အင်းစိန်တွင် ဆရာဝန်ကို ဓားဖြင့်ထိုးသတ်ခဲ့သူက လာအဖမ်းခံ၊ ရန်ငြိုးကြောင့် သတ်ခြင်းဟု ထွက်ဆို

.

အောက်တိုဘာ ၅ ။           ။ အင်းစိန်မြို့နယ်တွင် ဆရာဝန်တစ်ဦးကို သတ်ခဲ့သည်ဟု ယူဆရသူက အောက်တိုဘာလ ၄ ရက်နေ့ညတွင် ကိုယ်တိုင် လာရောက်အဖမ်းခံခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၆ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံလမ်း ရှိ-----ဆေးကုခန်းတွင်ဒေါက်တာ ထွန်းလွင်၊(၇၁)နှစ်၊ ပေါက်တာရပ်ကွက်၊ အင်းစိန်မြို့နယ် နေသူမှာ ဓားထိုးခံခဲ့ရခြင်း ဖြစ်သည်။ဝဲဘက်လည်ပင်းထိုးသွင်းဒဏ်ရာဖြင့် ဒဏ်ရာရရှိသူ ဒေါက်တာ ထွန်းလွင်ကို အင်းစိန်ဆေးရုံ အမျိုးသား ခွဲစိတ်ဆောင်တွင် အတွင်းလူနာအဖြစ် ပို့ဆောင်ခဲ့သော်လည်း ရရှိသောဒဏ်ရာ များဖြင့် အောက်တိုဘာလ ၄ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် သေဆုံးသွားခဲ့သည်။

ဆေးခန်းအကူဖြစ်သူ မ-------- ၏ ပြောပြချက်အရ ၁၈း၁၅ အချိန်တွင် ဒေါက်တာ ထွန်းလွင် နှင့် မ-------တို့ အတူရှိနေစဉ် အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံ(၁)လမ်းနေ ဘိုဘို(ခ)လွင်ဘိုဘိုကျော်(၃၃)နှစ် ဆိုသူက ဆေးခန်းအတွင်း ၀င်ရောက်ပြီး ဆေးကုသနေသော ဆရာဝန်အား ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခြင်း ဖြစ်သည်။

ပြစ်မှုကျူးလွန်သူ ဘိုဘို(ခ)လွင်ဘိုဘိုကျော် အားစစ်ဆေးခဲ့ရာ ၎င်းနှင့်သေဆုံးသူသည် ယခင်က စကားများရန် ဖြစ်သည့် ကိစ္စနှင့်ပတ်သက်၍ အမှုဖွင့် တရားစွဲဆိုသောကြောင့် ပြစ်မှုကျူးလွန်သူမှ ထောင်(၁)လ ကျခဲ့ဖူးပြီး ထိုရန်ငြိုးကြောင့် ယခုကဲ့သို့ သေဆုံးသူအား ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်၊ (က/၃)လမ်းနေ ဦး------က အစ်ကိုဖြစ်သူ ဒေါက်တာထွန်းလွင်အား ဓားဖြင့် ထိုးသွားသူအား အရေးယူပေးပါရန် တိုင်ကြားသဖြင့် အင်းစိန်မြို့မရဲစခန်း(ပ)၂၀၄၄/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုရေးဖွင့်ထားသည်။