လာမယ့်ရာသီမှ စတင်ပြီး Adidas နဲ့ ပေါင်သန်း ၃၀၀ တန်ကြေးရှိ အင်္ကျီစပွန်ဆာ စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီဟု အာဆင်နယ်အသင်း ကြေညာ

.

(ဓာတ်ပုံ - အီးပီအေ)

ပရီးမီးယားလိဂ် ထိပ်သီးကလပ်တစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှစတင်ပြီး Adidas နှင့် အင်္ကျီစပွန်ဆာ စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါသဘောတူညီမှုအရ ဂန်နားတို့ဟာ Adidas ထံကနေ တစ်နှစ်လျှင် ပေါင်သန်း ၆၀ အထိရရှိမှာဖြစ်တာကြောင့် ၅ နှစ်သက်တမ်းရှိ စာချုပ်အတွက် ပေါင်သန်း ၃၀၀ ဝန်းကျင်အထိ ရရှိမှာဖြစ်ပါတယ်။အဆိုပါစာချုပ်ဟာ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစတင်ကာ အသက်ဝင်မှာဖြစ်ပါတယ်။

Adidas နဲ့ သဘောတူညီမှုစာချုပ်သစ်ဟာ ၂၀၁၄ ကတည်းက အာဆင်နယ်အသင်းကို အင်္ကျီစပွန်ဆာပေးထားတဲ့ ဂျာမနီကုမ္ပဏီတစ်ခုဖြစ်တဲ့ Puma နဲ့ စာချုပ်ထက် နှစ်ဆတန်ဖိုး ပိုမိုများပြားတယ်လို့ သိရပါတယ်။။

ဂန်နားတို့ Puma နဲ့ ချုပ်ဆိုထားတဲ့ ၅ နှစ်စာချုပ်ဟာ လာမယ့်နှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း ဆက်လက်သက်တမ်းတိုးခြင်း မပြုလုပ်တော့ပဲ အခုလို Adidas နဲ့ စာချုပ်ချုပ်ဖို့ ဖြစ်လာတာပါ။

ဒါပေမယ့် Adidas ဆီကနေ တစ်နှစ်လျှင် ပေါင် ၇၅ သန်း ရရှိတဲ့ မန်ချက်တာယူနိုက်တက်အသင်းထက်တော့ လျော့နည်းနေဆဲဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဂျာမန်နာမည်ကြီး အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Adidas နှင့် လက်တွဲခဲ့ဖူးပြီး ကလပ်အသင်းရဲ့ သက်တော်ရှည် နည်းပြ အာဆင်ဝင်ဂါး မကိုင်တွယ်ခင် ၂ နှစ်ခန့် ၁၉၉၃-၉၄ ရာသီက လက်တွဲဖြုတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၂၅ နှစ်အကြာမှာ ပထမဆုံးအကြိမ် ပြန်လည်လက်တွဲရန် Adidas နဲ့ သဘောတူညီမှု ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာ Adidas နဲ့ စပွန်ဆာ စာချုပ်သစ် သဘောတူညီရရှိခဲ့တာကြောင့် အသင်းနည်းပြ အူနိုင်းအမ်မရီအနေနဲ့ လာမယ့်ရာသီမှာ ကစားသမားခေါ်ယူမှုများ ပိုမိုပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။

အမ်မရီဟာ အသင်းက ထွက်ခွာသွားတဲ့ ဝင်ဂါးရဲ့ နည်းပြရာထူးရယူအပြီး ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ အသုံးစရိတ်အဖြစ် ပေါင်သန်း ၇၀ သာနဲ့ ကစားသမားခေါ်ယူမှုကို ပြုလုပ်စေခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုစပွန်ဆာကြေး တစ်နှစ် ပေါင်သန်း ၆၀ ရရှိမှာဖြစ်တာကြာင့် ပရီမီးယားလိဂ်မှာ ချယ်လ်ဆီးအသင်းနဲ့အတူ ဒုတိယကြေးအကြီးဆုံး အင်္ကျီစပွန်ဆာစာချုပ်အဖြစ် ရပ်တည်နေနိုင်တော့မှာဖြစ်ပါတယ်။

Ref; Daily Mail

လက်ရှိပရီးမီးယားလိဂ်မှာ ကြေးအကြီးဆုံး အင်္ကျီစပွန်ဆာစာချုပ်များ
ကလပ် အမျှတ်တံဆိပ် တစ်နှစ်တန်ကြေး(ပေါင်) စာချုပ်သက်တမ်း
မန်ယူ adidas ၇၅ သန်း ၂၀၁၅-၂၅
ချယ်လ်ဆီး Nike သန်း ၆၀ ၂၀၁၇-၃၂
အာဆင်နယ် Puma သန်း ၃၀ ၂၀၁၄-၁၉
စပါး  Nike သန်း ၃၀ ၂၀၁၇-
လီဗာပူးလ် Warrior ၂၅ သန်း ၂၀၁၂-၁၈

 

Tags: