တိုင်းဒေသကြီး ၃ ခုတွင် ဆိုင်ကယ်ဖြင့် ဆွဲကြိုးလုသူတစ်ဦးအား ဖမ်းဆီးရမိ

.

ပခုက္ကူ၊ အောက်တိုဘာလ ၉ ။         ။ မန္တလေးတိုင်းဒေသကြီး ၊စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် ဆိုင်ကယ်စီးနင်းလာသူများထံမှ ရွှေဆွဲကြိုးများ လိုက်လံလုယက်နေသူတစ်ဦးအား ဖမ်းဆီးရရှိထားကြောင်း သိရသည်။

လုယက်သူမှာ မန္တလေးတိုင်း မတ္တရာမြို့နယ်နေထိုင်သူဖြစ်ပြီး မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊မကွေးတိုင်း အတွင်း ရှိ မြို့နယ်များအား ဆိုင်ကယ်ဖြင့် လိုက်လံလုယက်နေသူဖြစ်ကာ ပခုက္ကူတက္ကသိုလ် မြောက်ဘက် မြို့ရှောင်လမ်းဆုံတွင် စက်တင်ဘာလ ၁၂ ရက် နေ့က ဖြစ်ပွားခဲ့သည့် ရွှေဆွဲကြိုး အလုခံရသည့် ဖြစ်စဉ်မှ ကျူးလွန်သူ ဟုလည်း သိရသည်။

"သူတို့က မန္တလေးကနေ ဆင်းလာပြီဆိုကတည်းက လုလာတာ လမ်းကြောင်း တစ်လျှောက် မြို့တွေဖြစ်တဲ့ စစ်ကိုင်းတိုင်းက စစ်ကိုင်း ၊မြင်းမူ၊ ချောင်းဦးမြို့တွေနဲ့ မကွေးတိုင်းက ရေစကြို၊ ပခုက္ကူမြို့တွေ မန္တလေးတိုင်းဘက်က ညောင်ဦး၊ မြင်းခြံ၊ မိတ္ထီလာမြို့တွေမှာ လမ်းပေါ်မှာ ဆိုင်ကယ်စီးလာတဲ့လူတွေကို လိုက်လံလုယက်နေသူတွေပါ "ဟု ပခုက္ကူမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ်သိန်းဌေးက ပြောသည်။

အဆိုပါ လုယက်သူများသည် ဂိုဏ်းပုံသဏ္ဍာန်ဖြင့် အုပ်စုဖွဲ့လှုပ်ရှားနေသူများဖြစ်သည်ဟု သိရသည်။

"ဖမ်းမိတာက မတ္တရာမြို့နယ်ထဲမှာ လုယက်မှုကျူးလွန်ရာကနေ ဖမ်းမိတာပါ။ လက်ရှိအနေနဲ့က မတ္တရာမြို့နယ် ရှမ်းမငယ် နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်"ဟု တာဝန်ရှိသူက ပြောသည်။

ဆက်လက်၍ လုယက်မှုကျူးလွန်ရာတွင် ပါဝင်သည့် ဆက်စပ်တရားခံများ တိမ်းရှောင်နေသည့်အတွက် လိုက်လံစုံစမ်းဖမ်းဆီးနေကြောင်းသိရပြီး  လက်ရှိအနေဖြင့် ဖမ်းဆီးရရှိထားသည့် လုယက်မှုကျူးလွန်သူအား သက်ဆိုင်ရာ ဒေသ အလိုက်ရဲစခန်းများမှ ရာဇသတ်ကြီးပုဒ်မ ၃၈၂အရ အမှုဖွင့်ထားကြောင်း သိရသည်။