အမေရိကန်ရှေးဟောင်းပစ္စည်း စုဆောင်းသူတစ်ဦး အဓမ္မရယူထားခဲ့တဲ့ ရှေးအသုံးအဆောင်ပစ္စည်းတွေကို ကိုလံဘီယာထံသို့ ပြန်လွှဲပေး

.

အောက်တိုဘာ ၁၁ ။            ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းက အမေရိကန်က ရှေးဟောင်းပစ္စည်း စုဆောင်းသူတစ်ဦး မတရားသဖြင့် ရယူစုဆောင်းထားခဲ့တဲ့ အဖိုးတန် ရှေးဟောင်းပစ္စည်း အမျိုးပေါင်း ၃၈ ခုကို ယခုအခါ မူလပိုင်ရှင်ဖြစ်တဲ့ ကိုလံဘီယာနိုင်ငံထံသို့ ပြန်လည် လွှဲအပ်လိုက်ပြီ ဖြစ်ပါတယ်။

မျက်မှောက်ခေတ် အင်ဒီယာနာဂျုံး ဆိုပြီး ခေါ်ဆိုခြင်းခံထားရတဲ့ ဒေါ်နယ် မေလာ အမည်ရ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ယင်း ရှေးဟောင်းပစ္စည်းတွေကို ရယူစုဆောင်းထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

၎င်းအနေနဲ့ ယင်းပစ္စည်းတွေကို ပြတိုက်တစ်ခုသဖွယ် နေအိမ်မှာ ထားရှိစုဆောင်းထားမှုအပေါ် ကန့်ကွက်မှုတွေ ရှိလာခဲ့ပြီးနောက် FBI က စုံစမ်းစစ်ဆေးစဉ်မှာပဲ ယင်းပစ္စည်းတွေကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးစဉ်အတွင်း တရုတ်၊ ကိုလံဘီယာ၊ နယူးဂီနီနဲ့ အမေရိကန် တို့က ရှေးဟောင်းပစ္စည်းပေါင်း ထောင်နဲ့ချီအထိ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

" ဒီ စုဆောင်းသူက ခေတ်သစ် အင်ဒီယာနာဂျုံး တစ်ဦးဖြစ်ပါတယ်၊ ဒီတော့ အင်ဒီယာနာဂျုံး ဘာလုပ်ခဲ့သလဲ စဉ်းစားကြည့်ပါ" ဆိုပြီး ၀ါရှင်တန်ရှိ ကိုလံဘီယာသံအမတ်ကြီး ဖရန်စစ္စကို ဆန်းတို့စ်က ပြောသွားပါတယ်။