ဖလော်ရီဒါမှာ အလွန်ဆိုးဝါးပြင်းထန်တဲ့ ဟာရီကိန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်ရာ လူတစ်ဦး သေဆုံး

.

ပါနားမားစီးတီး၊ အောက်တိုဘာ ၁၁ ။             ။ အန္တရာယ်အဆင့်  အဆင့်လေးရှိတဲ့ ဟာရီကိန်းမုန်တိုင်း မိုက်ကယ်ဟာ ဖလော်ရီဒါကမ်းခြေဆီ အောက်တိုဘာ ၁၀ ရက်က ၀င်ရောက်တိုက်ခတ်ရာမှာ  လူတစ်ဦး သေဆုံးကြောင်း သိရပါတယ်။

မုန်တိုင်းကြောင့် မက္ကဆီကိုပင်လယ်ကွေ့ကမ်းခြေဧရိယာမှာ လူနေအိမ်တွေနဲ့ လမ်းတွေ ရေကြီးရေလွှမ်းနေပြီး သစ်ပင်တွေလည်း လဲကျကာ လျှပ်စစ်မီးတွေပါ ပြတ်တောက်လျက် ရှိပါတယ်။

တစ်နာရီ မိုင် ၁၅၅ မိုင်နှုန်းနဲ့ တိုက်ခတ်တဲ့ ဒီ ဟာရီကိန်းမုန်တိုင်း မိုက်ကယ်ဟာ ရာစုနှစ်တစ်ခုကျော်မှာ ပြည်နယ်ရဲ့ မြောက်ပိုင်းဧရိယာဆီ တိုက်ခတ်တဲ့ မုန်တိုင်းတွေမှာ အားအပြင်းဆုံးပဲ ဖြစ်တယ်လို့ ဖလော်ရီဒါတာဝန်ရှိသူတွေက ပြောပါတယ်။

ည ရှစ်နာရီဝန်းကျင်မှာတော့ မိုက်ကယ်မုန်တိုင်းဟာ အားပျော့သွားပြီး တစ်နာရီ မိုင် ၉၀ နှုန်းနဲ့ ပြင်းအားအဆင့် တစ်သို့ ရောက်ရှိခဲ့ပေမယ့် လေပြင်းမုန်တိုင်းတွေ ထန်နေတုန်းလည်း ဖြစ်ပါတယ်။

မက္ကဆီကိုကမ်းခြေကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေမှာ အပျက်အစီးတွေကို မြင်တွေ့ရပြီး ရေလွှမ်းနေတဲ့ အိမ်တွေ၊ လမ်းတွေကို မြင်ရကာ အပျက်အစီးအပိုင်းအစတွေ မျောပါနေတာကိုလည်း တွေ့မြင်ရပါတယ်။

မိုက်ကယ်ဟာရီကိန်းမုန်တိုင်းဟာ ၁၈၅၁ ခုနှစ်နောက်ပိုင်း ဖလော်ရီဒါမှာ တိုက်ခတ်တဲ့ မုန်တိုင်းတွေထဲ အားအပြင်းဆုံးနဲ့ အဆိုးဝါးဆုံးဖြစ်တယ်လို့ ဗဟိုအရေးပေါ် စီမံခန့််ခွဲရေးအေဂျင်စီအကြီးအကဲ ဘရော့ခ်လောင်းက အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။