၎င်းကို မသတ်လိုက်ပါနှင့် ဆိုပြီး အစိုးရအား အသနားခံသွားသည့် ပီရူးသမ္မတဟောင်း ဖူဂျီမိုရီ

.

အောက်တိုဘာ ၅ ။              ။ အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတို့နဲ့ ထောင်ဒဏ်ကျခံခဲ့ရပြီးနောက် ယမန်နှစ်ကမှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိထားခဲ့တဲ့ သမ္မတဟောင်း အယ်လ်ဘာတို ဖူဂျီမိုရီကို ယခုအခါ အားချင်း ပြန်လည်ဖမ်းဆီးဖို့ ပီရူးအာဏာပိုင်တို့က အမိန့်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။

ယမန်နှစ်တုန်းက ၎င်းအပေါ် အစိုးရလွတ်ငြိမ်းချမ်းသာခွင့်ပြုထားမှုကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်ကပဲ ပီရူး အထက်တရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦးက   ပြန်လည်ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။

ယင်းတရားရုံး ကြေညာချက်ထွက်ရှိပြီးပြီးချင်းမှာပဲ ပီရူး အာဏာရှင် သမ္မတဟောင်းကို ၎င်းရဲ့ နေအိမ်ကနေတဆင့် လူနာတင်ယာဉ်တစ်စီးနဲ့ ပြည်တွင်းက ဆေးရုံတစ်ရုံကို လွှဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ယခုလို တရားရုံးဆုံးဖြတ်ချက်ကြောင့် ၎င်းအနေနဲ့ တစ်ကျော့ပြန် အကျဉ်းချခံရဖို့ ရှိနေပြီဖြစ်ပါတယ်။

အောက်တိုဘာ ၄ ရက်မှာတော့ သမ္မတဟောင်း ဖူဂျီမိုရီ က ဆေးရုံပေါ်ကနေပဲ ၎င်းအား ငဲ့ညာထောက်ထားဖို့ အစိုးရကို အသနားခံသွားခဲ့တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

၎င်းအနေနဲ့ အကျဉ်းထောင်ထဲ ပြန်သွားရမယ်ဆိုရင် ဒါဟာ ၎င်းကို သေဒဏ်ပေးလိုက်ခြင်းသာ ဖြစ်တယ်လို့ အသက် ၈၀ နှစ်ရှိ ဖူဂျီမိုရီက သမ္မတ မာတင် ဗစ်ဇ်ကာရာ နဲ့ တရားစီရင်ရေး အဖွဲ့တို့ကို အသနားခံ တောင်းပန်သွားခဲ့ပါတယ်။

" ကျေးဇူးပြုပြီး ကျုပ်ကို မသတ်လိုက်ပါနဲ့ဗျာ၊ တကယ်လို့ ကျုပ် ထောင်ထဲသာ ပြန်သွားရမယ်ဆိုရင် ကျုပ် နှလုံးက ကောင်းကောင်း အလုပ်လုပ်တော့မှာမဟုတ်ပါဘူး၊ ကျေးဇူးပြု၍ သေဒဏ်တော့ မပေးပါနဲ့ဗျာ၊ ကျုပ်ဘက်က ပြန်ပေးစရာလည်း ဘာမှ မရှိတော့ပါဘူး" ဆိုပြီး ၎င်းက တောင်းပန်ထားခဲ့ပါတယ်။

မစ္စတာ ဖူဂျီမိုရီကတော့ ပီရူးသမ္မတအဖြစ် ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၀ အထိ တာဝန်ထမ်းခဲ့သူဖြစ်ပြီး ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာတော့ ခြစားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုဖြင့် အကျဉ်းကျခံခဲ့ရသူ ဖြစ်ပါတယ်။

Tags: