မြန်မာအသင်းနဲ့ ခြေစမ်းမည့် ဘိုလီဗီးယားလက်ရွေးစင်အသင်း စတင်လေ့ကျင့်နေ

.

ဘိုလီဗီးယားလက်ရွေးစင်အသင်းသားများ အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်သို့ ရောက်ရှိနေစဉ်။

ရန်ကုန်၊ အောက်တိုဘာ ၁၁ ။                 ။ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မယ့် ဘိုလီးဗီးယားအသင်းဟာ အောက်တိုဘာ ၁၀ ရက်နေ့ ည ၆နာရီကျော်လောက်က ရန်ကုန်မြို့ကို ရောက်ရှိခဲ့ပြီး သုဝဏ္ဏကွင်းမှာ ညတွင်းချင်း လေ့ကျင့်ခန်းအစီအစဉ်တွေ ကို ဆောင်ရွက်ခဲ့ကြပါတယ်။

ယခုရောက်ရှိလာတဲ့ ဘိုလီဗီးယားအသင်းမှာ ကစားသမား ၂၂ဦးနဲ့ အုပ်ချုပ်ရေးအဖွဲ့ ၁၁ ဦး အပါအ၀င် စုစုပေါင်း ၃၆ ဦး ပါဝင်လာခဲ့ပြီး ရောက်ရှိတဲ့ ည ၉နာရီ ၃၀မိနစ်အချိန်မှာပဲ သုဝဏ္ဏကွင်းမှာ ပထမဆုံး လေ့ကျင့်ရေးအစီအစဉ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ လက်ရှိကြားရက်တွေမှာတော့ ကျွန်တော်တို့ ထရိန်နင်အတွက်ပြင်ပေးထားတယ်။ အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ အသင်းကြီးဖြစ်တဲ့အတွက် ကွင်းကြီးမှာပြင်ဆင်ပေးထားပါတယ်” လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှအထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းကပြောပါတယ်။

ဘိုလီဗီးယားအသင်းဟာ အိမ်ကွင်းအစဉ်အလာကောင်းမွန်ပြီး အသင်းကြီးတွေကိုပါနိုင်အောင်ကစားနိုင်ခဲ့တဲ့ တောင်အမေရိကအသင်း တစ်ခုလည်းဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဘိုလီဗီးယားလက်ရွေးစင် အသင်းတို့ဟာ အောက်တိုဘာလ ၁၃ ရက် ၊ ညနေ ၆ နာရီမှာ သုဝဏ္ဏကွင်း၌ခြေစမ်းပွဲ ကစားကြမှာလည်း ဖြစ်ပါတယ်။

ဆူဇူးကီးဖလာပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ လေ့ကျင့်နေတဲ့ မြန်မာဘောလုံးအသင်းဟာ ပြိုင်ပွဲအကြို ခြေစမ်းပွဲတွေအဖြစ် အင်ဒိုနီးရှား ၊ ဘိုလီဗီးယား အသင်းတွေနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ပထမ ခြေစမ်းပွဲဖြစ်တဲ့ အင်ဒိုနီးရှားအသင်းနဲ့ ပွဲစဉ်မှာ မြန်မာအသင်းဟာ အင်ဒိုနီးရှားအသင်းကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ထားပါတယ်။

မြန်မာအသင်းနဲ့ ဘိုလီဗီးယား အသင်းတို့ရဲ့ ပွဲစဉ်အတွက်လက်မှတ်တွေကိုတော့ အောက်တိုဘာ ၈ ရက်ကနေ ၁၂ ရက်နေ့အထိ လှည်းတန်း စင်တာ၊ ပဒုမ္မာကွင်း၊ သုကဏ္ဏကွင်းနဲ့ အောင်ဆန်းကွင်း တို့မှာ ရိုးရိုးတန်းကို ၃၀၀၀ ကျပ်၊ အထူးတန်းကို ၅၀၀၀ ကျပ် တို့နဲ့ဝယ်ယူနိုင်တယ်လို့သိရပါတယ်။

ဒီပွဲစဉ်ဟာ မြန်မာ့ဘောလုံးသမိုင်းမှာ တောင်အမေရိကလက်ရွေးစင်ဘောလုံး အသင်းတစ်သင်းနဲ့ ခြေစမ်းတဲ့ ပထမဆုံးပွဲစဉ်တစ်ခု ဖြစ်လာမှာလည်းဖြစ်ပါတယ်။