“ ၂၅ ရာခိုင်နှုန်း လျော့ချမလား၊ အခွင့်အရေးတစ်ချို့ စွန့်ခိုင်းမလား ”

“ ၂၅ ရာခိုင်နှုန်း လျော့ချမလား၊ အခွင့်အရေးတစ်ချို့ စွန့်ခိုင်းမလား ”

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့က ရန်ကုန်မှာ အမေရိကန်နိုင်ငံ ဗာဂျီးနီးယား တက္ကသိုလ်က ပါမောက္ခ ဇိုလ်တန်ဘရန်နေး Zoltan Barany ရဲ့ ဒီမိုကရေစီနည်းကျ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးလို့ နာမည်ပေးထားတဲ့ ဟောပြောပွဲတစ်ခု ကျင်းပပါတယ်။ သူဟာ The Soldier and the Changing State: Building Democratic Armies in Africa, Asia, Europe, and the Americas စာအုပ်ကို ပြုစုခဲ့သူဖြစ်ပြီး ပရင်စတန် တက္ကသိုလ်ကနေ ၂၀၁၂ ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။ ဒါ့အပြင် အခြားနိုင်ငံတကာ တပ်မတော်တွေနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေကိုလည်း ပြုစုရေးသား ထုတ်ဝေခဲ့ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကူးအပြောင်း ဆိုင်ရာ ကိစ္စရပ်ကိုလည်း လေ့လာစောင့်ကြည့်နေသူ ဖြစ်ပါတယ်။

ဟောပြောပွဲကိုတော့ တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့နဲ့ မြန်မာ့အရေး လေ့လာရေးစင်တာ (ရန်ကုန်)က ပြုလုပ် ပေးခဲ့တာပါ။ ဟောပြောပွဲအတွင်း သူက မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ ဘက်တော်သားတွေအနေနဲ့ လွှတ်တော်ထဲရောက်နေတဲ့ တပ်မတော်သား အမတ် ၂၅ ရာခိုင် နှုန်းနဲ့ ပတ်သက်ပြီး အပေးအယူလုပ်ဖို့ အာရုံစိုက်သင့်တယ်၊ အမတ် ၂၅ ရာခိုင်နှုန်းနဲ့ ပတ်သက်ရင် တဖြေးဖြေးလျော့နည်းအောင် လျော့ချပြီး နောက်ဆုံး ပျောက်သွားအောင် လုပ်ရ မယ်လို့ ထည့်သွင်း ပြောဆိုသွားပါတယ်။ လွှတ်တော်ထဲမှာ တပ်မတော်သား အမတ်၂၅ ရာခိုင် နှုန်း ရယူထားတာနဲ့ ပတ်သက်ပြီး ဘယ်လို နားလည်ရမလဲ၊ ဘယ်လို ဖြေရှင်းသင့်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

လွှတ်တော်ထဲက အမတ် ၂၅ ရာခိုင်နှုန်းကိစ္စ ပြောမယ်ဆိုရင် သူတို့ ဒီလွှတ်တော်ထဲ ဘယ်လို ရောက်လာတယ်၊ သူတို့ရဲ့ လုပ်ပိုင်ခွင့်က ဘာတွေရှိတယ် စတာတွေကို သိမှ အဲဒီပြ ဿနာ ဖြေရှင်းနိုင်ပါ လိမ့်မယ်။ ပြောရရင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ခန့်အပ်မှုနဲ့ လွှတ်တော်ထဲ ရောက် လာတာပါ။ ဒါကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သြဇာအာဏာလို့ ပြောနိုင်ပေမယ့် မြန်မာ့တပ်မတော်ရဲ့ ထူးခြားချက်အရ တပ်ချုပ်တစ်ယောက်တည်းရဲ့ သဘောဆန္ဒတွေချည်းပဲ သက်သက်တော့ မဟုတ်ပါဘူး။ တပ်မတော်ကို ကိုယ်စားပြုပြီး တပ်ချုပ်က ရယူထားတဲ့ သြဇာ အာဏာလို့ ပြောရင် ပိုမှန်နိုင်ပါတယ်။

