သမ္မတ နှင့် တိုင်းရင်းသားခေါင်းဆောင်များ အပစ်ရပ်စာချုပ်ကို ဆွေးနွေးမည်မဟုတ်

သမ္မတ နှင့် တိုင်းရင်းသားခေါင်းဆောင်များ အပစ်ရပ်စာချုပ်ကို ဆွေးနွေးမည်မဟုတ်

နေပြည်တော်၊ စက်တင်ဘာ ၈ ။ ။ သမ္မတ နှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်းများ စက်တင်ဘာ ၉ရက်တွင် တွေ့ဆုံဆွေးနွေးရာတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA)ပေါ် အဓိကထား ဆွေးနွေးမည်မဟုတ်ဘဲ NCAပြီးပါက ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကိစ္စ ဆွေးနွေးမည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက စက်တင်ဘာ ၈ရက်က မီဒီယာများကို ပြောသည်။

"အခု ဆွေးနွေးတာတွေ အားလုံးက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA text) ပေါ်ကို ဆွေးနွေးဖို့မဟုတ်ဘဲနဲ့ NCA text မှာ ပါတဲ့ ဟာကို လက်မှတ်ရေးထိုးပြီးရင် ဘယ်လို ဆောင်ရွက်မလဲလို့ လက်မှတ်ရေးထိုးတဲ့ အထဲမှာ တိုင်းရင်းသားတွေဘက်က အဆိုပြုထားတဲ့ ကိစ္စရပ်တွေကို ဝန်ကြီးက ဘာကိုပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ပြောဖို့ လမ်းဖွင့်ပေးထားတဲ့ အခါကြတော့ နွေးနွေးထွေးထွေး ဆွေးနွေးနိုင်မှာပါ”ဟု ဦးလှမောင်ရွှေက ပြောသည်။

စက်တင်ဘာ ၉ရက်တွင် သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင်ကြီးများ နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် ၉ဦးတို့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC 2) တွင် တွေ့ဆုံမည်ဖြစ်သည်။

ယင်းတွေ့ဆုံပွဲတွင် သမ္မတ နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပါဝင်ဆွေးနွေးရန် ကနဦး လျာထားသော်လည်း လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အစ္စရေးနိုင်ငံသို့ ရောက်ရှိနေသည်။

ယခုဆွေးနွေးပွဲသည် အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေးအတွက် တိုင်းရင်းသားများဘက်က ကိုင်စွဲထားသည့် အားလုံးပါဝင်ရေးမူအတွက် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့ နှင့် ဆွေးနွေးညှိနှိုင်းရန် တိုင်းရင်းသားများဘက်က လျာထားထားခြင်းလည်းဖြစ်သည်။

သမ္မတ နှင့် ဆွေးနွေးရာတွင် တိုင်းရင်းသားများ လက်ခံထားသည့် အားလုံးပါဝင်ရေးမူအတွက် အလားအလာ ကောင်းနိုင်ဖွယ် ရှိမရှိကို NCCT ခေါင်းဆောင် ဖဒိုကွယ်ထူးဝင်းကို မီဒီယာများက မေးမြန်းရာ "မနက်ဖြန် သမ္မတဖြေမှပဲ ကျွန်တော်တို့ သိရမှာပါ"ဟု ဖြေကြားခဲ့သည်။

SD ဒုတိယအဖွဲ့ခေါင်းဆောင် (၂) ပူးဇင်ကျုံးကတော့ "သမ္မတကြီးနဲ့ တွေ့ဆုံရာမှာတော့ ကျွန်တော်တို့ တစ်စုံတစ်ရာတော့ မျှော်လင့်ထားပါတယ်"ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

စက်တင်ဘာ ၉ရက်တွင် KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လနှင့် အတွင်းရေးမှူး ဒေါက်တာ လဂျာတို့ အပါအဝင် ကိုယ်စားလှယ် ၅ ဦးနှင့် အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ် အဖွဲ့မှ ခေါင်းဆောင် ၃ ဦး၊ NCCCT ခေါင်းဆာင် (၁)ဦး တို့က သမ္မတ နှင့် ဆွေးနွေးကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required