ဦးဖြိုးဇေယျာသော် ဖွဲ့စည်းပုံပြင်ရေးမပြီးပြတ်သေး၍ အမတ်ဆက်လုပ်ချင်သေး

ဦးဖြိုးဇေယျာသော် ဖွဲ့စည်းပုံပြင်ရေးမပြီးပြတ်သေး၍ အမတ်ဆက်လုပ်ချင်သေး

ရန်ကုန်၊ စက်တင်ဘာ ၈ ။ ။ လွှတ်တော်ထဲတွင် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ အပါအဝင် လွှတ်တော်လုပ်ငန်းများ မပြီးဆုံးသေး၍ ပြည်သူကခိုင်းစေသည့်အလုပ်များကို ဆက်၍လုပ်ချင်သေးကြောင်း လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ကပြောကြားသည်။

“အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်တွေပေါ့ဗျာ။ ကိုယ်လိုချင်လောက်တဲ့ အတိုင်းအတာတစ်ခု ရောက်အောင် ပြည်သူတွေ လက်မခံနိုင်လောက်တဲ့ ပုဒ်မတွေ ပြင်ဆင်လို့ရအောင် ကျွန်တော်တို့ ဘယ်လောက်ပဲ ကြိုးစားခဲ့ ကြိုးစားခဲ့ လုံလောက်တဲ့မဲဆန္ဒ လုံလောက်တဲ့ မဲအရေအတွက် မရခဲ့တဲ့အတွက် ကျွန်တော်တို့ အလုပ်တွေ မပြီးဆုံးသေးဘူးလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့က ဆက်လက်တိုက်ပွဲဝင်ရဦးမှာ။ လွှတ်တော်ထဲမှာ ဆက်ပြီး လုပ်စရာရှိတဲ့အလုပ်တွေကို ရင်ဆိုင် ဖြေရှင်း ကျော်လွှားသွားနေရဦးမှာပါ။ အဲ့ဒီအတွက်ကြောင့်မို့လို့ ပြည်သူ့ရဲ့ ခိုင်းစေတဲ့ အလုပ်တွေကို ဆက်ပြီးလုပ်ချင်သေးတယ်”ဟု စက်တင်ဘာ ၈ရက်က ဇမ္မူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်တွင် မဲဆွယ်ဟောပြောခဲ့သည်။

၂၀၁၀ခုနှစ်တွင် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးဆိုသည့် ရည်ရွယ်ချက် သုံးချက်ဖြင့် လွှတ်တော်တွင်းသို့ ဝင်ရောက်ခဲ့သည်။

လက်ရှိတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ၁၂ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် မဲခွဲဆုံးဖြတ်ရာ သမ္မတဖြစ်ခွင့် အရည်အချင်းကန့်သတ်ချက်တွင် ပါဝင်သည့် အရေးကြီး ပုဒ်မတစ်ခုဖြစ်သည့် ၅၉(စ) (ဃ) စစ်ရေး အမြင် ရှိရမည် ဆိုသည့် အစား ကာကွယ်ရေးအမြင် ဟူ၍ ပြောင်းလဲသည့်ပုဒ်မတစ်ခုသာ ပြင်ဆင်နိုင်ခဲ့သည်။

မြန်မာနိုငံတွင် ၁၉၆၂ခုနှစ်ကတည်းက စခဲ့သည့် အကျင့်ပျက်ခြစားမှုများ၊ ကိုယ်ကျိုးရှာမှုများသည် စုံပုံနေကြောင်းနှင့် သစ်ဆွေးတစ်ခုကဲ့သို့ ဆွေးမြေ့နေကြောင်းလည်းပြောကြားခဲ့သည်။            
 “အဲ့လိုပဲ ဆွေးမြေ့နေတဲ့ဟာကို ကျွန်တော်တို့လိုချင်တဲ့ပန်းပုရုပ်တစ်ခု ထုလုပ်နိုင်မှာမဟုတ်ဘူး။ အဲ့ လိုပဲဆွေးမြေ့နေရဲ့သားနဲ့ ဆွေးမြေ့နေမှန်းလည်း သိသိကြီးနဲ့ ဒီလို ဆွေးမြေ့နေတဲ့ဟာကို အထောက်အပံ့ လုပ်ခြင်း အားဖြင့် အဲ့လိုမျိုးဆွေးမြေ့နေတဲ့ပုဂ္ဂိုလ်တွေကို မဲပေးခြင်းအားဖြင့်  ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင် ရောက်လာမှာ မဟုတ်ဘူး။ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီစနစ်ကြီး ပေါ်ပေါက်လာမှာ မဟုတ်ဘူး ” ဟု ဇမ္မူသီရိမြို့နယ် ရွှေကြားပင်ရပ်ကွက်ရှိမဲဆန္ဒရှင်ပြည်သူများကို ပြောကြားခဲ့သည်။                                            
လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုပ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်သည် ယခု ၂၀၁၅ရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္မူသီရိမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် နေရာအတွက် ဇမ္မူသီရိမြို့နယ်တွင် ပြည်ခိုဖြိုးပါတီမှ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးမြတ်ဟိန်း၊ တ.စ.ည ပါတီမှ ဦးကျော်အေး၊ NDF ပါတီမှ ဦးအောင်ခိုင်မိုးတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly