စက်သုံးဆီဈေးတက်နေမှုအပေါ် အစိုးရမှ ဖြေရှင်းပေးမည်

.

(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်၊ အောက်တိုဘာ ၅ ။          ။ မြန်မာနိုင်ငံတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်လာခြင်းအပေါ် ဖြေရှင်းရန် လုပ်ဆောင်နေပြီဟု နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်သူ ဦးဇော်ဌေးက အောက်တိုဘာလ ၅ ရက်တွင် ပြောသည်။

ယနေ့ အောက်တိုဘာ ၅ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်ရှိ သတင်းစာရှင်းလင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောခဲ့ခြင်းဖြစ်သည်။

စက်သုံးဆီကို ပြည်ပမှ ဒေါ်လာဖြင့် တင်သွင်းဝယ်ယူပြီး ပြည်တွင်း၌ မြန်မာကျပ်ငွေဖြင့်ရောင်းချရကာ ၀ယ်ယူရာတွင် ဒေါ်လာဖြင့် ပြန်ဝယ်ရသောကြောင့် ဒေါ်လာဈေးမြင့်တက်မှုတွင် အဆိုပါ ကိစ္စသည် အကြောင်းတစ်ချက်အနေဖြင့် ပါဝင်ကြောင်း ၄င်းကပြောသည်။

“စက်သုံးဆီသမားတွေကြတော့ ဘာလုပ်လဲဆိုတော့ သူတို့ ဈေးနှုန်းမြင့်တက်ခြင်းအပေါ် မူတည်ပြီးတော့ သယ်ယူပို့ဆောင်ရေးစရိတ်က ၁၀ ရာခိုင်နှုန်း မြင့်သွားတယ်။ ပြီးခဲ့တဲ့ အပတ်ကပဲ တရားဝင်သိရတယ် ကျွန်တော်တို့။ ၁၀ ရာခိုင်နှုန်း သူတို့ တိုးပြီးတော့ တောင်းတယ်ဆိုပြီးတော့။ အဲ့ဒီတိုးတောင်းတဲ့အပေါ် မူတည်ပြီးတော့ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တာနဲ့အမျှပေါ့နော်။ ကုန်ဈေးနှုန်း အဲ့ဒါကိုသွားပြီးတော့ သက်ရောက်မှု ရှိတယ်။ ဒီပေါ်မှာလည်း ဘယ်လိုဖြေရှင်းဆောင်ရွက်မလဲပေါ့နော်။ အဲဒါတွေလည်း ကျွန်တော်တို့ လုပ်နေပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ပြည်ပမှ ရင်းနှီးမြှပ်နှံသူလုပ်ငန်းရှင်များကို စွမ်းအင်ဝန်ကြီးဌာနနှင့် ဖက်စပ် လုပ်ဆောင်ခွင့် ပေးထားရာမှ ယခုလက်ရှိအစိုးရလက်ထက်တွင် နိုင်ငံတွင်းတွင် လုပ်ကိုင်လိုပါက ၁၀၀ ရာခိုင်နှုန်း လုပ်ပိုင်ခွင့်ပေးထားသော်လည်း နိုင်ငံတကာမှ စက်သုံးဆီကုမ္ပဏီများမှ လုပ်ကိုင်ရန် အခက်အခဲအချို့ရှိနေကြောင်း ၄င်းကဆက်ပြောသည်။

“အောက်ခြေမှာတော့ တကယ့် လုပ်ပိုင်ခွင့်တော့ပေးလိုက်ပြီ။ ပေးလိုက်တဲ့ အချိန်မှာ ဒီပြည်ပက စက်သုံးဆီနဲ့ ပတ်သက်တဲ့ အဓိကကတော့ ရေနံကုမ္ပဏီကြီးတွေ လာရောက်လုပ်ကိုင်တဲ့အခါမှာ အခက်အခဲလေးတွေ ဘာတွေရှိလဲ။ တချို့ကျွန်တော်တို့ Shell တို့ ဘာတို့ လာသွားပြီပေါ့နော်။ လာသွားပြီးတော့ ဆွေးနွေးတယ်။ သို့သော် တကယ်လုပ်ကိုင်ခြင်းတော့ မရှိသေးဘူးလို့တွေ့ရတယ်။ အဓိကကတော့ မြေပြင်မှာ ဘာတွေလဲ ဆိုတော့ မြေနေရာလိုဟာမျိုးတွေလည်း ပါဝင်ပတ်သက်နိုင်တယ်။ တခြားဟာတွေပေါ့နော်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဒီအစိုးရအနေနဲ့တော့ စွမ်းအင်နဲ့လည်း ကျွန်တော်တို့ ဆွေးနွေးနေတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

ထို့ပြင်စွမ်းအင်ဝန်ကြီးဌာနမှ လူကြီးများကိုလည်း ပြန်လည်စိစစ်မှုများပြုလုပ်နေပြီဖြစ်ကြောင်းလည်း ၄င်းက ဆက်ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ပြည်ပမှ စက်သုံးဆီဝယ်ယူတင်သွင်းရသည့် ငွေပမာဏသည် တစ်လလျှင် အမေရိကန် ဒေါ်လာ ကျပ်သန်း ၄၀၀ ခန့် ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် စက်သုံးဆီဈေးမှာ စံချိန်တင်မြင့်တက်နေပြီး တစ်လီတာ တစ်ထောင် ကျော် ပေါက်ဈေး ရှိနေသည်။ စက်သုံးဆီဈေးနှုန်းကို ဒေါ်လာပေါက်ဈေးကို အခြေခံကာ တွက်ချက်သည်ဟု မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း(MPTA)မှ ပြောဆိုထားသည်။

တစ်ဂါလန်လျှင် ၃၈၀၀ ကျပ်နှုန်းဖြင့် ဓာတ်ဆီဂါလန် နှစ်သန်းကို မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း (MPTA) မှတဆင့် အောက်တိုဘာလအတွင်း ဖြန့်ဖြူးရောင်းချပေးသွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စက်တင်ဘာလ ၂၈ ရက်က ကြေညာထားသည်။