စပါးများ မှောင်ခိုတင်ပို့နေမှုကြောင့် ဆန်ချောတင်ပို့မှုကို ထိခိုက်ဟုဆို

.

ရန်ကုန်၊ အောက်တိုဘာ ၇ ။          ။ ပြည်ပသို့ စပါးများ မှောင်ခိုတင်ပို့နေမှုများရှိနေခြင်းကြောင့် ဆန်ချောတင်ပို့မှုကို ထိခိုက်မှုများရှိနေပြီး တိုင်းပြည် အတွက်လည်း အခွန်ငွေများ ဆုံးရှုံးနေ၍ ထိရောက်စွာကာကွယ်ပေးရန် အစိုးရထံ တင်ပြထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင် က ပြောသည်။

"နိုင်ငံတော်ကို မြန်မာနိုင်ငံ၊ ဆန်စပါးအသင်းချုပ်ကနေပြီး တင်ပြတယ်။ စပါး တရားမ၀င် မှောင်ခိုထွက်နေတဲ့အ တွက် ဘယ်လောက်ထွက်လဲဆိုတာလည်း မသိဘူး။   မှောင်ခိုထွက်နေတဲ့အတွက် နိုင်ငံတော်အတွက် အခွန်အခ တွေ လည်းမရဘူး။ စပါးကမှောင်ခိုထွက်နေရင် ဆန်တင်ပို့မှုက လျော့သွားမယ်" ဟု ဦးရဲမင်းအောင် က ပြောသည်။

စပါးကို ပြည်ပသို့ တရားဝင် တင်ပို့ခိုင်းလျှင် ဖြစ်စေ၊ ခွင့်မပြုလျှင်လည်း ထိရောက်စွာ ပိတ်ပင်တားဆီးရန် အစိုးရ ထံ တင်ပြထားခြင်း ဖြစ်သည်။

စပါးမှောင်ခိုတင်ပို့မှုများမှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်စသည့် နယ်စပ်လမ်းကြောင်းများမှ တင်ပို့မှုများရှိနေ ပြီး တရားဝင် ဆန်တင်ပို့မှုများမှာ တရုတ်၊ အာဖရိကနိုင်ငံမျာ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စသော နိုင်ငံ များသို့ တင်ပို့နေကြောင်း သိရသည်။

၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန် ၃.၅သန်းဖြင့် စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး ယခုနှစ် တွင် စပါးမှောင်ခိုတင်ပို့မှုများရှိနေသည့်အတွက် ဆန်တင်ပို့မှုကို တန်ချိန် ၃ သန်းကျော်အောင် စိန်ခေါ်မှုများဖြင့် ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။