တနင်္သာရီ ဒေသထွက်ကြိမ်များ မြိတ်သို့ တင်ပို့ရောင်းချသော ဈေးကွက်ရှိလာ

.

မြိတ်၊ အောက်တိုဘာ ၁၀ ။            ။ တနင်္သာရီ မြစ်ဖျားပိုင်းမှ ထွက်ရှိသည့် ကြိမ်များကို  ကုန်ချောအဖြစ် ထုတ်လုပ်နေသည့် မြိတ်သို့ အဓိကထား တင်ပို့ရောင်းချသောဈေးကွက် ရှိလာကြောင်း  ကြိမ်ခုတ်တောင်သူများထံမှ သိရသည်။

“အရင်ကတော့ အ၀ယ်ဒိုင်တွေ မရှိလို့ ဒေသခံတွေ ကြိမ်ခုတ်တာ သိပ်မရှိဘူး၊ အခုမှ တကူရွာက အ၀ယ်ဒိုင်တစ်ဦး ၀ယ်တယ်၊ မြိတ်ကို ပြန်တင်ပို့ နေတယ်လို့ သိရပါတယ်၊ ဒေသခံတွေဆီက ဈေးကောင်းပေးပြီး ၀ယ်နေတာကြောင့် အလုပ်အကိုင် အခွင့်လမ်းတွေ ရနေတယ်”ဟု သီဝရှောက်သီကုန်ကျေးရွာနေ ဦးစောဒယ်နီဝင်းက ပြောသည်။

အဆိုပါ ကြိမ်လုံးများကို အကြီးစား ၅ လုံးစည်းမှာ ၁ လုံးကို ၅၀၀ ကျပ်၊ ၁၀ လုံးစည်းမှာ ၁ လုံးကို ၂၀၀ ကျပ်၊ အငယ်ဆုံးက ၁ လုံးကို ၁၅၀ ကျပ်ဖြင့် အ၀ယ်ဒိုင်မှ ပေးဝယ်ကြောင်း သိရသည်။

ဆင်မကျေးရွာနေ ဦးစောသန်းထွဋ်က“လွန်ခဲ့တဲ့ လေးငါး နှစ်လောက်က ဒီအလုပ်ကို သိပ်မလုပ်ကြပါဘူး၊ ဈေးမရှိပါ။ နောက်ပြီး မြစ်ထဲမှ သယ်ယူရလို့ စရိတ် မကိုက်ကြလို့ ဖြစ်တယ်၊ အခုက ဒိုင်က ရွာအထိ လိုက်လာပြီး ၀ယ်တယ်ဆိုတော့ ဒေသခံတွေ ကြိမ်တွေ ပြန်ခုတ်လာတာပါ”ဟု ပြောသည်။

ကုန်ကြမ်းကြိမ်များမှာ တနင်္သာရီ မြစ်ပိုင်းရှိ သာရဘွင်၊ ကျောက်လုံးကြီးနှင့် သင်္ဘောဦး ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ထွက်ရှိခြင်း ဖြစ်သည်။ 

" ကြိမ်တွေကို ဒေသခံတွေဆီက ၀ယ်ယူတာပါ၊ ဈေးကွက် အနေနဲ့ မြိတ်မှာရှိတဲ့ ကုန်ချော ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို ရှာပြီး တင်ပို့ ရောင်းချတာ ဖြစ်တယ်၊ အရောင်း/ ၀ယ်က ဒီနှစ်မှ စတာ ဖြစ်တယ်”ဟု တနင်္သာရီမြို့နယ် တကူကျေးရွာ၊ တကူရေဆင်ကမ်းနားလမ်းရှိ ကြိမ်အ၀ယ်ဒိုင်မှ ဦးဟုန်လွှမ်းက ပြောသည်။

တနင်္သာရီ မြစ်ဖျားပိုင်းမှ ထွက်ရှိသည့် ကြိမ်များသည် ဒေသခံများမှာ ၀ါးဖောင်ဖြင့် ရေလမ်းခရီးဖြင့် တကူကျေးရွာ အ၀ယ်ဒိုင်သို့ သယ်ယူကာ ဒိုင်မှ တဆင့် မြိတ်ဈေးကွက်ရှိ ကုမ္ပဏီများသို့ တင်ပို့ခြင်း ဖြစ်ပြီး၊ ကုမ္ပဏီများမှ ပရိဘောဂအထည်နှင့် အခြားလုပ်ငန်းများတွင် ကုန်ချောအဖြစ် ပြန်လည် ထုတ်လုပ် ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။