မြိတ်မြို့၌ လက်လုပ်ရောင်စုံမီးပုံး လုပ်ကိုင်သူ မရှိသလောက်နည်းပါးလာ

.

မြိတ်၊ အောက်တိုဘာလ ၁၀ ။         ။ သီတင်းကျွတ်ကာလအတွင်း ရာသီပေါ်အလုပ်အကိုင်တစ်မျိုး ဖြစ်သော လက်လုပ်ရောင်စုံမီးပုံးများကို မြိတ်တွင် လုပ်ကိုင်သူများ မရှိသလောက် နည်းပါးလာကြောင်း သိရသည်။

ခေတ်နှင့်အညီ ပြောင်းလဲလာသည့် နည်းပညာများကြောင့် လျှပ်စစ်မီးပုံးများနှင့်ရောင်စုံမီးသီးတွဲများ ဒီဇိုင်းမျိုးစုံ ထွက်ရှိလာ၍ ဈေးကွက်အတွင်း လက်လုပ်ရောင်စုံမီးပုံးများကို လုပ်ကိုင်သူတွေ နည်းပါးလာခြင်း ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့၊ ဇေယျာသီရိ ၄ ရပ်ကွက်တွင် လက်လုပ်မီးပုံးများ လုပ်ကိုင်နေသူ ဦးကြည်မြင့်က“ ဒီအလုပ်ကို လုပ်နေတာ ၁၀ နှစ်ကျော် နေပါပြီ၊ ဈေးကွက်ထဲမှာ စိန်ခေါ်မှုတွေ အများကြီးရှိနေပေမယ့် ရိုးရာလည်း မပျက်အောင်၊ ၀ါသနာလည်း ပါလွန်းလို့ ဆက်လုပ်ဖြစ်နေတာပါ ” ဟု ပြောသည်။

လက်မှုပညာတစ်ခုလို လုပ်ကိုင်ရသည့် ရောင်စုံလက်လုပ်မီးပုံးများကို မြိတ်မြို့မှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ရပ်ကွက်အများစုတွင် လုပ်ကိုင်သူများ ရှိကြပြီး၊ လက်ရှိမှာတော့ မိသားစုအနေနဲ့ တစ်ပိုင်တနိုင်လုပ်ကိုင်ကြ သည့် လုပ်ငန်း တစ်ခု၊ နှစ်ခုသာ ကျန်တော့ကြောင်း ယင်းလုပ်ငန်းကို လုပ်ကိုင်သူများထံမှ သိရသည်။

“ မီးပုံးက မြို့ပေါ်မှာ အခုနောက်ပိုင်း ထင်သလောက် မရောင်းရပါဘူး၊ အဓိက ကတော့ လျှပ်စစ်မီး မရှိတဲ့ တောရွာနှင့် နယ်ပိုင်းတွေကိုပဲ မှီခိုပြီး ရောင်းချ နေရတယ်”လို့ ဇနီးဖြစ်သူ ဒေါ်မြ၀င်းက ရှင်းပြသည်။

မြို့ပေါ်တွင် လျှပ်စစ် မီးပုံးနှင့် မီးသီးတွဲများကို အသုံးပြုမှု မြင့်တက်၍ လက်လုပ်မီးပုံးများကို နယ်ဈေးကွက်ကို အဓိကထား မှီခိုနေရကြောင်း သိရသည်။

လက်လုပ်ရောင်စုံမီးပုံးများကို စီးကရက်ဘူးကတ်ထူများကို ပုံစံမျိုးစုံဖြင့် ဖြတ်ညှပ်၍ ပုံဖော် ပြုလုပ်ခြင်း၊ ၀ါးနှီးဖြင့် ပန်းခြင်းနှင့် ဆင်ခြေထုံးများကို ရစ်၍ ရောင်စုံ စက္ကူများနဲ့ ကပ်ပြီး မီးပုံးကို ပုံဖော်ခြင်း ဖြစ်သည်။