ကမ္ဘောဒီးယားတွင် ဝက်နားရွက်ပြာရောဂါ ကျရောက်ဖြစ်ပွား

ကမ္ဘောဒီးယားတွင် ဝက်နားရွက်ပြာရောဂါ ကျရောက်ဖြစ်ပွား

ကမ္ဘောဒီးယားနိုင်ငံမြောက်ပိုင်းတွင် ဝက်နားရွက်ပြာရောဂါ ကျရောက်ဖြစ်ပွားနေ၍ သေဆုံးဝက်ကောင်ရေ ၁၀၀၀ ကျော်ရှိပြီး ထောင်ပေါင်များစွာလည်း ရောဂါဖြစ်ပွားဖျားနာလျက်ရှိကြောင်း အစိုးရတာဝန်ရှိ သူတစ်ဦးက စက်တင်ဘာ ၈ရက်က ပြောသည်။

PRRS ဟုလည်းခေါ်တွင်သည့် မျိုးပွားခြင်းနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ယင်းရောဂါသည် သြဂုတ် ၂၀ ရက်က စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန တိရစ္ဆာန် ကျန်းမာရေးနှင့် ထုတ်လုပ်ရေးဌာန အကြီးအကဲဖြစ်သူ တန်ဖာနာရာက ကျိုတိုသတင်းဌာနသို့ပြောသည်။

စက်တင်ဘာ ၈ ရက်တွင် ရောဂါထပ်မံကူးစက်ခံရသည့် ဝက်ကောင်ရေ ၂၂၃ ကောင်ရှိကြောင်း၊ သို့သော် ရောဂါကူးစက်မှုနှုန်းက ကျဆင်းလာခြင်းကို တွေ့ရသဖြင့် စိုးရိမ်စရာမလိုကြောင်း ၎င်းကပြောခဲ့ သည်။ ရောဂါက ဝက်တစ်ကောင်မှ တစ်ကောင်သို့ ကူးစက်ပျံ့နှံ့သည့် ရောဂါဖြစ်သော်လည်း လူများသို့ ကူးစက်နိုင်ခြင်းမရှိသည့် ရောဂါဖြစ်သည်။

အစိုးရက ပိုးသတ်ဆေးများဖျန်းခြင်း၊ အဆိုပါဖြစ်ပွားရာနယ်မြေများမှ ဝက်များကို တင်ပို့ခွင့်ပိတ်ထားခြင်းနှင့် ရောဂါမရှိသည့် ဝက်များကို သီးသန့်ခွဲထားခြင်းစသဖြင့် လုပ်ထုံးလုပ် နည်းမျိုးစုံသုံးကာရောဂါ ပျံ့နှံ့ဖြစ်ပွားမှု ရပ်တန့်အောင်လုပ်ဆောင်လျက်ရှိကြောင်းလည်း တန်ဖာနာရာက ပြောသည်။

ရောဂါကူးစက်ပါက စပြတတ်သည့် လက္ခဏာများမှာ ကူးစက်ခံရသည့် ဝက်များ၏ အရေပြားနှင့် နားရွက်တို့တွင် အနီစက် အစက်အပြောက်များဖြစ်ပေါ်လာခြင်းဖြစ်ပြီး ကိုယ်အပူချိန်လည်း ၄၀ ဒီဂရီဆဲလ်စီရပ်စ်အထက်တွင် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ref: Bangkok

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required