အဲဒီ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားတွေဟာ လွှတ်တော်ထဲမှာ အဓိက အရေး ကြီးအလုပ် ၂ ခု လုပ်နိုင်ပါတယ်။ နိုင်ငံရဲ့ အထွဋ်အထိပ်၊ အစိုးရအဖွဲ့ခေါင်းဆောင်လို့ ဆိုနိုင်တဲ့ သမ္မတ ရွေးချယ် တင်မြှောက်ရာမှာ မဲပေးနိုင်ခြင်း၊ ဥပဒေပြုရာမှာ ပါဝင်ခြင်းနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရာမှာ သဘောထားဆန္ဒ ပေးခြင်းပါ။

ဒီအတွက် အရေးအကြီးဆုံးလို့ ဆိုနိုင်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ပါဝင်တဲ့ ကဏ္ဍကို အရင် ကြည့်ရအောင်။ ဖွဲ့စည်းပုံပါ ပြဌာန်းချက်အရ ဖွဲ့စည်းပုံကို ပြင်ချင်ရင် ပြည်ထောင်စု လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်လို့ရမယ်လို့ ဆိုထားပါတယ်။ အဓိ ပ္ပါယ်ကတော့ တပ်မတော်သားအမတ်တွေ သဘောမတူရင် မပြင်နိုင်ဘူးလို့ ဆိုတာပါ။ ဒီအ တွက် လွှတ်တော်ထဲ ထည့်သွင်းထားတဲ့ တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်းကို ရာခိုင်နှုန်း တစ်ခုခု (ဥပမာ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း) လျော့ချလိုက်မယ် ဆိုရင်တောင် တပ်မတော် ဘက်က မူလရည်မှန်းထားတဲ့ ရည်မှန်းချက် ပျက်ပြယ် သွားပါလိမ့်မယ်။

တပ်မတော်က သဘောမတူသည့်တိုင် ရွေးကောက်ခံတွေ သိပ်ညီညွတ်နေရင် ဖွဲ့စည်းပုံထဲက လိုရာပြဌာန်း ချက်တွေကို ပြင်နိုင်သွားပါလိမ့်မယ်။ ဒီအတွက် တပ်မတော်ခေါင်းဆောင်တွေနဲ့ တပ်မတော် ဘက်က နိုင်ငံတကာပုံစံ ရွေးကောက်ခံအစိုးရ လက်အောက်နေဖို့ အခြေအနေ မရောက်သေး သမျှ တပ်မတော်သားအမတ် ရာခိုင်နှုန်း တစ်ခုလျော့ချရေး၊ တဖြေးဖြေး လျော့ချရေး ဆိုတာ မဖြစ်နိုင်ပါဘူး။
တပ်မတော်သား အမတ်တွေ နောက်ထပ်လုပ်ရတဲ့ အရေးကြီးအလုပ်ကတော့ သမ္မတ တစ်ယောက် ရွေးချယ်ရာမှာ မဲပေးတာပါ။ ဖွဲ့စည်းပုံအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဟာ အခွင့်ထူးပေါင်းများစွာ ရထားတဲ့တိုင် ဒီအခွင့်အရေးကိုပါ ထပ်ဆင့် ပေးလိုက်ခြင်းအားဖြင့် တစ်တိုင်းပြည်လုံးကို စိုးမိုးအုပ်ချုပ်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အခွင့်အလမ်း ပေးလိုက်ရာ ရောက်ပါတယ်။

