Ballon d’Or ဆုအတွက် မက်ဆီ ပရိသတ်ဆန္ဒမဲ အများဆုံးရရှိခဲ့လို့ အွန်လိုင်းမဲကောက်ခံမှုကို ဖျက်သိမ်းသွားတဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်း

.

(ဓာတ်ပုံ - အီးပီအေ)

ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ ချီးမြှင့်မယ့် ၂၀၁၈ Ballon d’Or ဆုအတွက် ဆန်ခါတင် ၃၀ ဦးစာရင်းကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ပြီးနောက် ဒီဆုကို ဘယ်သူ ထိုက်ထိုက်တန်တန်ရရှိသင့်သလဲဆိုတာနဲ့ ပတ်သက်လို့ ပရိသတ်တွေရဲ့ ဆန္ဒမဲကို သိရှိဖို့ အွန်လိုင်းပေါ်ကတစ်ဆင့် စစ်တမ်းကောက်ခံခဲ့ပါတယ်။

ဒါပေမယ့် ဒီစစ်တမ်း ကောက်ခံပြီး နောက်တစ်ရက်မှာတော့ မက်ဆီက အပြတ်အသတ် ဦးဆောင်နေခဲ့တာကြောင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ၎င်းတို့ ဝက်ဘ်ဆိုက်ကနေ အံ့အားသင့်စွာပဲ မဲပေးကောက်ခံမှုကို ဖျက်သိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

Ballon d’Or ဆုအတွက် နောက်ဆုံး ဆန်ခါတင် ၃၀ ဦးစာရင်းမှာ ဆုရဖို့ ရေပန်းအစားဆုံး ကစားသမားနှစ်ဦးကတော့ မိုဒရစ်နဲ့ စီရော်နယ်လ်ဒိုဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက Ballon d’Or ဆုအတွက် ပရိသတ်တွေရဲ့ ဆန္ဒကို သိရှိလိုတာကြောင့် သူတို့ရဲ့ ဝက်ဘ်ဆိုက်ပေါ်ကနေ ကောက်ခံခဲ့ရာမှာတော့ စုစုပေါင်းမဲပေးမှု ၇၀၀,၀၀၀ ကျော်ရှိလာပြီး  ဒီဆုကို ရရှိသင့်တယ်ဆိုတဲ့ မဲအများဆုံးကိုတော့ မက်ဆီက စုစုပေါင်း ဆန္ဒမဲရဲ့ ၄၈ ရာခိုင်နှုန်းအထိ ရရှိခဲ့တာကြောင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းက အွန်လိုင်းမဲပေးစနစ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်သွားခဲ့တာဖြစ်ပါတယ်။

တခြား မဲရလဒ်တွေကတော့ ဆာလာက မဲ ၃၁ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာ၊ စီရော်နယ်လ်ဒိုက မဲ ၈ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ အသီးသီးရပ်တည်ခဲ့တာကြောင့် ဒီစစ်တမ်းအရ Ballon d’Or ဆုကို မက်ဆီက လက်ခံရရှိဖို့ ဖြစ်နေပါတယ်။

ဒါပေမယ့် အွန်လိုင်းပေါ်က ကောက်ခံတဲ့ ပရိသတ်တွေရဲ့ ဆန္ဒမဲက ဒီဆုပေးရာမှာ အကြုံးဝင်မှာမဟုတ်ဘဲ ဂျာနယ်လစ်တွေကနေ ပေးတဲ့ ဆန္ဒမဲနဲ့သာ ဆုံးဖြတ်ပြီး တရားဝင်ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်။

ဆုပေးပွဲအခမ်းအနားကိုတော့ ဒီဇင်ဘာ ၃ ရက်နေ့ ပဲရစ်မြို့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

တစ်နှစ်တာအကောင်းဆုံးကစားသမားတွေအတွက် Ballon d’Or ဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ၁၉၅၆ ခုနှစ်ကတည်းက ချီးမြှင့်ပေးအပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၈ Ballon d’Or ဆုအတွက် ဆန်ခါတင် ၃၀ ဦးစာရင်း

အဂူရို (ARG / Manchester City)၊ အယ်လီဆန် (BRE / Liverpool)၊ ဂါရတ်ဘေးလ် (GAL / Real Madrid)၊ ဘန်ဇီမာ (FRA / Real Madrid)၊ ကာဗာနီ  (URU / PSG)၊ ကော်တိုရစ် (BEL / Chelsea)၊ စီရော်နယ်လ်ဒို (POR / Juventus Turin)၊ ဒီဘရိုင်း (BEL / Manchester City)၊ ဖာမီနို  (BRE / Liverpool)၊ ဒီယာဂို ဂိုဒင် (URU / Atlético Madrid)၊ ဂရစ်ဇ်မန်း (FRA / Atlético Madrid)၊ ဟာဇက်  (BEL / Chelsea)၊ အစ္စကို (ESP / Real Madrid)၊ ဟာရီကိန်း (ANG / Tottenham)၊ ကွန်တေ (FRA / Chelsea)၊ ဟူဂိုလိုရစ် (FRA / Tottenham)၊ မန်ဇူကစ် (CRO / Juventus Turin)၊ ဆာနေး (SEN / Liverpool)၊ မာဆယ်လို (BRE / Real Madrid)၊ အမ်ဘတ်ပီ (FRA / PSG)၊ မက်ဆီ (ARG / FC Barcelone)၊ လူကာမိုဒရစ် (CRO / Real Madrid)၊ နေမာ (BRE / PSG)၊ အိုဘလက်ခါ (SLO / Atlético Madrid)၊ ပေါလ်ပေါ့ဘာ (FRA / Manchester United)၊ အီဗန် ရာကီတစ် (CRO / FC Barcelone)၊ ဆာလတ် (EGY / Liverpool)၊ ရာမို့စ် (ESP / Real Madrid)၊ ဆွာရက်ဇ် (URU / FC Barcelone)၊ ဗာရန်း (FRA / Real Madrid)

Ref; Mundo deportivo