ဂုဏ်ထူးဆောင်ဆုတွေ ပြန်ရုပ်သိမ်းခံရမှု အလေးမထားပါကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

.

ဓာတ်ပုံ-မင်းမင်း
 

အောက်တိုဘာ ၇ ။           ။ နိုင်ငံတကာက ချီးမြှင့်ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ်တွေ ပြန်လည်ရုပ်သိမ်းခံရတာနဲ့ပတ်သက်လို့ မိမိဘက်က များစွာ အလေးထားနေခြင်း မရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NHKသတင်းဌာနနဲ့ အင်တာဗျူးတစ်ရပ်မှာ ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ကိစ္စမှာ သူမဘက်က ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဟု ဆိုကာ သူမထံကနေ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကိုပါ ရုပ်သိမ်းဖို့ တောင်းဆိုနေမှုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်သွားခဲ့ပါတယ်။

အောက်တိုဘာ ၆ ရက်က တိုကျိုမှာ NHK နဲ့ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ရာမှာတော့ “ ဒီလို ဆုတွေ၊ ဂုဏ်ထူးဘွဲ့ထူးတွေကို ကျွန်မသိပ်လည်း အလေးမထားသလို မက်လည်း မမက်မောပါဘူး၊ ဒီနေရာမှာ ကျွန်မ စိတ်မကောင်းဖြစ်တာတစ်ခုက ကျွန်မတို့ရဲ့ မိတ်ဆွေတွေဟာ သူတို့ ဖြစ်သင့်တာလောက်တောင် တည်ကြည်ခိုင်မြဲမှု မရှိတာပါပဲ၊ ဘာလို့လဲဆိုတော့ မိတ်ဆွေတွေအကြား ခင်မင်ရင်းနှီးမှုဆိုတာ တစ်ဦးနဲ့တစ်ဦး အကြား အခြေခံကျကျ အပြန်အလှန် နားလည်ပေးရတယ်လို့ ကျွန်မထင်ပါတယ်၊ ကိုယ်ထင်သလို အကဲဖြတ်ပြောဆိုမှုတွေ လုပ်တာထက် တစ်ဖက်သားအပေါ်နားလည်ပေးဖို့ ကြိုးစားဖို့ကသာ အမှန်ဖြစ်တယ်လို့ ထင်ပါတယ်၊ ဆုတွေ ရခဲ့တယ်၊ ပြန် ရုပ်သိမ်းခံရတယ်” ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားခဲ့ပါတယ်။

ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ ပြောဆိုရာမှာလည်း “မြန်မာတစ်နိုင်ငံလုံးက အခြေအနေတောင် မဆိုနဲ့ဦး၊ ရခိုင်ပြည်နယ်တစ်ခုတည်းက အခြေအနေတွေအပေါ်မှာတောင် လုံးဝနားမလည် သဘောမပေါက်သေးတဲ့ သူတွေအများကြီး ရှိနေပါတယ်၊ ဒါပေမယ့် ဒီလိုနေ့တွေမှာ အမြဲတစ်စေ လျင်လျင်မြန်မြန်

ပြင်ဆင်လုပ်ကိုင်ရတာတွေ ရှိပါတယ်၊ ဒါပေမယ့် ဒီကိစ္စမှာတော့ ကျွန်မတို့ အဲဒီလို ခပ်မြန်မြန် ရှင်းအောင် ဖြေရှင်းလို့ မရနိုင်ပါဘူး၊ ဘာလို့ဆိုတော့ ကျွန်မတို့ ရေရှည်မှာ ဖြစ်လာမယ့် အကျိုးဆက်တွေကိုလည်း နိုင်နင်းအောင် ကိုင်တွယ်သွားနိုင်အောင် လုပ်ရဦးမှာဖြစ်ပါတယ်” ဆိုပြီး ပြောသွားပါတယ်။

ဆက်လက်၍လည်း ရိုက်တာသတင်းထောက်နှစ်ဦး ကိစ္စနဲ့ပတ်သက်လို့ သူမက ပြောကြားသွားခဲ့သေးတယ်လို့ သိရပါတယ်။ ယင်းကိစ္စမှာ နိုင်ငံမှာ လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ မြန်မာအနေနဲ့ တရားရုံး လုပ်ထုံးလုပ်နည်းများအတိုင်းလိုက်နာလုပ်ဆောင်နေတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

“ ဒါက တကယ်ပဲလွတ်လပ်စွာ ထုတ်ဖော်ခွင့် ကိစ္စလား ဒါမှမဟုတ် ဒါက ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းတွေလား ဆိုပြီး ကျွန်မတို့ အခြေအနေကို သေချာကြည့်ဖို့လိုပါတယ်၊ ဘာလို့လဲဆိုတော့ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းအောက်မှာတော့သူတို့တွေမှာ တရားရုံးဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ်ခွင့် ရှိပါတယ်၊သူတို့ ဒါနဲ့ပတ်သက်လို့ အယူခံဝင်နိုင်ပါတယ်” လို့ ပြောသွားပါတယ်။

ဆက်လက်၍လည်း မြန်မာနိုင်ငံမှာ သတင်းမီဒီယာလွတ်လပ်ခွင့် အများအပြားရှိနေတယ်လို့ ထင်ကြောင်း သူမက ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးရဲ့ ဖိတ်ကြားချက်အရ (၁၀)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ဖို့နဲ နှစ်နိုင်ငံ ဆွေးနွေးမှုများ ပြုလုပ်ရန် ဂျပန်နိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပါတယ်။