ကျန်တပ်မတော် ထိပ်တန်း ခေါင်းဆောင်တွေကိုလည်း ဝန်ကြီး ဝန်ကလေး ရာထူးတွေ ရနိုင်တယ်ဆိုပြီး လမ်းခင်းပေးရာလည်း ရောက်စေပါတယ်။ ဒီအခါ တပ်ချုပ်နဲ့ တပ်မတော် ခေါင်းဆောင်တွေဟာ ဖွဲ့စည်းပုံထဲက ရထားပြီးသား များပြားလှတဲ့ အခွင့်ထူး တွေအပြင် အစိုးရအာဏာရဖို့ ကြိုးစားလာမှာ ဖြစ်တာကြောင့် တိုင်းပြည်ဟာ စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ဖို့ မလွယ်ကူတော့ပါဘူး။ ဒီအချက်ဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းရာ လမ်းကြောင်းကို ကြီးစွာသော အဟန့်အတား အနှောင့်အယှက်ဖြစ်စေမှာ ဖြစ်ပါတယ်။ အခုလည်း အဟန့်အတား အနှောင့်အယှက် ဖြစ်စေ တာ တွေ့နိုင်ပါတယ်။

ဒီအတွက် လွှတ်တော်ထဲက တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်းကို ရုပ်သိမ်းဖို့ မလိုပါဘူး။ ပုဒ်မ ၆၀ အရ သမ္မတတစ်ယောက် ရွေးကောက်တင်မြှောက်ရာမှာ တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်းက မဲပေးခွင့်ရနေတဲ့ အခွင့်အရေးကို စွန့်လွှတ်ဖို့ တပ်မ တော်ခေါင်းဆောင်တွေကို စည်းရုံးဖို့ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံထဲက ပုဒ်မ ၆၀ ကို ပြင်ပေးဖို့ပဲ ဖြစ်ပါတယ်။

အလားတူ တပ်မတော်သား အမတ်တွေ နောက်ထပ်ရတဲ့ လုပ်ပိုင်ခွင့်ကတော့ ဥပ ဒေပြဌာန်းရာမှာ ပါဝင်ခွင့် ရနေခြင်းပါ။ ဒီအချက်ကြောင့် ရွေးကောက်ခံအမတ်တွေ ဥပဒေ ပြုရာမှာ အနှောင့်အယှက် အဟန့်အတားရှိတာ သိပ်မတွေ့ရသေးပေမယ့်၊ ဒါကလည်း သိပ်ပြီး ကောင်းတဲ့ ပုံစံတစ်ခုတော့ မဟုတ်ပါဘူး။ ဒီပြဿနာကို ဆွေးနွေးတိုင်ပင်ကြပြီး နောင် ဥပဒေ ပြုရာမှာ တပ်မတော်သားအမတ်တွေ ပါဝင်ခွင့်ကို ကန့်သတ်လို့ ရပါတယ်။ ဘယ်လို ဥပဒေမျိုး ပြဌာန်းရာမှာ ဆွေးနွေးခွင့်၊ မဲပေးပိုင်ခွင့်ရှိတယ်၊ ဘယ်လို ဥပဒေမျိုး ပြဌာန်းရာမှာ ဆွေးနွေး ခွင့်ပဲ ရှိမယ်၊ မဲပေးပိုင်ခွင့် မရှိစေရဆိုတာမျိုး ဖြစ်ပါတယ်။ ဒီအတွက်လည်း တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်းကို မလျော့ချပဲ ဖြေရှင်းလို့ရပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် မြန်မာနိုင်ငံမှာ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ကောင်းမွန်ဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ချောမွေ့ဖို့ဆိုရင် လွှတ်တော်ထဲ ထည့်ထားတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်း လျော့ချရေး၊ တဖြေးဖြေး လျော့ချရေးဆိုတာထက် သူတို့လုပ် ပိုင်ခွင့်တွေကို တစ်ခုချင်း စိစစ်၊ ဆွေးနွေးညှိနှိုင်း စွန့်လွှတ်စေတဲ့ နည်းက ပိုမိုကောင်းမွန် သင့်တော်ပါကြောင်း သုံးသပ် တင်ပြလိုက် ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required