကြည့်ရှုရမည်ဖြစ်ကြောင်း သိရသည်။

" ဒီအစီအစဉ်တွေကိုကြည့်တဲ့အခါမှာ ငြိမ်းချမ်းရေးဆိုတာ တစ်နိုင်ငံလုံးနဲ့ဆိုင်တယ်။ ဒီငြိမ်းချမ်းရေးတွေ မရလို့ အနှစ် ၇၀ ကျော်စစ်ကပွဲတွေ ဖြစ်ခဲ့တဲ့ကျွန်မတို့တိုင်းပြည်မှာ လူတွေရဲ့အခြေအနေတွေ ဘယ်လိုအခြေအနေ တွေ ရှိနေသလဲဆိုတာ လူတွေရဲ့ဘ၀ကို ရိုက်ခတ်သလဲပေါ့နော်၊ ဒါတွေကို မြင်လာတဲ့အခါမှာ ငြိမ်းချမ်းရေးရဖို့ လူတွေ စိတ်ထဲနှလုံးထဲက ပါဝင်လာလိမ့်မယ်လို့ ကျွန်မယုံကြည်တယ်။" ဟု ABSDF ဗဟိုဦးဆောင်ကော်မတီဝင် မမီဆူးပွင့်က ပြောသည်။

ခံစားကြည့်အစီအစဉ်ကို MRTV ရုပ်သံလိုင်းမှ သီတင်းတစ်ပတ်ခြား အင်္ဂါနေ့တွင်ပြသပြီး တနင်္ဂနွေတွင် ထပ်မံ ပြသသွားမည်ဖြစ်သည်။

မဇ္ဈိမရုပ်သံလိုင်းတွင် အပတ်စဉ် ကြာသာပတေးနေ့တွင် ပြသသွားမည်ဖြစ်ပြီး သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် ထပ်မံပြသသွားမည်ဖြစ်သည်။ ထို့ပြင် ခံစားကြည့် Facebook Page တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။